ခရီးစဉ်မှတ်တမ်း ရေးတာ အတော့်ကို ၀ါသနာပါသလို၊ ခရီးထွက်ရတာလည်း၊ အတော်ပဲ ပျော်မိတယ်။
စာမေးပွဲပြီးချိန်ကတည်းက ထွက်ခဲ့တဲ့ ခရီး အခုထိ မဆုံသေးပါဘူး၊ သီဟိုဠ်ရောက်ခိုက် ကျွန်းအနှံ့ သူငယ်ချင်းတွေနဲ့ ခရီးဆန့်ခဲ့တယ်၊ ရှစ်ရက်ကြာခဲ့တယ်၊ တစ်နိုင်ငံလုံးနီးပါးရောက်ခဲ့ကြတယ်၊ အခု ခရီးစဉ်ကတော့ စင်္ကာပူကိုပါ။ ဒုတိယအကြိမ်ပေါ့၊
ငယ်ငယ်တုံးက အမေ ဗေဒင် မေးသံကို ကြားဖူးတယ်၊ သဲ့သဲ့ ကြားလိုက်မိတာကတော့ ခြေပွေ ပါနေတယ်၊ အိမ်မကပ်ဘူး၊ ခြေဦးတည့်ရာ လျှောက်သွားမယ့် ဇာတာ ရှိတယ်ပေါ့၊ ဗေဒင်ဆရာက ပြောခဲ့တာပါ။ ကျွန်တော်ကလည်း လူ့ ကန့်လန့် ပါ။ ဗေဒင်ဆရာက ဒီနေ့ အပြင်သွားရင် ပြဿဒါးရက်မို့လို့ အစဉ်မပြေ ဖြစ်တက်တယ်လို့ ပြောရင် အဲဒီနေ့ပဲ ကိစ္စတွေကို အဆင် မပြေ ပြေအောင် လုပ်တက်ပါတယ်၊ ဗေဒင် မယုံတဲ့သဘောပါ။ စာမေးပွဲအောင်မြင်ဖို့ ဗေဒင် မေးစရာ မလို၊ ကိုယ်တိုင် ကြိုးစားမှ အောင်မြင်မယ့် သဘောမျိုးပေါ့၊ ဗေဒင် မမေးပဲနဲ့ ဖြေလာတာ ယခုဆို အတော်အသင့် ပညာအရည်အချင်းတွေ ရ နေပြီလေ၊ အဲ တစ်သက်လုံး ကန့်လန့်တိုက်လာခဲ့တဲ့ ဗေဒင်ကို အခုတော့ အရှုံးပေးရမလိုဖြစ်နေပြီလေ။ ဘာ့ကြောင့်လဲဆိုတော့ သူပြောခဲ့သလိုပဲ လူမှန်းသိတက်က တည်းက သွားနေတာ အခုဆို လေပေါ်ခရီးတောင် အတော်နှံ့နေပါပြီ။
သီဟိုဠ်(သီရိလင်္ကာ)ကို ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၂၈ က ရောက်ခဲ့တယ်၊ ကျောင်းအပ်၊ ကျောင်းတက်၊ သင်တန်းတက်၊ လေးလ ကြာပြီး၊ ကျောင်းတစ်လခွဲ ပိတ်၊ သူငယ်ချင်းတွေရဲ့ အကူအညီကြောင့် စင်္ကာပူကို အလည်သွား။ မလေးရှားကိုလည်းဝင်ခဲ့။ သုံးပတ်လောက် ကြာတော့ မြန်မာပြည်မှာ နာဂစ် မုန်တိုင်း တိုက်ခတ်၊ စင်္ကာပူ ဓာတ်တော်တိုက် ဆရာတော်ရဲ့ ဦးဆောင်မှုနဲ့ မြန်မာပြည်ကို ပြန်ပြီး လှူဒါန်းခွင့်ရ၊ ကိုယ့်ရပ်ဇာတိမြေ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ကို ပြန်ပြီး လှူဒါန်းနိုင်ခဲ့။ တစ်လခွဲလောက် နေပြီး