Tuesday, August 4, 2009

ဘုရားတည်ခြင်းသည် သာသနာပြုခြင်းလော။

ဘုရားတည်ခြင်းသည် သာသနာပြုခြင်းလော။
July 5, 2009 by mettayate
“မြန်မာလူမျိုးတို့၏တိုးတက်မှု ဟူသမျှသည် ဗုဒ္ဓ၀ါဒ၌သာ အခြေံ၍ ဗုဒ္ဓသာသနာတော် ဆုတ်ယုတ်ခြင်းသည် မြန်မာလူမျိုးတို့၏ ကျရှုံးခြင်းပင် ဖြစ်ပါတော့သည်” ဟူသောစကားသည် “မြန်မာတို့၏အသက်သည် ဗုဒ္ဓဘာသာဟုပင် ဆိုလိုက်ခြင်းဖြစ်၏။” ထို့ကြောင့် ဗုဒ္ဓဘာသာကွယ်ပျောက်လျှင် မြန်မာလူမျိုးကမ္ဘာမှ ကွယ်ပျောက်သွားသည်နှင့် အတူတူပင်။

တစ်ခါက မိဘမဲ့ကလေးများကို စောင့်ရှောက်မွေးမြူနေသော ဆရာတော်တစ်ပါးသည် အသိတစ်ယောက်၏ လမ်းညွှန်ချက်ဖြင့် ရန်ကုန်မြို့ရှိ သူဌေးကြီးတစ်ယောက်ထံ ရောက်လာပြီး အကူအညီတောင်းကြည့်သည်။
သူဌေးကြီးပြန်ပြောသည်က -
တပည့်တော်က ဒီလိုအလှူမျိုးတွေ ၀ါသနာမပါဘူး။ တောတောင်တွေထဲမှာ ဘုရားတည်တဲ့ သာသနာပြုအလုပ်ပဲလုပ်တယ်။ တပည့်တော်ရဲ့ ဘဘုရား (ဘိုးတော်)ကလည်း ဘုရားတည်တဲ့ ကုသိုလ်ပဲ လုပ်ရမယ်လို့ အမိန့်ချထားလို့ပါ။
ထိုသူသည် ဗုဒ္ဓဘာသာဝင်ဖြစ်သော်လည်း နတ်မျိုးစုံ၊ ဘိုးတော်၊ မယ်တော် ကို အဓိကထား ကိုးကွယ်သူများမှာ ဗုဒ္ဓဘာသာအသက် ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေသူဟု ဆိုထိုက်သလို ရတနာသုံးပါးကို ပယ်ထားသည့်အတွက် သရဏံဂုံလည်း ပျက်ပါတယ်။ ထိုသို့သောသူများတည်သော ဘုရားသည် မြေပြင်မှာတည်နေသော ဘုရားများသာ ဖြစ်ပြီး တကယ့်အရေး တကယ်ဘေးတွင် ဗုဒ္ဓသာသနာမကွယ်ပျောက်အောင် စောင့်ရှောက်ကြမည်ဖြစ်သည်။

“သာသနာပြုခြင်း အဓိပ္ပါယ်
သာသနာ ဟူသည် အဆုံးအမ။”

“မည်သူ၏ အဆုံးအမနည်း ဟုဆိုလျှင်
ဗုဒ္ဓ၏ အဆုံးအမပင် ဖြစ်၏။”

“ ဗုဒ္ဓက မည်ကဲ့သို့ ဆုံးမခဲ့သနည်း။
သီလ သမာဓိ ပညာ သိက္ခာသုံး မိမိသန္တာန်မှာ ဦးစွာတည်အောင် ကြိုးစားဖို့ ဆုံးမ၏။
ဤသည်မှာ မိမိသန္တာန်ကို ဦးစွာ သာသနာပြုခြင်း မည်၏။”

