Sunday, January 4, 2009

ပဉ္စမနေ့
















ပဉ္စမနေ့၊ အနုရာဓပူရ၊ မြို့ဟောင်း၊ သာသနာ အကြီးကျယ်ဆုံး ထွန်းကာခဲ့ရာနေရာ

ဒီနေ့ရာ သမိုင်းကို ပြန်ပြောင်း အောက်မေ့ကြမယ်ဆိုရင် အတော့်ကို လွမ်းမောဖွယ်အတိ ဖြစ်မိပါတယ်၊ ဗုဒ္ဓ ဘာသာတို့အတွက် တစ်ချိန်က ဘယ်လောက်အထိ အတုယုဖွယ် ကျေနပ်ဖွယ် ၊ ဂုဏ်ယူဖွယ် မြင်ကွင်းတွေပါ၊ အကျဉ်းချုပ်ကလေး ပြောပြချင်ပါတယ်၊
အာသောက မင်းတရား နှောင်းပိုင်းခေတ်၊ သီဟိုမှာ သားတော် မဟိန္ဒနဲ့ သမီးတော် သင်္ဃမိတ္တာ မောင်နှမ နှစ်ဦး သာသနာ့ ၀န်ထမ်းများဖြစ်ပြီး များမကြာ၊ ဗောဓိပင်ပွါး စေတီကို အခု ဟော့ဒီ သီဟိုဠ်ကို ပင့်ဆောင်ခဲ့တယ်၊ အဲဒီအချိန်မှာ ဒေ၀ါနံပိယတိဿ မင်းတရား သီဟိုမှာ အုပ်စိုးချိန်ဖြစ်တယ်။ သာသာနာ ပြန်ပွါးခဲ့တယ်။ ဒုဋ္ဌဂါမဏိမင်း၊ ၀ဋဂါမဏိမင်း အစရှိတဲ့ မင်းတွေ သာသနာတော်ကို အသက်နဲ့ လဲပြီး စောင့်ရှောက်ခဲ့ကြတယ်၊ ထင်ရှားတဲ့ အရာထဲက အရာတစ်ခုကို ကိုးကားပြရရင် ၀ဋဂါမဏိမင်းလက်ထက် ပြည်တွင်းသူပုန်တွေ ထကြွမှုကြောင့် ဘုရင်မင်းတရား ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရတယ်၊ မဟာတိဿ ဆိုတဲ့ ရဟန်းတပါးရဲ့ ကျေးဇူးကြောင့် အသက် ချမ်းသာ ရရခဲ့တယ်၊ နောက်ပိုင်း အနုရာဓပူရ လို့ခေါ်တဲ့ အခု ဦးဇင်းတို့ ရောက်နေတဲ့မြို့ကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့တယ်၊ ကျေးဇူးတရားထောက်ထားပြီး မင်းတရား ကောင်းစားစဉ်မှာပဲ မဟာတိဿရဟန်းကို အကြောင်း ပြုပြီး သာသနာကို လွန်လွန်ကဲကဲ ထောက်ပံ့ခဲ့တယ်၊ အဘယဂိရိ ဂိုဏ်းလို့ နာမည် တွင်ခဲ့တယ်၊
နောက်ထပ် သံဃာ ဂိုဏ်းကွဲတစ်ခုကတော့ မဟာဝိဟာရပါ၊ ဒီဂိုဏ်းကတော့ ဘုရင့်ရဲ့ ထောက်ပံ့မှု သိပ်ပြီး မရခဲ့ပါဘူး၊ ရှင်ဘုရင် ဦးစားပေးတဲ့ သံဃာဂိုဏ်းနဲ့ ဦးစားပေးခြင်းမခံရတဲ့ သံဃာဂိုဏ်း စဉ်းစားကြည့်ကြပေါ့၊ ဘယ်အဖွဲ့က ချမ်းချမ်းသာသာ နေရမလဲဆိုတာ၊ ဒီလိုနဲ့ အတိုချုံးရရင် သီဟိုမှာ ဆယ့်နှစ်နှစ်ကြာ ငတ်မွတ် ခေါင်းပါးဘေး(ဒုဗ္ဘိက္ခန္တရ ကပ်) ဆိုက်ရောက်တယ်၊ အချို့ ရဟန်းတွေ အိန္ဒိယကို ခေတ္တ ပြောင်းပြီး နေခဲ့ရတယ်၊ အဲဒီမှာပဲ ရှိတဲ့သံဃာ စုပေါင်းပြီး ဘုရားဟော တရားတွေကို မမေ့ မပျောက်အောင် ရွတ်ဆို ထိမ်းသိမ်းခဲ့ရတယ်၊ ကျန်ခဲ့တဲ့ သံဃာတော်တွေကလည်း ထိန်းသိမ်းခဲ့ကြတယ်၊ နောက် ခေတ်ကာလ ပြန်လည် ကောင်းမွန်လာတဲ့အခါ သီဟိုဠ်ကို ပြန်ကြွလာခဲ့ကြပြီး