အလှူရှင်တွေရဲ့ ပေါင်းစု အားပြုပြီး လှူဒါန်းလို့ စင်္ကာပူက အလှူရှင် တစ်ဦးထပ်ပေါ်၊ စုစုပေါင်း သိန်း တစ်ထောင်ဖိုးလောက် လှူဒါန်းခဲ့ရတယ်လေ။ ခြောက်လပိုင်းရောက်မှ ကျောင်း အတော် နောက်ကျနေတာနဲ့ သီဟိုဠ်ကို ပြန်လှည့်ခဲ့ရတယ်၊ နောက်ကျနေတဲ့ စာတွေကို ကူးယူ။ နားမလည်တဲ့ သင်ခန်းစာတွေကို မေးမြန်း။ တော့်ကို ပန်းခဲ့ပါသေးတယ်။ ဒီလိုနဲ့ ဆယ့်နှစ်လပိုင်းရောက်၊ လိုအပ်တဲ့ ကျမ်းစာကိုရေး၊ စာမေးပွဲ ဖြေဆို၊ သီဟိုခရီးစဉ်ကို ပြန်ရောက်သွားပေါ့။
ခြေထောက်ပဲ ဗွေပါလို့လား၊ မှည့်ပါလို့လား၊ ခရီးသွားဖို့ အတိတ်ကံ ပါခဲ့လို့လားမသိ၊ ကျွန်တော့် တစ်သက်တာ ခရီးသွားနှစ်က ငယ်ငယ်ကလေးက စခဲ့တာပါ၊ နိုင်ငံခြားခရီးစဉ်ကတော့ ၂၀၀၇-က ကျွန်တော့်အတွက် ခရီးသွားနှစ်ပေါ့၊ ဘယ်တော့ ဆုံးမလဲ၊ မသိသေးပါဘူး၊ အခုလည်း စင်္ကာပူမှာ သုံးပတ်ခန့် နေပြီး မြန်မာပြည် ခဏ ပြန်လိုက်ဦးမယ်၊ ၀ါကျွတ်မှ စင်္ကာပူကို ပြန်လှည့် ၊ သီဟိုဠ် တစ်ပတ်ပြန်လှည့်ပေါ့။ အခု ကိုယ့်လို ခြေမရှည်ဘူးသူ သူငယ်ချင်းတွေအတွက်၊ ဒါမှမဟုတ် ခြေရှည်ဘူးသူ ခရီးသွားဘူးသူတွေကလည်း မှတ်တမ်း မရေးခဲ့သူတို့အတွက် အပျင်းပြေ ဖတ်လို့ရအောင် ဝေဟင်ခရီးကို တွေ့ရ ကြုံရတာလေး ရေးပြလိုက်တာပါ။ လေယဉ်စီးရင်း ပျင်းတာလဲ ပါတယ်လေ။
အခု လတ်တလောကတော့ လေယာဉ်ပေါ် ရောက်နေ၊ ဝေဟင်ထဲမှာပါ၊ နောက်ကို နာရီ အနည်းငယ် ပြန်လှည့်လိုက်မယ်ဆိုရင် သူငယ်ချင်းတွေ လေဆိပ်ကို လိုက်ပို့ကြတယ်၊ လေဆိပ်မှာ အမှတ်တရ ဓာတ်ပုံရိုက်၊ ပြီးတော့ Check In (အိပ်များကို စစ်ဆေး)တယ်၊ နောက်တော့ မသယ်ချင်တဲ့ အိပ်တွေကို baggage လုပ်ပြီး လေယဉ်ပေါ်ကို တင်၊ ဘိုးရင်း ပတ်စ် ထုတ်၊ လိုချင်တဲ့ ခုံနံပါတ် တောင်း၊ immigration ဖြတ်၊ လေယာဉ်ပေါ်တက်ဖို့ ခေတ္တ စောင့်၊ ပါတဲ့ ကွန်ပျူတာလေး ဖွင့်ပြီး သူငယ်ချင်းတွေကို ထပ်မံ နှုတ်ဆက်၊ အားလုံးဟာ ချောမွေ့စွာ၊ ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုပဲ ဖြတ်သန်းခဲ့တယ်။ လေယာဉ် အ၀င်ပေါက်ကို ရောက်တယ်ဆိုရင်ပဲ ချိုသာတဲ့အပြုံး၊ ယဉ်ကျေးတဲ့အမူအရာနဲ့ နှုတ်ဆက် နေကြတဲ့ လေယာဉ်မယ်လေးတွေကို စတွေ့ရမှာပါ၊ အခု တစ်ခေါက်ကတော့ သိပ်မအံ့သြတော့ဘူးလေ။ စပြီး စီးကာစတုံးက ဆိုရင် လေယာဉ်ထဲကို ရောက်မှန်း တကယ် မသိခဲ့တာပါ၊ လူ သုံးရာကျော်လောက် တစ်ခါတည်း စီးလို့ရတဲ့ ထိုင်ခုံတွေကို တွေ့ရတော့ အတော့်ကို အံ့သြခဲ့ပါတယ်၊ နောက်မှ လေယဉ်မယ်ကလေးက ခုံနံပါတ် ပြပါဆိုတော့မှ ရောက်မှန်းသိတာပါ။ ဒါက စကားစပ်မိလို့ ။
စင်္ကာပူ အဲယားလိုင်း ဆိုတော့ စင်္ကာပူလူမျိုး တရုတ် လေးတွေပေါ့၊ သူတို့ ယဉ်ကျေးမှု အ၀တ်အစားလေးတွေက မြန်မာပြည် ပါတိတ်ဝမ်းဆက်နဲ့ တစ်ပုံစံတည်းပါ။ လည် နဲနဲ ဟိုက်တာက လွဲလို့ပေါ့။ ရဟန်းသံဃာတော်တွေအနေနဲ့ဆို အတော့်ကို သတိ ထားရပါတယ်၊ ကိုလံဘိုလေဆိပ်မှာက သီဟိုဠ် ကုလားမလေးတွေရဲ့ ဆာလီပတ်ထားပြီး ဗိုက်သား ဖွေးဖွေးလေးတွေ ဖေါ်ထားတဲ့ အန္တရာယ်မြင်ကွင်း၊(ကုလားမလေးတွေဆိုပြီး မျက်လုံးထဲမှာ မဲမဲကြီး မြင်မထားပါနဲ့၊ အချောဆုံး အဖြူဆုံးကလေးတွေကို ရွေးပြီးခန့်ထားတာပါ၊) နောက် လေယာဉ်ပေါ်တက်တော့လည်း စင်္ကာပူ သူလေးတွေရဲ့ လည်ဟိုက်ဝတ်ဆင်ပြီး ခါးလေးညွှတ်ကာ နှုတ်ဆက်နေတဲ့ အပြုံး အန္တရာယ်က တစ်ဖုံ၊ အတော့်ကို ရင်ခုန်စရာပါ၊ ဒီနေရာမှာ တစ်ခု ပြောချင်တာက လူသားတိုင်း အမြင်အာရုံ ရှိကြတယ်၊ လှတာ မြင်ရင် ကြည့်ချင်တဲ့စိတ် ဖြစ်တယ်၊ သာသနာ့ဝန်ထမ်းတွေလည်း အတူတူပါ၊ ဒါပေမယ့် ကွာခြားတာတော့ စောင့်ထိန်းခြင်းဆိုတဲ့ သီလ တရားပါ၊ အမှန်တော့ ဘုရားရှင်က သူ့ရဲ့ သားတော် ရဟန်းလေးတွေကို အတော့်ကို အခွင့်အရေးပေးခဲ့တာပါ၊ ကိုယ်ထိလက်ရောက် မလွန်ကြူးရ၊ စကားနဲ့ ထုတ်ဖေါ်ပြီး မှားယွင်းတဲ့ ၀စီကံအမှု မကြူးလွန်ရ လို့ တားမြစ်ခဲ့ပေမယ့် မြင်တက်တဲ့ မျက်လုံး၊ ကြားတက်တဲ့ အသံအာရုံ၊ နံတက်တဲ့ နှာခေါင်း၊ အရသာ ခံတက်တဲ့ လျှာ၊ အထိ အတွေ့ကို သာယာတက်တဲ့ ကိုယ်ကာယ၊ အဲဒါတွေ ရှိနေတဲ့ သဘာဝတရားကို