ဗုဒ္ဓမြတ်စွာသည် သတ္တ၀ါတို့၏ ချမ်းသာဖို့အကျိုးငှာ ပွင့်တော်မူလာ၏။ ချမ်းသာ ဟု ဆိုရာတွင် နောက်ဘ၀ရောက်မှ ရရှိမည့် ချမ်းသာမျိုးသာမက ဤဘ၀တွင်ပင် ရနိုင်သော ချမ်းသာမျိုးလည်း ပါဝင်သည်။
ခေတ်လူအချို့က ဗုဒ္ဓမြတ်စွာ၏ တရားတော်သည် ဟိုဟာမလုပ်ရ၊ သည်ဟာ မလုပ်ရ ဟူသော ပညတ်ချက်တွေကြောင့် လူကို မတက်ကြွစေဘဲ ထုံထိုင်း ဖျင်းအ အောက်ကျ နောက်ကျဖြစ်စေ၏ ဟု ယူဆ၍ တိုင်းပြည်ထူထောင်ရာတွင် ဗုဒ္ဓတရားတော်ကို ကြဉ်ဖယ်လိုကြသည်။
ထိုသူတို့အား ဗိမ္ဗိသာရမင်း၊ ဓမ္မာသောကမင်း၊ ဒုဋ္ဌဂါမဏိမင်း တို့နှင့် သီဟ စစ်သူကြီး ၊ မင်းကြီးရန်နောင်စသော ဗုဒ္ဗဘာသာခေါင်းဆောင်တို့ကို ညွှန်ပြလိုပါသည်။
ဗိမ္ဗိသာရမင်း။ ။ ဗိမ္ဗိသာရမင်းသည် မိမိကိုယ်တိုင် သောတာပန်ဖြစ်ပြီးလျှင် ဘုရားရှင်ကို ဝေဠုဝန်ကျောင်း ကျောင်းတော်တွင် ကိုးကွယ်ကာ ကြီးစွာသော စစ်တပ်ဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပါသည်။
ထိုမင်းလက်ထက်တွင်
(က) သူပုန်ထသောကြောင့် စစ်တပ်ကိုလွှတ်ရသောကိစ္စ
(ခ) သူပုန်အနှိမ်သွားခါနီးမှ ရဟန်းပြုကြသောစစ်သားအချို့၏ မတရားမှုကြောင့် ဥပဒေပြုရသောကိစ္စ၊
(ဂ) အခါကြီး နေ့ကြိးများတွင် သားငါးမသတ်ရ ဟု ကြွေးကြော်ရသောကိစ္စ၊ဤကိစ္စကို ထောက်ထား၍ နေ့ကြီး ရက်ကြီးမဟုတ်သောနေ့များတွင် သားငါးနှင့် စပ်၍ ဖြစ်ပုံကို စဉ်းစားနိုင်သည်၊ ဤကိစ္စများဖြစ်ခဲ့ရသည့် အပြင်
(ဃ) တရားသူကြီးတို့က ရာဇ၀တ်သားကို တံကျင်လျှို၍ သတ်ရမည် ဟု အမိန့်ချသောကြောင့် ကာက၀လ္လိယဇာတ် ဟု သိနေကြသော ကာဠ ၀ဠိယ ဇာတ်လည်း ထိုဗိမ္ဗိသာရမင်း၏ လက်ထက်မှာပင် ဖြစ်ခဲ့ရသည်။
ဒုဋ္ဌဂါမဏိမင်း။ ။ ဒုဋ္ဌဂါမဏိ အဘယမင်းကား မိမိကိုင်နေကျ လှံထိပ်ဝယ် ဗုဒ္ဗမြတ်စွာ၏ ဓာတ်တော်ကို ဌာပနာထားလေသည်။ ထိုမင်းသည် သာသနာ့အဆောက်အအုံတွေကို ဖျက်စီးနေသော သာသနာ့ ရန်သူများကို စစ်ထွက်ကာနီးဝယ် အရွယ်ကောင်းသော ရဟန်းတော်ငါးရာတို့ကို ပင့်၍ သွားလေသည်။ ထိုအခါတွင် အမြဲ အဓိဋ္ဌာန်သော ဆောင်ပုဒ်ကား
