Monday, October 13, 2008

သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)



သီတင်းကျွတ်လသည် မြန်မာတို့ ၏ (၁၂) လရာသီတွင် သတ္တမမြောက်လဖြစ်ပြီး ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည် ။ ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီ ကြယ်နှင့် လမင်းတို့ စန်းယှဉ်ကာ မွန်းတည့်ကြသည် ။ရာသီပန်းမှာ ကြာဖြူပန်း ( Nymphaea Lotus ) ဖြစ်ပါသည် ။
သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သန္တူလ´ ဟုရေးထိုးကြသည် ကိုတွေ့ရပါသည်။ ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့  စုဝေးသော မိုးကာလဟု လည်းကောင်း ၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထားသောစပါးပင်များ သန်စွမ်းစွာထောင်မတ်သောလဟု လည်းကောင်း ပညာရှိများ ဖွင့်ဆိုကြပါသည်။

မန်မာတို့ သည့် စိတ်ရင်းရိုးသား တည်ကြည်ကြသူများ ဖြစ်သည်နှင့်အညီ စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကို ပုဂံခေတ် အနော်ရထာမင်းတရား နှင့်ရှင်အရဟံ မထေရ်မြတ်တို့၏ ကျေးဇူးတရားကြောင့် ဆည်းကပ်ကိုးကွယ်ခွင့် ရကြပြန်သောအခါ ဗုဒ္ဓမြတ်စွာ၏ အဆုံးအမ တရားတော်များနှင့် လိုက်လျောညီထွေစွာ အေးချမ်းပျော်ရွှင်ဖွယ် ကောင်းသော လူနေမှုဘ၀များဖြင့် လောကဓံတရားများကို ရင်ဆိုင်ကျော်လွှားနိုင်သော ၊ ရောင့်ရဲတင်းတိမ်တတ်သော စိတ်နှလုံးကိုခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများ ဖြစ်ကြပါသည် ။ ဤစိတ်ဓာတ်များ အရင်းခံဖြင့် (၁၂) လရာသီရှိသည့်အနက် အခါကြီး၊ ရက်ကြီးနေ့များတွင် ရတနာသုံးပါးအား ရည်စူး၍ ကောင်းမှုကုသိုလ်များ ပြုလုပ်လေ့ရှိကြပါသည် ။