အခြေခံပြီး ကိုယ်၊ နှုတ်၊ စိတ် သုံးပါးစလုံးမှာ မြင်တက်တဲ့အာရုံကြောင့် မြင်မိတဲ့ အရာကိုတော့ မြင်မှာပဲတဲ့၊ ဒါပေမယ့် မလွန်ကြူးမိအောင်တော့ ထိန်းပါလို့ သီလ တရားနဲ့ပဲ စည်းကမ်း ထားခဲ့တာပါ။ မကြည့်ပါနဲ့ ၊ နားကိုပိတ်ထား၊ မကြားစေနဲ့ စသည် တင်းကြပ်တဲ့ ဥပဒေမျိုး မချမှတ်ခဲ့ပါဘူး။
အဖေ(ဘုရားရှင်)က ဘယ်လောက်ပဲ ချွင်းချက် ထားခဲ့ထားခဲ့၊ လေယဉ်ပေါ်ကို တက်တဲ့အခါတို့၊ လေဆိပ်ကို ရောက်တဲ့အခါမျိုှးမှာ ဆိုရင် ကျွန်တော့်ရဲ့ မျက်လုံးတွေကို အတော် ထိန်းရပါတယ်၊ သူတို့ လေးတွေကလည်း အလိုက်မသိ လို့လား ကိုယ်ကပဲ စိုက်ကြည့်မိလို့လားမသိ၊ မျက်စိက ပိုက်ထဲ မိသွားသလို မြင်သွားလေတော့ အတော့ကို ဟိုက်မိတာ အမှန်ပါ၊ သင်လည်း လောကီသား၊ ကျွန်တော်လည်း လောကီသား ၊ တရားထူးမရသေးတဲ့ ပုထုဇဉ်ဆိုတာ နားလည်ပေးနိုင်ရင် စာရေးသူကို အပြစ် မမြင်လောက်ပါဘူး၊ ဒါပေမယ့် လွန်ကြူးမှုအဆင့်ကိုတော့ မရောက်စေရဘူးပေါ့။ မြင်လာတဲ့အာရုံကို အတော်ဖျောက်ဖျက် ပစ်လိုက်တယ်။ အာရုံပြောင်းပြီး စာဖတ်မယ်လုပ်ကာမှ ဘာသောက်ချင်ပါသလဲဆိုပြီး ဘေးနားမှာ လာပြီး ပြုံးပြနေပြန်ပါပြီ၊ သောက်မလားလို့ မေးသူက နတ်သမီးလေးလို လှတယ်ထင်ရတဲ့ လေယဉ်မယ်၊ တရားသဘောနဲ့ကြည့်ရင် ရူပါရုံ ဆိုတဲ့ ကာမဂုဏ်ကို ပွါးစေတဲ့ သူ၊ ယူလာတဲ့ ပစ္စည်းတွေက အကောင်းစား အရက်၊ အင်း--------ဆိုပြီး သက်ပြင်း ချခဲ့တဲ့ အကြိမ်ဟာ လေယာဉ်ပျံ စီးတိုင်း ဖြစ်နေကြပါ။ ရဟန်းတော်တွေအတွက် လေယာဉ်စီးရတာ အတော့်ကို ရှုံးပါတယ်၊ ပေးထားတဲ့ဈေးနဲ့ မတန်ပါဘူး၊ ဘာဖြစ်လို့လဲဆိုရင် သူတို့က အဲဒီလို ပြုံးပြတဲ့ ၀န်ဆောင်ခ၊ လည်ဟိုက်လေးတွေဝတ်၊ စကပ် အကွဲလေးတွေ ၀တ်ပြီး လူ တစ်ဘက်သား စိတ်ဆင်းရဲအောင် လုပ်ပေးတဲ့ အမူအရာ ၀န်ဆောင်ခ၊ အကောင်းစားအရက်တွေနဲ့ တည့်ခင်း ဧည့်ခံပေးတဲ့ ၀န်ဆောင်ခ၊ ဘာတစ်ခုမှ မသင့်တော်ဘူးလေ။ ရှုံးခဲ့တဲ့ အကြိမ်တွေလည်း မနဲတော့ဘူး။ ဒီတစ်ခါတော့ တန်အောင် သောက်လိုက်မယ်ဆိုပြီး