ငါ့တွက်မြားမြောက် ချမ်းသာရောက်ဖို့
ခုလောက်ကြိုးကုတ် အားမထုတ်ဘူး၊
ဗုဒ္ဗမြတ်စွာ သာသနာ၏
ရှည်ကြာအဓွန့် ရောင်လျှံကွန့်ဖို့
စွန့်စွန့်စားစား ငါကြိုးစားသည်
ငါ့အားစိတ်ဝယ် အမြဲတည်း။
ဓမ္မာသောကမင်း။ ။ ဓမ္မာသောကမင်းကား ဗုဒ္ဗတရားတော်ကို ယုံကြည်၍ သာသနာပြုမင်းဖြစ်သော အခါ လူနှင့်ဆိုင်သော ကိုယ်ကျင့်တရားကို အနှံ့အပြား ကျောက်တိုင်စိုက်စေပြီးခါမှ တိုင်းပြည်အုပ်ချုပ် ရာဝယ် ရှေးကထက် လွယ်ကူကြောင်းကို တွေ့ရပါသတဲ့။
စစ်သူကြီးနှင့် မင်းကြီး။ ။ သီဟ မည်သော စစ်သူကြီးကား မိမိက သောတာပန်ဖြစ်သော်လည်း စစ်သေနာ ပတိအဖြစ်ဖြင့် စစ်တပ်ကို ဦးစီး ခဲ့ပါသည်။ မင်းကြီးရန်နောင်၏ သာသနာဖျက် သူပုန်မင်းကို ဘာသာဝင် မူးမတ်များနှင့်အတူ နှိမ်နှင်း၍ ဗုဒ္ဗဘာသာကို ကယ်တင်ခဲ့ခြင်းမှာလည်း ရာဇ၀င်အထင်အရှားပင်တည်း။
ဤသို့ ရှေးဗုဒ္ဗဘာသာဝင်တို့၏ တိုင်းပြည်အုပ်ချုပ်၍ အလုပ် လုပ်ပုံကို လေ့လာကြည့်သောအခါ ရှေးရှေး ဓမ္မသတ်ဥပဒေအတိုင်း အုပ်ချုပ်ရာတွင်လည်းကောင်း၊ ကယ်တင်မှု လုပ်ရတွင်လည်းကောင်း၊ ဗုဒ္ဗဘာသာက အနှောက်အယှက် မပေးခဲ့ကြောင်းကို တွေ့ရပါသည်။
ခေတ်လူငယ်အချို့ကား ဗုဒ္ဗတရားတော်သည် လောကီဘက်က တိုးတက်နေသော ယခု ကမ္ဘာဝယ် လိုက်မမှီနိုင်တော့ဟု ယူဆကြ၏။ ဗုဒ္ဗမြတ်စွာ၏ တရားတော်တွင် မည်သည့် တရားတော်က လောကီကြီးပွါး ရေးကို တားမြစ်ပါသနည်း။ မင်္ဂလာတရားဟူသည် ခုဘ၀ နောက်ဘ၀ နှစ်ဌာနလုံးတွင်ပင် ကြီးပွါးချမ်းသာကြောင်း တရားဖြစ်ပါသည်။။ ထိုမင်္ဂလာတရားတော်တွင်
(က)ဗာဟုဿစ္စဉ္စ-အကြားအမြင် အတွေ့အကြုံ များရခြင်း ဟု ပါရှိ၏။ ယခုခေတ် သုတေသန လုပ်ခြင်းမျိုးပင်တည်း။ ထို ဗာဟုဿစ္စဉ္စ မင်္ဂလာသည် မည်ရွေ့မည်မျှသော သုတေသန လုပ်ရမည်ဟု ကန့်သက်ချက် မရှိရကား သုတေသန လုပ်ရာတွင် ခေတ်အလိုက် ကျယ်ကျယ်ပြန့်ပြန့်ုလုပ်နိုင်ကြောင်း သိသာပါသည်။ ထို့ကြောင့် ယခုအခါတွင် ကောင်းကင်သို့ ဂြိုလ်တု လွှတ်၍ သုတေသနပြုခြင်း၊ မြေရေ တို့တွင် သုတေသနပြုခြင်းများသည် ဗာဟုဿစ္စဉ္စ မင်္ဂလာပေတည်း။
(ခ) သိပ္ပဉ္စ-သိပ္ပံပညာ အဖြာဖြာကိုတက်ရခြင်း ဟုလည်း ပါရှိသည်။ ထို သိပ္ပံပညာတက်မြောက်ခြင်း မင်္ဂလာသည်လည်း မည်သည့်သိပ္ပံပညာဟု ပိုင်းခြား ကန့်သက်ချက်မရှိ၊ ခေတ်အလိုက်ပေါ်ပေါက်လာသော ပညာအရပ်ရပ်ကိုပင် တက်မြောက်ရခြင်း ဟု ဟောတော်မူလိုရင်ပင် ဖြစ်သည်။
ဗုဒ္ဓ မြတ်စွာတရားတော်သည် လောက ကြီးပွါးရေးကို မတားမြစ်သည့်အပြင် စနစ်တကျ အားပေးသော တရားဖြစ်ကြောင်းကို ဗုဒ္ဓ၏ ကြီးပွါးရေးနှင့်ပက်သက်သော တရားတော်တို့ကို လေ့လာခြင်းအားဖြင့် သိနိုင်ပါသည်။
ထိုကဲ့သို့ ယခုဘ၀ကြီးပွါးရေးကို အားပေးရုံသာမက သတ္တိနှင့် ဇွဲကိုလည်း အမြဲအားပေးရာ ရောက်ပါသည်။ ထင်ရှားစွာ ပြရမည်ဆိုလျှင်- ဗုဒ္ဓတရားတော်များတွင် အလောင်းတော်ဘ၀တုံးက (အများသိဖြစ်သော မဟောသဓာတို့လို ဘ၀တုံးက) မကြောက်မရွံ့ ရဲဝံ့သောသတ္တိ၊ နောက်မဆုတ်သော လုံ့လ ၀ီရိယဇွဲတို့ကို ကြားဖူးနေရသောကြောင့်လည်းကောင်း
ဗုဒ္ဓဘာသာဝင်တို့၏ အားအရဆုံးသတ္တိကား အကောင်း အဆိုး လောကဓံနှစ်မျိုးနှင့် တွေ့ကြုံလာလျှင် ခံနိုင်ခြင်း၊ သေရမည်ကို လွန်လွန်ကဲကဲ မကြောက်တက်ခြင်းတည်း။ ထိုသို့ သတ္တိရှိခြင်း မှာလည်း မိမိတွင်ရှိသော သီလ ဒါနတို့ကို အားကိုးသည့်အပြင် အားလုံး အရာဝတ္ထု ရုပ်နာမ်အ၀ုသည် ပျက်စီးရမည့် အနိစ္စတရားချည်းသာ ဖြစ်၏ ဟု ကြားသိနေရသော မိရိုးဖလာဘာဝနာကြောင့်လည်းဖြစ်၏
ဤသို့လျှင် ဗုဒ္ဓဘာသာဝင်ဖြစ်သူသည် တရားပြည့်ဝလေ သတ္တိထက်လေဖြစ်ရကား ဗုဒ္ဓတရား တော်သည် အလျော့ဘက် အပျော့ဘက်ကို အားမပေးဘဲ စာရိတ္တနှင့်တကွ အတင်းဘက် အတိုးဘက်ကိုသာ အားပေးပါသည်။
သို့ပါလျက် ဗုဒ္ဓ၏အလိုတော်ကို မသိသောလူအများသည် မိခင်ဖြစ်သော ဗုဒ္ဓတရားတော်ကို ကျော်၍ ဒွေးတော်ဝါဒတို့ဖြင့် လွပ်လပ်ပြီး နိုင်ငံကို ထူထောင်လာခဲ့ကြရာ ယခုတိုင်အောင် အသားမကျသေးဘဲ စာရိတ္တပျက်မှုတည်းဟူသော ဆူးငြောင့်တွေသာ ပြန့်ကြဲနေပါတော့သည်။
ထို့ကြောင့် နိုင်ငံကိုထူထောင်ထိန်းသိမ်းရာ