သီတင်းကျွတ် မီးထွန်းပွဲတော်သည် မြန်မာတို့၏ (၁၂) လရာသီ ပွဲတော်များတွင် ထင်ရှားသောပွဲတော် တစ်ခုဖြစ်ပြီး ပွဲတော်စတင်ကျင်းပခဲ့သည့် အစဉ်အလာမှာ ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့စဉ်အခါကပင် ဖြစ်ပါသည် ။ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာ နတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော
သန္တုဿီတနတ်သားအားအမှုးပြု၍ စကြ၀ဠာနေရာ အနှံ့ မှ နတ်ဗြဟ္မာ အပေါင်းတို့ အား အဘိဓမ္မာတရားတော်မြတ်ကို ဟောကြားတော်မူသည် ။သီတင်းကျွတ်လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်းတန်း ၊ ငွေစောင်းတန်း ၊ပတ္တမြားစောင်းတန်းများဖြင့် စီခြယ်အပ်သော ရတနာစောင်းတန်းဖြင့် လူ့ ပြည်ဖြစ်သော သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည် ။ ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့က မီးရှူးမီးတိုင်များ ၊မီးပန်းများ၊ ဆီမီးများ ပန်း၊ ရေချမ်းများဖြင့် ကပ်လှူပူဇော်ကြသည် ။ တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိစေတီတော် ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့ လွှတ်တင် ပူဇော်ကြသည် ။ထိုကဲ့သို့ ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ ခေတ်အခါတိုင်အောင် မြန်မာတစ်နိုင်ငံလုံး၌ နှစ်စဉ်ကျင်းပ ပြုလုပ်မြဲ ဖြစ်သည် ။
သီတင်းကျွတ် လပြည့်နေ့တွင် ပုရိမ၀ါမှ ထမြောက်ကြသော သံဃာတော်အရှင်မြတ်များ သည် မိမိတို့အချင်းချင်း အပြစ်ကြီးငယ်ရှိပါက သည်းခံခွင့်လွတ်ရန်၊ လမ်းမှန်ကိုညွန်ပြရန်၊ သွန်သင်ဆုံးမရန် တောင်းပန်ကြပြီး ပ၀ါရဏာပြုကြပါသည်။ ထို့ကြောင်း သီတင်းကျွတ် လပြည့်နေ့ကို ပ၀ါရဏာနေ့ဟုလည်း ခေါ်ကြပါသည်။
ထို့အတူ မြတ်ဗုဒ္ဓ၏ အဆုံးအမ၌ တည်ကြသော မြန်မာလူမျိုးတို့သည်လည်း မိမိထက်အသက် ဂုဏ်ဝါကြီးသူ၊မြင့်မြတ်သူ၊ ရိုသေလေးစားထိုက်သူတို့အပေါ် အပြစ်ကြီးငယ်များရှိပါက သည်းခံခွင့်လွတ်ကြရန် ငယ်သူ ၊ နိမ့်ကျသူတို့က ပူဇော်ကန်တော့လေ့ ရှိကြသည်။ ထို့ပြင် ဤထူးမြတ်သော ၀ါကျွတ်သော အချိန် အခါသမယတွင် မိမိတို့တတ်နိုင်သမျှ ပူဇော် သက္ကာရတို့ ဖြင့် သက်ကြီးဝါကြီးများ ၊ မိဘဆရာများကို ပူဇော်ကန်တော့လေ့ရှိကြ၏ ။ထို့ကြောင့် ၀ါကျွတ်ကာလသည် မြန်မာတို၏ တစ်ဦးကို တစ်ဦး ရိုသေလေးစားတတ်သော သဘော ၊မာန်မာနကို နှိမ့်ချတတ်သော သဘော၊ အပြန်အလှန် မေတ္တာစေတနာ ထားတတ်သောသဘော စသည်ဖြင့် အမျိုးကောင်း သားသမီးတို့၏ ယဉ်ကျေးသိမ်မွေ့သော စိတ်နေစရိုက် ကိုဖော်ကျူး ပြသနေသော အမျိုးဂုဏ်ကို မြှင့်တင်ပေးနေသည့် အချိန်အခါ ဖြစ်ပါသည်၊၊
သို့ဖြစ်ရာ မြန်မာပြည်များအားလုံး `ကောင်းသောအကြံ ၊မှန်သောအကျင့် ၊ သင့်သောအယူ ၊ဖြူသောနှလုံး ၊ သူတော်ထုံး´ တို့ ဖြင့် သီတင်းကျွတ် မီးထွန်းပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွဲ နိုင်ကြပါစေ..ဟု ဆန္ဒပြုလိုက်ပါသည်။ ။
ဖော်ပြပါကဲ့သို့ သီတင်းကျွတ်ကာလ၏ ပျော်ရွှင် ချမ်းမြေ့.သာယာပုံကို ရှေးစာဆိုတစ်ဦး၏ ကဗျာတသ်ပုဒ်ဖြင့် နိဂုံးချုပ်လို့်က်ရပါသည်။



..ဆီမီးရယ်ထိန် ၊ အိုင်မင်းရေကြည်က .. ၊
...ကြာငါးမည် ငုံအာစွင့်တယ်.. ၊ ဖူးပွင့်ချိန်ခါ .. ။
...အဿဝဏီ ယှဉ်ကာချဉ်းပါလို့ .. ၊ လင်းလာတဲ့

ငွေတာရိန်ရယ်.. ၊
...ပြာမှိန်လျက် မြူချေဆိုင်း .. ။
...ဂါရဝေ ၊ သဒ္ဒါခြွေ ကန်တော့ပွဲကိုလ .. ၊
...မစဲပေါင် ကုသိုလ်နှိုးကြတယ် .. ၊ မျိုးမြန်မာတိုင်း။ ။

ရက်ရောခြင်းရဲ့ ရလဒ်

ဟိုးအရင် အင်္ဂလန် စာကြည့်တိုက် (British Library) အဟောင်းက မပြုပြင်တာကြာလို့ ဟောင်းနွမ်းနေတာကြောင့် နေရာသစ်မှာ အသစ်တစ်ခုဆောက်ခဲ့ကြတယ်။ စာကြည့်တိုက်အသစ် ဆောက်ပြီးတဲ့နောက် အဟောင်းဖက်ကနေ စာအုပ်တွေ ရွေ့ဖို့ စီစဉ်ကြပြန်တယ်။

