Thursday, January 15, 2009

တောသား မြို့ရောက်---

စင်္ကာပူကိုရောက်တာ သုံးရက်ရှိပြီ၊ post တွေလည်း ထွေထွေထူးထူး မတင်ဖြစ်ခဲ့ဘူး။ ဟိုဟို ဒီဒီ သွားဖို့ ကလည်း အဖေါ်မရှိတော့ မထွက်ဖြစ်ခဲ့ဘူး။ မြင်မြင်ကရာကို မှတ်တမ်းတင်ချင်ပေမယ့်လည်း လက်ထဲ ကင်မရာ က မရှိလေတော့ မနေတက်ဘူးဖြစ်နေတယ်။ ဒီနေ့တော့ Shopping ထွက်မယ်လို့ စိတ်ကူးပြီး ဘယ်သူမှ လိုက်မပို့ချင် နေတော့ဆိုပြီး တစ်ယောက်ထဲ ထွက်လာခဲ့တယ်၊
စင်္ကာပူမှာ ကင်မရာတို့ ဟန်းဖုန်းတို့ သူများသုံးပြီးသား အကျ ဈေးပေါပေါနဲ့ ရတဲ့နေရာ တစ်နေရာ ရှိတယ်၊ Mustafa(မူစတာဖာ)ဆိုတဲ့ စင်တာ တစ်ခုပါ၊ ဦးဇင်းနေတဲ့နေရာနဲ့ဆိုရင် အတော် ဝေးပါတယ်၊ ကံကောင်းချင်တော့ အဲဒီနေ့ ညီလေးက အလုပ် အားတာနဲ့ အဖေါ်ရသွားခဲ့တယ်၊ ဒါနဲ့ MRT (မြေအောက်ရထား)ခ ပိုက်ဆံဖြည့်ပြီး ထွက်ခဲ့ကြတယ်၊ လိုက်ပို့တဲ့သူကလည်း အဲဒီနေရာကို မရောက်ဘူး ပါဘူး။ ဒီလိုနဲ့ အူလည်လည် တောသား မြို့တက်သလိုပေါ့၊ ထွက်ခဲ့ကြတယ်။ ညနေ လေးနာရီလောက် ကတည်းက ထွက်ခဲ့တာ ခြောက်နာရီခွဲနေပါပြီ၊ အခုထက်ထိ အဲဒီစင်တာ အကြီးကြီးကို မတွေ့ပါဘူး၊ နောက်တော့ ဟိုမေး ဒီမေးနဲ့ပဲ ကံကောင်းစွာ မျက်စေ့လည်ပြီးရောက်သွားတယ်၊ တွေ့တော့လည်း ကိုယ်တွေ လိုချင်တဲ့ဈေးပေါတဲ့ဆိုင် မတွေ့ပါခဲ့ဘူးလေ။ ဒီလိုနဲ့ အောင်မြင်စွာ ဘာမှ မ၀ယ်ခဲ့ပဲ ပြန်လှည့်ခဲ့ကြတယ်၊
လိုချင်တဲ့အရာကို ငယ်ငယ်ကလေးတည်းက ရအောင် ယူတက်တဲ့ အကျင့် ရှိခဲ့တယ်၊ ကြုံတုံး စပ်မိလို့ ကိုယ့်အကြောင်း ကိုယ်ဖေါ်ရအုံးမယ်၊ ရှစ်နှစ်သားအရွယ်က ဖြစ်မယ်၊ ကျောင်းတက်နေတုံးပေါ့။ ဆရာမက ရှေ့မှာ စာသင်နေတဲ့အချိန်၊ သူငယ်ချင်းသုံးယောက်နဲ့ ဦးဇင်းတို့ နောက်မှာ မုန့်ခိုးစားနေခဲ့တာပါ၊ ဆရာမက သိသွားရော -- ကြိမ်လုံးနဲ့ သုံးချက်စီ အဆော်ခံရခဲ့တယ်၊ မုန့်တွေလည်း