လေယာဉ်မယ်ကို ကပ်ပြီးပြောလိုက်တယ်(----XXXX---------------------XXXXX------------------------XXXXXXXXXXXXX-) တစ်မျိုးမထင်ပါနဲ့၊ လိမ္မော်ရည် သုံးခွက်ပေးပါလို့တောင်းလိုက်တာပါ ။ နောက် နေ့လည်စာ စားသောက်၊ ပြူတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်၊ တိမ်တိုက်တွေပေါ်မှာ ပြေးလွားနေတဲ့ လေယဉ်အတောင်ပံတစ်ခြမ်း၊ ဘာမှ မမြင်ရတဲ့ အထက်ကောင်းကင်၊ တောင်တွေလို ထိုးထိုးထောင်ထောင် ထွက်ပေါ်နေတဲ့ တိမ်တိုက်များ၊ ရွေ့မှန်း မသိ ရွေ့နေတဲ့ လေယာဉ်ပေါ်မှာ တညိမ့်ညိမ့် ခံစားရင်းပေါ့။
လေယဉ် မစီးဘူးသူတို့ရော စီးဘူးသူတွေ ခံစားရတဲ့ အရာ နှစ်ခု ရှိတယ်၊ ကောင်းကင်ကို ထိုးပြီး တက်သွားတဲ့အချိန်မှာ ခေါင်းမူးသလို ခံစားရပြီး အောက်ကို နိမ့်ကျလေ ရင်ထဲ လှပ်ကနဲ လှပ်ကနဲ ခံစားရပါတယ်။ သေချာတာကတော့ နားတွေ ကိုက်တက်ပါတယ်။
တိမ်တိုက်ထူထူတွေကို ဖြတ်ပြီးမောင်းရတဲ့အခါ လေယာဉ် တော့်ကို တုံခါ ပါတယ်၊ အခုလည်း တုံခါ နေတုံးပါ၊ နောက်ထပ် တစ်နာရီခွဲခန့်ဆိုရင် စင်္ကာပူ ချန်ဂီ လေဆိပ်ကို ရောက်ပါတော့မယ်၊ လာကြိုကြမယ့် သူငယ်ချင်းတွေလည်း မျှော်နေလောက်ပါပြီ။ စင်္ကာပူလေဆိပ်မှာလည်း မျက်စိနောက်စရာ လေးတွေ တွေ့ရင် ခံနိုင်ရည်ရှိအောင် စိတ်အလေ့အကျင့်ပေး၊ အာရုံပြောင်းပြီး ခေတ္တ မှေးစက်ခွင့် ပြုပါနော်။ ဘက်ထရီလည်း အားကုန်ခါနီးမို့ နှုတ်ဆက်လိုက်ပါတယ်၊ သင်လည်း ကျွန်န်ုပ်နဲ့ အတူ ခရီးသွားနေတယ်လို့ ခံစားရပါစေ။
ဒေသ စံတော်ချိန် ခုနှစ်နာရီခွဲ တိတိမှာ စင်္ကာပူလေဆိပ်ကို ရောက်ပါပြီ၊ ထူးခြားတဲ့ ခံစားမှု တစ်ခုက ဟော့ဒီ စင်္ကာပူ အင်မီဂရေးရှင်းကိုရောက်တိုင်း ဖြစ်တက်ပါတယ်၊ သူများတွေတော့မသိဘူး၊ ကျွန်တော်တော့ ရင်တွေ တုန်လာတယ်၊ တွေးကြည့်တယ် ၊ မြန်မာလူမျိုးများဖြစ်နေလို့လားပေါ့၊ ဘာမှ တော့ ဆိုင်မယ်မထင်ပါဘူး၊ စပ်မိလို့ပြောတာပါ။ ဒီလိုနဲ့ လမ်းလျှောက်စရာမလိုတဲ့ နေရာမှာ ၀င်ပြီးရပ်၊ ကွန်ပြူတာရှေ့ မတ်တပ် ရပ်နေကြတဲ့ အရာရှိတွေကို တွေ့ပါပြီ။ ဘယ်အရာရှိဆီ ၀င်ပြီး တန်းဆီရမလဲလို့ လမ်းလျှောက်ရင်း တွေးနေတာပါ။ တစ်ခါ တစ်ခါ ကိုယ့်ဘက်က စာရွက်စာတမ်း မပြည့်စုံလို့ ဖြစ်စေ၊ အလုပ် အရမ်းရှုပ်နေလို့ ဖြစ်စေ၊ အဆင်မပြေ ဖြစ်တက်ပါတယ်၊ တစ်ချို့ဆို လေဆိပ်မှာတင် ပြန်ပြိး လှည့်ပြန်သွားရတဲ့ အဖြစ် တွေ့ခဲ့ဘူးပါတယ်။ ဘုရားဂုဏ်တော်ရွတ်၊ ပဋ္ဌာန်းရွတ်၊ ကိုယ် ၀င်မယ့် အရာရှိထံ မေတ္တာပွါး၊ ဟင်း-------------- အခုမှပဲ သက်ပြင်းချလိုက်ပါတော့တယ်၊ လာကြိုကြတဲ့ သူငယ်ချင်းနဲ့ အစ်ကို အမတွေ ရောက်နေကြပြီလေ၊ မတွေ့တာကြာတော့ သတိရကြောင်း ပါကြောင်း ပြောကြ၊ ဗိုက်ဆာတော့ အအေးသောက်၊ ကျောင်းအရောက် လိုက်ပို့ကြတယ်လေ။ ကျေးဇူးများလိုက်ပါဘိ၊ အားကိုး ထိုက်ပါဘိ၊ တက္ကစီ ငှားသွားရင် ဒီခရီး ၂၅ ကျပ်နီးပါလောက် ပေးရမှာ၊ တော်သေးတယ်၊ ကားပါလာလို့ပေါ့။ ခရီးစဉ်က အားလုံး အဆင်ပြေခဲ့ပါတယ်၊ ကျောင်းရောက်ခါနီးမှ ဖေါက်ခဲ့တာပါ၊ ညွှန်တဲ့သူက အူတူတူ၊ မောင်းတဲ့သူက လမ်းမသိ၊ နှစ်ယောက်သား ညှိုပြီးမောင်းလာရင် အိမ်မှားပြီး ၀င်မိပါရောလား၊ ရှက်ကိုး ရှက်ကမ်းနဲ့ ဧည့်သည်လိုလို ဘာလိုလိုနဲ့ ခပ်တည်တည် ကားကို ထားခဲ့ပြီးတော့ အထုတ်တွေ သယ်ချ၊ တစ်ဘက်က ကျောင်းရှိတဲ့နေတာကို ကူးပြီး ဆရာတော့်ထံကို ဦးချ၊ လိုက်ပို့တဲ့ သူတွေ အေးအေး ဆေးဆေး မနေရတော့ဘူးလေ။ သူများခြံထဲ ကားထိုးမိတာကိုး။
လာကြိုကြသူတွေကို ပါလာတဲ့ Cylon Tea ထုတ်ကလေးတွေ လတ်ဆောင်ပေး၊ နှုတ်ဆက် စကားပြောကြားပြီး အားလုံး ထွက်ခွါ၊ ကျွန်တော့်ရဲ့ ကိုလံဘို- စင်္ကာပူ ခရီးသွားမှတ်တမ်း ခဏ ရပ်လိုက်မယ်နော်၊ ပင်ပန်းလို့ အနားယူ၊ ခေတ္တ ကျိန်းစက်နေပါပြီ၊ အဓိပ္ပါယ်မရှိပေမယ့် လမ်းခရီး တွေ့ကြုံရတာလေးတွေကို သီးခံပြီး ဖတ်ပေးတဲ့ အတွက် ကျေးဇူးပါနော်။ ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ ရွှင်လမ်း ဘေးရန်တွေ အားလုံး ငြိမ်းချမ်းပါစေလို့ ဆုတောင်းလိုက်ပါတယ်။