ဒါဟာ သာမန်အရွေ့အပြောင်း အလုပ်တစ်ခုပါ။ ဘာစီစဉ်စရာမှ မလိုဘဲ ရွေ့ပြောင်းရေး ကုမ္ပဏီကို ဖုန်းဆက်ပြီး ကုမ္ပဏီက ကားလာရင် စာအုပ်ကို ကားပေါ်တင် ပြောင်းရွေ့ကြရုံပါပဲ။ ဒါပေမယ့် ပြောင်းရွေ့ရမယ့် ကုန်ကျစရိတ်က စတာလင်ပေါင် ၃၅သိန်း ကုန်ကျမယ်လို့ ဆိုပါတယ်။ စာကြည့်တိုက်မှာ လုံလောက်တဲ့ငွေ မရှိခဲ့ဘူး။ မကြာခင် မိုးရာသီက ရောက်လာတော့မယ်။ စာအုပ်တွေ မိုးစိုရင် ဆုံးရှုံးမှုက ဒီထက်များတော့မယ်။

ဘယ်လိုလုပ်ကြမလဲ? စာကြည့်တိုက်မှူးက ရှိသမျှ အကြံတွေ ထုတ်ခဲ့ပေမယ့် အရာမရောက်ခဲ့ဘူး။ အဲဒီအချိန်မှာ စာကြည့်တိုက် ဝန်ထမ်းတစ်ဦးက သူ့မှာအကြံရှိတယ်။ ဒါပေမယ့် စတာလင်ပေါင် ၁၅သိန်း လောက်လိုလိမ့်မယ်လို့ ဆိုတော့ စာတိုက်မှူးက ဒီအကုန်အကျကို စာကြည့်တိုက်က ပေးနိုင်တဲ့အတွက် ဝမ်းသာအားရ လက်ခံလိုက်တယ်။

“ ခင်ဗျားအကြံကို အမြန်ပြောပါ” စာတိုက်မှူးက အလျှင်စလိုမေးလိုက်တယ်။

“မပြောခင် ကျွန်တော် တစ်ခု တောင်းဆိုချင်ပါတယ်”

“ပြောပါ”

“တကယ်လို့ အဲဒီ ၁၅သိန်းမှာ မသုံးဖြစ်ပဲ ပိုလျှံတဲ့ငွေ ရှိခဲ့ရင် ကျွန်တော့်ကို ပေးနိုင်မလား”

“ ဒါလေးများ ... ၃၅သိန်းကုန်မယ် ဆိုတုန်းကတောင် ပိုက်ဆံမလုံလောက်လို့ မပြောင်းဖြစ်ခဲ့တာ။ ၁၅သိန်းထဲက ပိုတာရှိရင် မောင်ရင်ကို အကုန်ပေးမယ်”

“ဒီလိုဆိုရင် သဘောတူညီကြောင်း ကျွန်တော်တို့ လက်မှတ်ထိုးရအောင်”

နှစ်ဖက် သဘောတူလက်မှတ် ထိုးပြီးနောက် စာအုပ်တွေကို စပြောင်းရွေ့ကြတယ်။ ခန့်မှန်းထားတဲ့ ကုန်ကျစရိတ် ၁၅သိန်းကို တစ်ပဲတစ်ချပ်မှာ အသုံးမပြုဘဲ ပြောင်းရွေ့ခဲ့ကြတယ်။

အမှန်က သတင်းစာတွေမှာ “ ယနေ့မှစ၍ အင်္ဂလန်စာကြည့်တိုက်မှ စာအုပ်များကို အခမဲ့ အုပ်ရေ အကန့်အသတ်မရှိ ငှားရမ်းပေးနေပြီဖြစ်သည်။ စာအုပ်များကို စာကြည့်တိုက်ဟောင်းတွင် ငှားပြီး စာကြည့်တိုက်သစ်တွင် အပ်ရမည်ဖြစ်သည်” လို့ ကြော်ငြာလိုက်တာပါပဲ။

ရက်ရောမှုတစ်ခုအတွက် ရလဒ်က အများကြီးပါ။ ဒီနေ့ ကျွန်မတို့ ဘာရက်ရောခဲ့ပြီလဲ?

နိုင်းနိုင်းစနေ ဘာသာပြန်သည်။
http://share.youthwant.com.tw/sh.php?do=D&id=31020592

ရေးသားသူ....... နိုင်းနိုင်းစနေ at 9:31:00 AM

ပန်းသီးထဲက ကြယ်တစ်ပွင့်

တစ်နေ့မှာ သူငယ်တန်းတက်နေတဲ့ မြေးလေးက ပန်းသီးတစ်လုံးကိုင်ပြီး အဘိုးဆီပြေးလာတယ်။

“ဘိုးဘိုး.. ဘိုးဘိုး...”