အသိမ်းခံခဲ့ရတယ်၊ စားလို့မှ အာသာ မပြေသေးတဲ့အချိန်၊ အရိုက်လဲ ခံရ ဆိုတော့ အတော့ကို ဒေါသ ထွက်ခဲ့ပါတယ်၊ အဲဒီမုန့်ကိုလည်း ပြန်ရအောင် ယူမယ်လို့ စိတ်ကူးခဲ့တယ်၊ အတန်းချိန်ပြီးသွားတော့ သေသေချာချာ လက်ပိုက်ပြီး မတ်တက်ရပ်၊ တစ်တန်းလုံးကြားအောင် အကျယ်ကြီး အော်ပြောလိုက်တယ်၊ ငိုသံလည်း ပါလို့ပေါ့၊ (ဆရာမကြီးကို လမ်းထဲက အစ်ကိုကြီးတစ်ယောက်က အမြဲ နှာဘူးကျပါတယ်) လို့၊ အဲဒီအချိန် မှတ်မိတာ တစ်ခုကတော့ ဆရာမလည်း အတော်ကို ရှက်သွားပါလိမ့်မယ်။ ဦးဇင်းလည်း ကလေးဆိုတော့ ဘာမှ မစဉ်းစားမိခဲ့ဘူးလေ၊ ကိုယ့်ကို ရိုက်ခဲ့တယ်၊ မုန့်လည်း သိမ်းသွားတော့ ဘာမှ မစဉ်းစားတော့ဘူးပေါ့၊ အဲဒီနေ့က စပြီး အဲဒီဆရာမ ကျောင်းနှစ်ရက် ပျက်တယ်၊ သိမ်းသွားတဲ့မုန့်လည်း အတန်းပြီးတာနဲ့ ယူမသွားပဲ ထားခဲ့တယ်၊ နောက်လည်း ဘယ်တော့မှ မဆူရဲတော့ဘူး၊ အိမ်ချင်းကလည်း နီးနေတော့ သူ့အကြောင်းတွေ ပေါ်မှာဆိုးလို့ ထင်ပါရဲ့။
စကားစပ်မိလို့ပါ။ ဒီလိုနဲ့ နောက်တစ်နေ့ အဲဒီ စင်တာကို တစ်ယောက်ထဲပြန်သွားခဲ့တယ်၊ ဒီတစ်ခါတော့ ရထားနဲ့ မဟုတ်ပဲ၊ ကားစီးသွားခဲ့တယ်၊ ရထားစီးရင် မစီးတက်ကာစတော့ နဲနဲ ခတ်မယ်၊မျက်စေ့ လည်မယ်၊ နောက်ပိုင်း မြေပုံကြည့်တက်သွားရင် လွယ်ပါတယ်၊ စီးနေကျလည်း ဖြစ်တော့ သိပ်အခတ်အခဲ မဖြစ်ဘူးပေါ့၊ ဒီနေ့တော့ တစ်ခေါက်ပဲရောက်ဖူးတဲ့ နေရာကို တစ်ခါမှ မစီးဘူးတဲ့ bus car နဲ့ သွားမှာပါ။ ရထားက မှတ်တိုင်ရောက်ရင် အော်တို သတိပေးပါတယ်၊ ကားကတော့ သတိမပေးဘူး၊ ကိုယ့်မှတ်တိုင် ကိုယ့်ဘာသာ ဆင်းရတယ်၊ အဲဒါ ပြဿနာပဲ။ ဘယ်မှတ်တိုင် ဆင်းရမယ် မသိဘူးလေ။ ဒီလိုနဲ့ ဝေးလှတဲ့ခရီးကို အေးအေးဆေးဆေး မစီးခဲ့ရဘူး။ ဘေးနားက လမ်းနာမည်တွေကို လိုက်ပြီးကြည့်နေရတယ်၊ ကိုယ်သွားချင်တဲ့နေရာ ကျော်သွားမှာစိုးလို့။ ကံကောင်းစွာပဲ ဘေးမှာ ကုလားနှစ်ယောက် ပါလာခဲ့တယ်၊ ဖုန်းဖြေသံကိုကြားရတော့ အားတက်မိတယ်၊ ကုလားလိုတော့ နားမလည် ပါဘူး၊ ဒါပေမယ့် တစ်လုံးတော့ သိတယ်လေ၊ မူစတာဖာ တဲ့၊ ဒါဆို သူတို့ပြောနေတာ အဲဒီကို သွားမယ်ပေါ့၊ ဒီလိုပဲ မှတ်လိုက်တယ်၊ ငါလည်း သူတို့ ဆင်းတဲ့နေရာ ဆင်းမယ်ဆိုပြီး လမ်းလည်း မမှတ်တော့ဘူး၊ နောက် ကုလားတွေက ဆင်းတယ်၊နောက်က လိုက်ပြီး ဆင်းလိုက်တယ်၊ သေသေချာချာ ကြည့်လိုက်တော့မှ ကိုယ့်နှာဖူး ကိုယ်ပြန်ရိုက်ချင်ခဲ့တယ်၊ မူစတာဖာတော့ မူစတာဖာပဲ ၊ ဒါပေမယ့် စင်တာ မဟုတ်ဘဲ ဆေးရုံဖြစ်သွားတော့ ကိုယ့်မှတ်တိုင်နဲ့ အတော့်ကို ကျော်သွားခဲ့တာပေါ့၊ ကိုယ့်အပြစ်နဲ့ ကိုယ်ပဲလေ ဆိုပြီး ကားစီးရတာ ဈေးကြီးတော့ လမ်းပြန်လျှောက်ခဲ့ရတယ်၊ နာရီဝက်ကျော်မှ ပြန်ရောက်ခဲ့တယ်။
အရင်အတိုင်းပါပဲ။ လိုချင်တဲ့ပစ္စည်းနဲ့ ပေးနိုင်တဲ့ ဈေး မကိုက်တာနဲ့ မ၀ယ်ခဲ့ရပြန်ဘူး။ ဒါနဲ့ မြန်မာတွေ ပေါပြီး မြန်မာ့ရွာလို့တောင် တင်စားနိုင်တဲ့ နေရာ၊ ဈေးကို ပြန်ေ၇ာက်ခဲ့ပါတယ်၊City Hall ကိုပါ။ အဲဒီမှာ မြန်မာမ လေးတစ်ယောက် မန်နေဂျာဖြစ်ပြီး ကင်မရာဆိုင်မှာ တာဝန်ကျနေတယ်လေ၊ ကိုယ့်မြန်မာလူမျိုးဆိုတဲ့ အသိနဲ့ အားပေးချင်စိတ် ဖြစ်ခဲ့မိတယ်၊ ဒါ့ကြောင့် ဈေးကို သင့်အောင် ညှိုတယ်၊ သူလည်း တက်နိုင်သလောက် သူဋ္ဌေးနဲ့ တိုင်ပင်ပြီး လျှော့ပေးတယ်၊နောက်းဆုံး ၀ယ်ဖို့ ဆုံးဖြတ်လိုက်တယ်၊ စင်္ကာပူ ဒေါ်လာ ခြောက်ရာ့သုံးဆယ်ပါ၊ (ဒေါ်လာ ၄၆၀)နီးပါး ရှိပါတယ်၊ Sony အမျိုးအစား Touch Scream ပါ။ ၀ယ်ဖို့ ဆုံးဖြတ်ပြီးကာမှ ပိုက်ဆံအိပ်ထဲ ကြည့်မိတော့ သုံးရာကျော်ပဲ ရှိတယ်၊ ပါလာတဲ့ ဒေါ်လာ တစ်ရာတန်လေး လဲလိုက်ပြန်တော့လည်း မပြည့်သေး၊ မထူးပါဘူး၊ ဆိုင်ထဲမှာတော့ အရှက်မကွဲရအောင် ကြံဖန်မယ် ဆိုပြီး လေဆိပ်မှာ ပိုက်ဆံစစ်ရင် ဟန်ပြ ကိုင်လို့ရအောင် လုပ်လာတဲ့ ဘဏ်ကဒ်နဲ့ ATM စက်မှာ အကုန်ထုတ်ခဲ့တယ်။ တစ်ရာ့ငါးဆယ် ထွက်လာတယ်၊ နောက် ထပ်မထုတ်ပါတော့နဲ့ဆိုတဲ့ စာရွက်ကလေး အစစ်ပါလာသေးတယ်၊ တော်ပါသေးရဲ့ ၊ ဘေးမှာ ဘယ်သူမှ မရှိလို့ ၊ရှက်စရာကြီးပေါ့၊ ဒါနဲ့ ဆိုင်ကို ခပ်တည်တည် ပြန်လာ၊ ဘဏ်ကဒ်နဲ့ ပိုက်ဆံထုတ်လာတယ်ပေါ့ ဆိုတဲ့အနေအထားနဲ့ ငွေပေးချေခဲ့တယ်။ အပြန်ခရီး MRT စီးဖို့ ကဒ်ထဲ ပိုက်ဆံ စစ်ကြည့်တော့လည်း သုံးကျပ်ခွဲသာ ကျန်တော့တယ်၊ ရင်တမ မ နဲ့ အပြန်ခရီး လှည့်ခဲ့ပါတယ်၊ တော်ကြာ ဆင်းမယ့် ဘူတာရောက်မှာ ပိုက်ဆံယူတဲ့ စက်ပေါ်တင်လိုက်ရင် လုံလောက်တဲ့ ပိုက်ဆံ မရှိတဲ့အခါ တံခါးက ဖွင့်မပေးဘူးလေ၊ အဲဒါကို တွေးပြီးကြောက်တာ၊ တော်ပါသေးရဲ့ ကံကောင်းခဲ့လို့ပေါ့၊ နမို့ဆို တံခါးမပွင့်ရင် လူကြားထဲ အရှက်ကွဲအုံးမှာ။
ကဲ လိုချင်တဲ့ ကင်မရာ။ ပေးလိုက်ရတဲ့ဈေး၊ သူငယ်ချင်းတွေကို ဖုန်းဆက် ကြွားတိုင်း ရူးနေလား ဆိုတဲ့ မေးခွန်းမျိုး အပြောခံလိုက်ရသေး။ ၀ယ်ပေးတဲ့ အစ်မကို ဖုန်းဆက်ပြောပြတော့လည်း တော်သေးတယ် လက်ထဲ ရှုဆေးဘူး အဆင်သင့်ရှိလို့၊ ကိုယ့်အပြစ်နဲ့ ကိုယ်ပဲ ဆိုပြီး ၀ယ်စားချင်တဲ့ မုန့်တောင် မစားနိုင်၊ ရေသောက် ဗိုက်မှောက်ပြီးနေလိုက်ရတယ်။ ဒီတစ်နေ့တော့ ဘယ်မှ မသွားနိုင်တော့ပါဘူး၊ ဓာတ်ပုံလေးတွေ တင်ပေးချင်တဲ့စေတနာ၊ ကိုယ့်အရင်းခံ ၀ါသနာကြောင့် ကိုယ့်အပြစ်နဲ့ ကိုယ် ခံပေးအုံးတော့ ဆိုပြီး ကိုယ့်ကိုကိုယ်ပဲ ဆုံးမ နေလိုက်ပါတယ်၊ နောက်နေ့တွေမှ စာဖတ် ပရိသတ်အတွက် မြင်ကွင်းလှလှလေးတွေ ရိုက်ပြီး တင်ပေးမယ်နော်။ ဒီနေ့တော့ ရေသောက် ဗိုက်မှောက်နေရလို့ ပကာသန မပါတဲ့ ဟော့ဒီ ဗလာ စာသားလေးနဲ့ပဲ ကျေနပ်ကြပါဦးလို့၊ နှုတ်ဆက်ရင်း။
ကျွန်တော် ငမိုက်သား(ကင်မရာရူး)

0 comments:

Template by : kendhin x-template.blogspot.com