မိမိသန္တာန်တွင် သာသနာသုံးရပ်တည်ပြီးလျှင် သူတစ်ပါး သန္တာန်တွင် သာသနာသုံးရပ်တည်အောင် စာသင်တိုက်များ ဖွင့်လှစ်၍ စာပေများကို ပို့ချသင်ကြားပေးခြင်း၊ ရိပ်သာများတည်ထောင်ပေး၍ တရားဓမ္မများ ဟောပြောပြသခြင်းများသည် သူတစ်ပါး သန္တာန်၌ သာသနာပြုခြင်းပင် ဖြစ်၏။
ထို့ကြောင့် တကယ်သာသနာပြုနေသူများသည် စာချဆရာတော်များ၊ တရားပြဆရာတော်များပင် ဖြစ်၏။ သို့သော် ဗုဒ္ဓဘာသာအများစုကား ဘုရားတည်သော ဘိုးတော် မယ်တော် နှင့် တောထွက်ရဟန်းအချို့ကိုသာ သာသနာပြုပုဂ္ဂိုလ်များ ထင်မြင်နေကြ၏။ ထင်ရခြင်း၏အကြောင်းမှာ ဘုရားတည်သောသူများက သာသနာပြု ဟူသော ဆိုင်းဘုတ်ကို ကြီးကျယ်စွာ ထောင်နေကြသောကြောင့်ဖြစ်၏။
အမှန်အားဖြင့် ဘုရားတည်ခြင်းကို သာသနာပြုခြင်း ဟု မခေါ်နိုင်ပေ။ ဒါနပြုခြင်းဟုသာ ခေါ်ဆိုနိုင်၏။
ထိုကဲ့သို့ သာသနာပြုခြင်း၏ အဓိပ္ပါယ်ကို သေချာမသိခြင်းကြောင့် ပြည်နယ်မြို့နယ်ရွာရှိ ဒကာ ဒကာမများသည် ဘုရားတည်သော ဘုန်းကြီးများကိုသာ အဓိကထားလှူကြပြီး စာသင်တိုက်နှင့် တရားပြဆရာတော်များကို ပစ်ထားကြသောကြောင့် ထိုမြို့နယ်၌ စာသင်တိုက်များနှင့် တရားပြစခန်းများ ၀မ်းနည်းဖွယ်ရာ ပျောက်ကွယ်သွားကြလေပြီ။


ဘုရားတည်ခြင်း နှစ်မျိုး
ဘုရားတည်ခြင်းသည် မြေပြင်မှာတည်ခြင်း နှင့် လူများ၏ နှလုံးသား၌တည်ခြင်း ဟူ၍ နှစ်မျိုးရှိ၏။
မြေပြင်မှာ တည်သော ဘုရားများသည် သဘာဝရာသီဥတုဒဏ်ောကာင့် နျစ်အနည်းငယ်ကြာလျှင် ပျက်စီးပျောက်ကွယ်သွားရသည်သာဖြစ်၏။ စာပေများသင်ကြားပို့ချပေးခြင်း၊ တရားပွဲများတရားစခန်းများ ကျင်းပ၍ ဟောကြားပြသပေးခြင်းများသည် လူတို့၏ နှလုံးသား၌ ဘုရားတည်ပေးခြင်းပ်ငဖြစ်၏။
တကယ့်အရေး တကယ့်ဘေးနှင့် ကြုံရသောအခါ မြေပြင်မှာ တည်ထားသော ဘုရားစေတီများသည် သာသနာမကွယ်ပျောက်အောင် တားဆီးကာကွယ်နိုင်စွမ်း မရှိပေ။
ထိုအချက်ကို ဗုဒ္ဓဘာသာကွယ်ပျောက်သွားသော နိုင်ငံများမှ ရုပ်ပွားစေတီများက သက်သေပြလျက်ရှိ၏။ မြန်မာနိုင်ငံ ကဲ့သို့ တစ်ချန်က ဗုဒ္ဓဘာသာထွန်းကားခဲ့သော အင်ဒိုးနီးရှားနိုင်ငံတွင် ပေလေးရာပတ်လည်မျှကြီးမားသော ဗောဓောဗုဓု အမည်ရှိ ကျောက်စေတီတော်ကြီး ရှိနေသော်လည်း ဗုဒ္ဓဘာသာဝင်များ မရှိတော့ပေ။ အာဖဂန်နစ္စတန်နိုင်ငံ ဘာမီယန်မြို့တွင် ပေတစ်ရာကျော် မြင့်မားသော ကျောက်ဆင်းတု ရုပ်ပွားတော်ကြီးများ ရှိသော်လည်း ဗုဒ္ဓဘာသာဝင်တို့ကား မရှိတော့ပေ။