တိုက်ဆိုင် စစ်ဆေးခဲ့ကြတာ ဘာအမှား တစ်ခုမှ မတွေ့ခဲ့ကြဘူး၊ ဒါပေမယ့် ဘုရင် ဦးစားပေးခံရတဲ့ သံဃ အဖွဲ့အစည်းကတော့ ဘုရားတွေတည်ပါတယ်၊ စေတီ အကြိးဆုံးတွေ ဆောက်လုပ် ပူဇော်နိုင်ခဲ့ကြတယ်၊ စာသင်ကျောင်းဆောင်တွေ ဥယျာဉ်တွေတည်၊ အဆောက်အဦးတွေ ဆောက်၊ ပညာရေးနဲ့ပက်သက်လို့ ခေတ်အမြင် ခေတ်အတွေးတွေ ဗုဒ္ဓ ဟောကြားတဲ့ မူရင်းတရားတော်တွေထဲကို ပေါင်းထည့်၊ အင်အားကြီးတဲ့ ဂိုဏ်း ဘုရင်ဦးစားပေးခံရတဲ့ ဂိုဏ်းဆိုတော့ လုပ်သမျှ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ၊ အောင်မြင်ပါတယ်၊ အဲဒီလို မူရင်းတရားတော်တွေကို မူရင်းအတိုင်း မထိန်းသိမ်းဘဲ အယူအဆ ပေါင်းစုံ ပေါင်းထည့် မှတ်တမ်းတင်ထားတာကို မဟာယာနဗုဒ္ဓဘာသာ လို့ ခေါ်တာပါ၊ မူရင်းအတိုင်း ထိမ်းသိမ်းလာခဲ့တဲ့ အစဉ်အဆက်ကို ထေရ၀ါဒ လို့ ခေါ်ပါတယ်၊ ဒီလိုနဲ့ မူရင်းအတိုင်းပဲ ထိမ်းသိမ်းချင်တဲ့ မဟာဝိဟာရလို့ ခေါ်တဲ့ သံဃာ အဖွဲ့အစည်းကတော့ ရှင်ဘုရင်ကို တင်ပြတယ်၊ ရှင်ဘုရင် လက်မခံခဲ့ ထောက်ပံ့မှုတွေ ပစ်ပယ်ခဲ့တယ်၊ ဒါ့ကြောင့် အနုရာဓ ပူရလို့ ခေါ်တဲ့ ရှင်ဘုရင် နန်းဆိုက်ရာမြို့နဲ့ တော်အလှမ်းဝေးတဲ့ မာတလေ ဆိုတဲ့ တောင်ကြီးပေါတဲ့နေရာကို သွားခဲ့ကြပြီး ဘေးနာ အနီးရှိ ရွာသူရွာသားတွေရဲ့ အကူအညီနဲ့ပဲ သာသနာမှာ လူသိများတဲ့ စတုတ္ထ သံဃာ ယနာ(သံဃာများ စုပေါင်းပြီး ဘုရားဟောတရားတော်တွေကို ရွတ်ဆို ၊ မှန်ကန်ကြောင်းအတည်ပြု)တဲ့ ပွဲကို ဆင်နွဲခဲ့ကြတယ်၊ အဲဒီအကြိမ်မှာ ထူးခြားတာကတော့ ပထမ သံဃာယနာက စလို့ အသောကမင်းတရား ထောက်ပံ့ပြီး ကျင်းပပေးတဲ့ တတိယ သံဃာယနာအထိ ကတော့ နှုတ်ဖြင့်ရွတ်ဆိုတဲ့အလေ့အကျင့်ပဲ ရှိပါသေးတယ်၊ အခုလို ဘေးတွေ၊ ကပ်ဆိုးတွေ ဆိုက်ရောက်လာရင် သံဃာတွေအနေနဲ့ နောက်ပိုင်း ရွတ်ဆို နိုင်စွမ်း မရှိကြမှာကို စိုးရိမ်ခဲ့ကြတယ်။ ဒါ့ကြောင့်ပဲ ပေထက်မှာ ရေးချပြီး မှတ်တမ်းပြုခဲ့ကြတယ်၊
ဆိုလိုရင်းကတော့ အဲဒီ ၀ဋဂါမဏိအဘယ မင်းတရား သံဃာဂိုဏ်း နှစ်ဂိုဏ်းမှာ သူ့ကျေးဇူး မကင်းလို့ စောင့်ရှောက်သောအားဖြင့် ထောက်ပံ့လှူဒါန်းခဲ့တဲ့ မဟာယာန အဆက် အဘယဂိရိဂိုဏ်းရဲ့ အင်အား ကြီးပုံ၊ ရှင်ဘုရင့်အထောက်အပံ့ မရပေမယ့် ဘုရားဟောတရားတွေကို မူရင်းအတိုင်း ထိန်းသိမ်းနိုင်ခဲ့တဲ့ စွမ်းရည်တွေပါ၊ အဘယဂိရိ ဂိုဏ်း အင်အား ကြီးမားခဲ့ပုံကို အခု ပုံလေးတွေ တင်နိုင်သမျှ တင်ပြီး ပြလိုက်တယ်နော်၊

စတုတ္ထနေ့ ခရီးစဉ်






စတုတ္ထနေ့၊ ဆိဂီရိယတောင်၊ နန်းတော်ရာဟောင်းတစ်ခု။

နံနက် မိုးလင်းတယ်ဆိုရင်ပဲ မြို့ဟောင်း ခေတ္တ နားခိုရာ နေရာကနေ သုံးနာရီခန့် မောင်းရတယ်၊ တောင် ခြေ ရောက်တယ်ဆိုရင်ပဲ ရှေးမင်းတွေ တည်ထားခဲ့တဲ့ နန်းတော်ရာ ထပ်တွေ့ပြန်ပါတယ်၊ ဒီတစ်ခါ တွေ့တဲ့ နန်းတော်ရာကတော့ အရင် ရောက်ခဲ့တဲ့ နန်းတော်ရာနဲ့တော့် ပုံစံခြင်းတူပေမယ့် နောက်ခံ ဇာတ်လမ်းခြင်း အတော့်ကို ကွာခြားပါတယ်၊
တောင်ခြေ ပတ်ပတ်လည်မှာ နန်းတော် တည်ထားတယ်၊ နောက် ဟိုး တောင်ပေါ် မီတာ (၂၀၀)ခန့် မြင့်တဲ့ တောင် စောက်စောက် လုံးပတ် ကြီးကြီး ပေါ်မှာ ဘုရင်က အပန်းဖြေ စခန်းတစ်ခု ဖန်တီးထားတယ်၊ အတော့်ကို မြင့်ပါတယ်၊ မြင့်တာထက် ပြေပြေ ရှောရှော တက်ရ လွယ်ကူတဲ့ ပုံစံမရှိဘဲ မက်မက်ပုံစံဖြစ်နေတာပါ၊ အဲဒီဘုရင်က အဲဒီတောင်ပေါ်ကို သီးသန့် သူ့အတွက် အပန်းဖြေစခန်းတစ်ခု ဖန်တီးထားခဲ့တာပါ၊ အဲဒါကိုမှ အခုခေတ်လူတွေ (ဦးဇင်းတို့အပါအ၀င်)ပေါ့ ဘုမသိ၊ ဘမသိ အပင်ပန်းခံ တက်လိုက်ရတာ၊ ချေသလုံး ကြွက်သားတွေကို ဆက်ဆက် တုံလို့၊ အပေါ်ရောက်ကာနီး တစ်ဆင့်အလို သူများတွေတော့မသိဘူး၊ ဦးဇင်းကိုယ်တိုင်တော့ လက်လျှော့ဖို့ စိတ်ကူးမိခဲ့တယ်၊ ဒါပေမယ့် ကလေးတွေက အစ တက်နေကြတော့၊ ယောင်္ကျားတို့ဇွဲ သေမှ လျှော့မယ်ဆိုတဲ့ မဟာဇနကမင်းသားထုံး နှလုံးမူပြီး အားခဲကာ ဆက်တက်လိုက်တော့ တောင်ကြီး ဖ၀ါးအောက်ဆိုသလို ရောက်ခဲ့ပါတယ်၊ အပေါ်ရောက်၊ ဓာတ်ပုံရိုက်၊ ပြီးမှ သမိုင်း သုတေသီတွေ ရေးထားတဲ့စာကို ဖတ်လိုက်ရတော့ ရင်မောစရာပါ၊ ဒီနေရာမှာ ဘုရင်က အပျိုတော်လေးတွေ ခြံရံ၊ ရေကန်တွေဖန်တီး၊ လူသူမနီးတဲ့ တောင်ပေါ်မှာ မိဖုရားပေါင်း မြောက်များစွာခြံရံပြီး ပျော်တော်ဆက် အပန်းဖြေရာ နေရာပါတဲ့၊ ကဲ၊ ဘယ့်နှယ့်ရှိစ၊ ရှင်ဘုရင် ပွေ ရှုပ်တဲ့ နေရာကို အပင်ပန်းခံပြီး တက်ခဲ့သမျှ အမောစို့ရပြန်ပေါ့၊ ဒါပေမယ့်-----
အမြင့်ရောက်လေ အောက်က အရာတွေကို ပိုမြင်ရလေပါ၊ အဲဒီလို အမြင့်ရောက်နေတဲ့သူတွေတိုင်း အောက်မှာ ဘာတွေ ဖြစ်နေသလဲ၊ ဘယ်သူမှားလို့ ဘယ်သူမှန်သလဲ ဆိုတာတွေ၊ ဘယ်အရာက သင့်တော်လို့ ဘယ်အရာက မသင့်တော်ဆိုတဲ့ ပုံစံမျိုးတွေ၊ တရားဘာဝနာ အားထုတ်ကြတဲ့ သူတွေကတော့ ပိုပြီး မြင့်တဲ့ တရားထူးတွေကို ရလေ နိမ့်ကျတဲ့သူများကို ပိုပြီး ဂရုဏာ သက်မိလေ စတဲ့ ဥပမာ ခံစားချက်မျိုး၊ အတွေးမျိုး ရရှိခဲ့ပါတယ်။

တတိယနေ့ခရီးစဉ်

တတိယနေ့ ခရီးစဉ်ကတော့ မြန်မာပြည် ပုဂံမြို့ဟောင်းလို သီဟိုဠ်မှာလည်း သမိုင်းအထောက် အထား အတိအကျနဲ့ ရှေးမင်းများ အုပ်စိုးခဲ့၊ ဗုဒ္ဓသာသနာကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပုံတွေကို ထင်ဟပ်စေပါတယ်၊ အမှန်တော့ သီဟိုနိုင်ငံက အတော့်ကို ငယ်(သေး)ပါတယ်၊ မြေပုံမှာ ကြည့်လိုက်ရင် အိန္ဒိယတိုက်ကြီးကို တွယ်ပြီး ကပ်နေတဲ့ ရေမျော အမှိုက်ကလေး တစ်ခုလိုပါပဲ၊ ဒါပေမယ့် အတော့်ကို လှပတယ်၊ ရာသီဥတု သာယာတယ်၊ ရေမြေ သဘာဝ သယံဇာတ မြန်မာနိုင်ငံလောက် မရှိပေမယ့် စိုက်ပျိုးရေးကတော့ လဘက်နဲ့ နာမည်ကြီးတယ်၊ လဘက် အခြောက်ပါ၊ မြန်မာနိုင်ငံ မှာက လဘက်ရဲ့ အညွှန့်ကို စားဖို့၊ အရွက် နဲနဲ ရင့်တာတွေကို အခြောက် ပြုလုပ်ပြီး ရေနွေးကြမ်းနဲ့သောက်ဖို့ ပြုလုပ်ကြတယ်၊ သီဟိုဠ်(သီရိလင်္ကာ)မှာတော့ ဒီလိုမဟုတ်ဘူး၊ နုနုလေးတွေကိုမှ သီးသန့်ခူးပြီး အခြောက်ပြုလုပ်တယ်၊ သို့မဟုတ်၊ သိကြား၊ နို့ စသည်တို့နဲ့ တွဲဘက် သောက်လို့ရတဲ့ Tea အမှုန့်ဖြစ်အောင် ဖန်တီးတယ်၊ အရသာ မှာတော့ ထိပ်တန်းပါပဲ။ အဲဒီ လဘက်ခြောက်နဲ့ပဲ နာမယ် ကြီးပါတယ်၊ ဒါကတော့သီဟိုဠ်အကြောင်း တစေ့ တဆောင်းပါ၊
ဆိုလိုရင်းကတော့ ရှေးမင်းတွေ သီဟိုမှာ အခြေချ၊ မင်းပြု အုပ်ချုပ်၊ သာသနာတော်ကို ဘယ်လောက် ထောက်ပံ့ ကြည်ညိုခဲ့သလဲ ဆိုတာတွေ၊ သာသနာဖျက် မင်းဆိုးမင်းညစ်တို့ လက်ထက် ဗုဒ္ဓဘာသာ ဘယ်လောက်အထိ မှေးမှိန်ခဲ့တယ်၊ အဖျက်ဆီး ခံခဲ့ရတယ်ဆိုတာတွေ၊ ယခုအထိ ယဉ်ကျေးမှု စဉ်ဆက် မပျက်အောက် ထိန်းသိန်းခဲ့တယ်ဆိုတာတွေ၊ စတာတွေ စတာတွေ ကို ကြည့်ရှုရင်းနဲ့ တတိယနေ့ တစ်နေကုန် ကုန်ဆုံးခဲ့ပါတယ်၊ ဓာတ်ပုံတွေကတော့ အထွေအထူး မရှိလို့ တင်မပေးတော့ဘူးနော်။

Template by : kendhin x-template.blogspot.com