“ ဘာလဲ မြေးလေး”

“ပန်းသီးထဲမှာ ကြယ်တစ်ပွင့်ရှိတယ်”

“ဘယ်လိုလုပ်ပြီး ပန်းသီးထဲမှာ ကြယ်ရှိမလဲ ငါ့မြေးရဲ့”

“တကယ်ပါ ဘိုးဘိုး... ပန်းသီးထဲမှာ တကယ့်ကြယ်တစ်ပွင့်ရှိတယ်”

“ဒါဆို ဘိုးဘိုးကို ပြစမ်း”

အခိုင်အမာနဲ့ ယုံယုံကြည်ကြည် ပြောနေတဲ့ ကလေးငယ်ရဲ့ စူးစမ်းချင်စိတ်ကို အဘိုးအို စိတ်ဝင်စားသွားမိတယ်။

“သားကို ဓားပေးပါ ဘိုးဘိုး”

ကလေးငယ်မှာ ဓားယူပြီး ပန်းသီးကို အလယ်ကနေ ကန့်လန့်ခွဲဖို့ ပြင်လိုက်တယ်။ ဒါကို အဘိုးက မြင်တော့

“မြေးလေး ဒီလို မခွဲရဘူး။ အညှာကနေ ဒီလို ခွဲချရတယ်” လို့ ပြောလိုက်တယ်။

အခု ဒီစာဖတ်နေတဲ့ လူတွေကော ပန်းသီးကို ဘယ်လိုခွဲကြပါသလဲ? (ဒီအတိုင်း ကိုက်စားတယ်လို့ ဘုကန့်လန့် မဖြေနဲ့ပေါ့နော်) အဘိုးအိုလိုပဲ ပန်းသီးကို အတည့်ထောင်ပြီး ထက်ဝက် ခြမ်းလိုက်တတ်ကြတယ် မဟုတ်လား? တကယ်လည်း ၉၉% လောက်က အဘိုးအိုလိုပဲ ပန်းသီးကို ခွဲကြမယ်ထင်ပါတယ်။ ဒါဟာ အကျင့်တစ်ခု၊ လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်ကောင်းဖြစ်နေလိမ့်မယ်။ ဒီလိုအတည့်ထောင်ပြီး ထက်ခြမ်းခြမ်းတာကလည်း ပန်းသီးခွဲနည်းရဲ့ “တစ်ခုတည်းသောနည်း” ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ ဒါကြောင့် ကန့်လန့်ဖြတ်ပြီး ထက်ဝက်ခြမ်းတဲ့ ကလေးရဲ့ အပြုအမှုကိုမြင်တော့ ဒီလိုခွဲနည်းက မှားနေတယ်ထင်ပြီး ကလေးကို ဟန့်တားဖို့ ကြိုးစားခဲ့တယ်။ အဘိုးအိုက ကျွန်မတို့အတွက် ကြည့်မှန်တစ်ချပ် ဖြစ်ခဲ့ပြီလား?

“ဘိုးဘိုး.. သားက ဒီလို ခွဲချင်တာ”

အဘိုးအိုရဲ့ အဟန့်အတားကို မြေးလေးက ဆိုးဆိုးနွဲ့နွဲ့ ဆန့်ကျင်လိုက်တယ်။

“ကောင်းပြီ.. ကောင်းပြီ... လက်ကိုလည်း သတိထားအုန်းနော်”



ကလေးငယ်က ပန်းသီးကို ကန့်လန့်ဖြတ် ထက်ဝက်ခွဲချလိုက်တယ်။ ထက်ခြမ်းကွဲသွားတဲ့ ပန်းသီးထဲက ပန်းသီးစေ့တွေဟာ ကြယ်ပုံသဏ္ဍာန် ဖြစ်နေတာကို တွေ့လိုက်ရတယ်။ ဒီအသက်အရွယ်အထိ ပန်းသီးစားလာခဲ့တဲ့ အဘိုးက ပန်းသီးထဲမှာ တကယ်ပဲ လှပတဲ့ ကြယ်တစ်ပွင့်ရှိကြောင်းကို အခုမှ သိလိုက်ရတယ်။

ပန်းသီးထဲက ကြယ်တစ်ပွင့်ကို မြင်တွေ့ခဲ့ဖူးပါသလား?

တစ်သတ်မှတ်တည်း မဟုတ်ဘဲ ဘက်ပေါင်းစုံကနေ ဘဝကို ခံစားတတ်ဖို့၊ အလှည့်အပြောင်းတစ်ခုနဲ့ ကိုယ့်နေ့ရက်ကို ပျော်ရွှင်တဲ့ အရောင်လေးတွေ ခြယ်တတ်ဖို့ ဒီစာက ကျွန်မတို့ကို ပြောသွားခဲ့ပါတယ်။

နိုင်းနိုင်းစနေ

Template by : kendhin x-template.blogspot.com