အတွေးအခေါ် ဉာဏ်ပညာကြီးမားသော သူများသည် သူတစ်ပါးအမှားကိုကြည့်ပြိး သင်္ခန်းစာ ယူတတ်ကြ၏။
အတွေးအခေါ် ဉာဏ်ပညာနည်းပါးသူသည် သူတစ်ပါးအမှားကိုကြည့်ပြီး ကိုယ်မမှားအောင် သင်္ခန်းစာ မယူတတ်ကြ။ ကိုယ်တိုင်မှားမှ သင်္ခန်းစာယူတတ်ကြသည်။
အတွေးအခေါ် ဉာဏ်ပညာအနည်းဆုံးသူများကား ကိုယ်ကိုယ်တိုင်မှားတာကိုပင် သင်္ခန်းစာ မယူတတ်ကြ။


ဒင်ကျီးငှက်၏ သာသနာပြုနည်း

ဗုဒ္ဓဘာသာ၏ သာသနာပြုနည်းသည် ဗျိုင်းနှင့်တူတယ်။ ဗျိုင်းဟာ ရေပေါ် ပေါ်လာတဲ့ငါးကိုသာ ဖမ်းစားပြီး ရေအောက်ထဲက ငါးကိုမဖမ်းဘူး။ ထို့အတူ ဗုဒ္ဓဘာသာရဟန်းအများစုကလည်း မြို့ပေါ် ရွာပေါ်ကတွေ့သမျှ လူလောက်ကိုပဲ ဟောပြောပြပြီး သာသနာပြုတယ်။ ဝေးလံခေါင်သီတဲ့ တောရွာတွေထိလိုက်ပြီး သာသနာမပြုကြဘူး။
အခြားဘာသာခြားတွေကတော့ ဒင်ကျီးငှက်နှင့်တူတယ်။ ဒင်ကျီးငှက်ဟာ ရေပေါ် ပေါ်လာတဲ့ငါးကိုလည်း ဖမ်းစားပြီး ရေအောက်ထဲက ငါးကိုလည်း ဖမ်းစားတယ်။ ထို့အတူ ဗုဒ္ဓဘာသာမှတပါး တခြားသောဘာသာခြားဆရာတွေဟာ မြို့ပေါ် ရွာပေါ်အထိ သူတို့ရဲ့သာသနာပြုတယ်။ ဝေးလံခေါင်သီတဲ့ တောရွာတွေမှာလည်း သူတို့ရဲ့သာသနာကို ဖြန့်တယ်။
ဒါ့ကြောင့် ခေါင်တဲ့အရပ်တွေမျာဆိုရင် ဗုဒ္ဓဘာသာ သာသနာပြုတွေမရောက်တဲ့အတွက် ဘာသာခြားတွေ များနေတာလို့ ပြောပါတယ် ဘုရား။ (ဘာသာခြားလူငယ်တစ်ယောက်၏ ထင်မြင်ချက်)


ရုပ်ပွားတွေတိုး ကလေးတွေလျှော့
ရုပ်ပွားတော်များကို စက်ရုံမှ ထုတ်သလို လိုအပ်သည်ထက် ပိုမိုထုလုပ်ကြသောအခါ တန်ဘိုးနည်းသွား၏။ ဗုဒ္ဓဘာသာကလေးများကို ဘာသာခြားသူဋ္ဌေးများက သူတို့ဘာသာအတွက် အင်းစိန်တို့ လှိုင်သာယာတို့တွင် ခြံကျယ်ကြီးများဝယ်ပြီး ကားဝပ်ရှော့ရုံကြီးများ၊ ကားဘောဒီရုံများတည်ပြီး ထမင်းလည်းကျွေး၊ အသက်မွေးဝမ်းကျောင် ပညာလည်းသင်ပေး၊ လစာလည်းပေးသောကြောင်း ဆင်းရဲသော ဗုဒ္ဓဘာသာကလေးရာပေါင်းများစွာ ရောက်လာကြပြီး ဘာသာခြားထဲ ရောက်သွားကြ၏။
တစ်ထောင်ရုပ်ပွားတောများ တိုးတိုးလာသလောက် ဗုဒ္ဓဘာသာကလေးများ လျော့လျော့သွားသည်ကို ဗုဒ္ဓဘာသာ ရဟန်းရှင်လူတိုင်း အထူးသတိပြုသင့်လှ၏။
(တခြားဘာသာမှ ဗုဒ္ဓဘသာသာသို့ ပြောင်းဝင်လာခြင်းသည် အခြားဘာသာထက် ဗုဒ္ဓဘာသာက မြတ်သောကြောင့် ဖြစ်၏။
ဗုဒ္ဓဘာသာမှ အခြားဘာသာပြောင်းဝင်သွားခြင်းကား အခြားဘာသာက ဗုဒ္ဓဘာသာထက် မြတ်သောကြောင့်မဟုတ်။ (ငတ်သော ဆင်းရဲသော) ကြောင့် ဖြစ်၏။)
အမရပူရမြို့၊ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးဆိုလျှင် တန်ဆောင်းတစ်ခုတွင် သပ္ပါယ်သော ရုပ်ပွားတစ်ဆူသာ ထားသင့်ကြောင်း၊ ကျောင်းတိုက်တစ်ခုတွင်လည်း ရုပ်ပွားတော်တစ်ဆူသာ ထားသင့်ကြောင်း သြ၀ါဒပေးတော်မူခဲ့၏။ ဘုရားရုပ်ပွားတော်ပင့်ထားလျှင် သက်တော်ထင်ရှားဘုရားရှင်ရှေ့တွင် နေသလို နေနိုင်မှကောင်သည်။ မနေနိုင်လျှင် ပင့်မထားသင့် ဟု သြ၀ါဒပေးတော်မူခဲ့သည်။
ယခုခေတ်တွင် ဘုရားတည်ယောင်ပြပြီး ဂဏန်းပေးသော ဘုန်းကြီးများ တွင်ကျယ်နေ၏။ ထိုဘုန်းကြီးမျိုးဆိုလျှင် ဒကာ၊ ဒကာမအများစုက ကိုးကွယ်ဆည်းကပ်ကြ၏။
ထို့ကြောင့်လည်း အသက်မွေးဝမ်းကျောင်းမှုကို ကြောက်သောကြောင့် သာသနာ့ဘောင်ဝင်လာသော ဘယပဗ္ဗဇိတ တောထွက်များ၊ ထောင်ထွက်များ၊ အရက်သမားများ၊ ရသေ့ယောင်များ၊ ဘိုးတော်များသည် ဘုရားတည်မည်ဟုဆိုကာ အုတ်မြစ်လောက်စီပြပြီး ဂဏန်းပေးကာ မသိနားမလည်သူ၊ ဘာသာရေးကို အရောင်းအ၀ယ်လို အဘောထားသူ ဒကာ၊ ဒကာမတို့ထံမှ ရသမျှ ငွေညှစ်တော့သည်။
သာသနာကွယ်ခြင်းအဓိကအကြောင်းရင်းသည်လည်း ထိုသို့သော အကြောင်းရင်းများကြောင့် ဖြစ်၏။

အညွှန်း – မြန်မာတို့၏အသက် စာအုပ်။
Posted in ထေရ၀ါဒ(သို့) မူလ (သို့) စစ်မှန်သော ဗုဒ္ဓဘာသာဝင် ဆိုတာ |

Template by : kendhin x-template.blogspot.com