လောက လူသားအကျိုးကို တက်နိုင်သလောက် သယ်ပိုးတဲ့ လုပ်ငန်းကို ပရဟိတ လို့ ဘုရားရှင် ဟောကြားတော်မူခဲ့တယ်။ သူကိုယ်တိုင်လည်း နိုင်သလောက် စွမ်းဆောင်ခဲ့တယ်။ ကိုယ်တိုင်လည်း ပြုလုပ်သလို ဘယ်လို လုပ်ရမယ်ဆိုတဲ့ လမ်းညွှန်ချက် တွေကိုလည်း ချမှတ်ပေးတော် မူခဲ့တယ်၊ ဆရာတစ်ဆူသဖွယ် သင်ပြ ပေးတော်မူခဲ့တယ်၊ ရှေ့ဆောင် လမ်းပြသဖွယ် တကယ့်အရှိတရား(ပရမတ္ထသစ္စာ) တရား ကို ကိုယ်တိုင်လည်း ကျင့်ဆောင် နည်းလမ်းတွေကိုလည်း ညွှန်ပြတော်မူခဲ့လို့ ဆရာ(သတ္ထာ)ဆိုတဲ့ ဘွဲ့ထူးကို အားလုံးက တညီတည်း ပေးခြင်းကို ခံခဲ့ရတယ်၊ အတုမရှိ တဲ့ ဂုဏ်နဲ့ ပြည့်စုံတဲ့ ဆရာတစ်ဆူပါ။
ပြည်ပမှာ ပညာသင်ယူ ဆည်းပူးခွင့်ရရှိခဲ့တဲ့ ရဟန်းတစ်ပါးအနေနဲ့ လူသာမာန်တို့လို ရည်ရွယ်ချက် တူညီ မှာ မဟုတ်ပါဘူး။ သူတို့တွေက မိမိ စီးပွါးအတွက် ပညာသင်ကြ၊ စွန့်စားပြီး စီးပွါးရှာကြတာပါ။ ရဟန်းတော်တွေအတွက်ကတော့ လောက လူသားအကျိုးကို ဘုရားရှင်ရဲ့ သားတော်ပီပီ သယ်ပိုးနိုင်ဖို့၊ လောက သဘာဝ အရှိတရား တွေကို ခေတ်နဲ့အညီ၊ ခေတ်ရေစီးကြောင်းကို လိုက်ပြီး လူသားတွေကို ညွှန်ပြနိုင်ဖို့ စွန့်စားပြီး ပညာ သင်ယူခဲ့ကြတာပါ၊ စာရေးသူလည်း ထိုအထဲက တစ်ယောက်ဆိုတာကို သက်သေ ပြချင်ခဲ့တယ်။ ဒါ့ကြောင့်လည်း ပြည်တော်ကို ပြန်ရောက်ခဲ့ပြီလေ၊
ကိုယ်နဲ့နီးစပ်ရာ အပေါင်းအသင်းတွေ၊ ဒကာ ဒကာမတွေကို ပရဟိတ လုပ်ငန်း အကြောင်း တစေ့ တဆောင်း ရှင်းပြခဲ့တယ်၊ မွန်မြတ်တဲ့ ပညာဒါန ကုသိုလ်ကို ပြုလုပ် ချင်တယ် ဆိုတဲ့အကြောင်းပေါ့၊ မဖြစ်နိုင်ပါဘူးဆိုတဲ့ တီးတိုးစကားတွေ၊ ကြိုးစားကြည့်ပေါ့ ဆိုတဲ့ ခနဲ့တဲ့အသံတွေ၊ မထင်ပါဘူးကွာဆိုတဲ့ အထင်သေးစကားတွေကို တချို့သူတွေက ပြောကြမယ်၊ အများအကျိုး ရွက်သယ်ပိုးက၊ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း မဖဲမဆောင်း၊ ကိုယ့်လမ်းကြောင်းကို ၊ စိတ်ကောင်းနဲ့ယှဉ်၊ ဇွဲနှင့် နှင်လော့ ဆိုတဲ့ ဆရာတော်တွေရဲ့ လမ်းညွှန်မှုအတိုင်း လျှောက်လှမ်းပေါ့ ဆိုတဲ့ ဆုံးမ စကားတွေကိုလည်း ရခဲ့ပါတယ်၊ ဘ ယ် လိုပဲ ဖြစ်ဖြစ် ကိုယ့်ယုံကြည်ချက်ကို ကိုယ်တိုင်လျှောက်လှမ်းချင်တဲ့စိတ်ဓာတ်၊ လူ့ကန့်လန့်စကားပြောရရင် တဇောက်ကန်း လုပ်တက်တယ်ဆိုတဲ့ အကျင့်ဆိုးမျိုး ရှိပေမယ့် ကောင်းတဲ့လုပ်ငန်းကိုပဲ ဇွတ်တရွတ်လုပ်တက်တဲ့ အကျင့်ကိုတော့ ဖျောက်ဖြတ် ပစ်လို့ မရနိုင်တာ ကိုယ့် အားနည်းချက်ပါ၊ ဒါပေမယ့် တစ်ခုတော့ ရှိမယ်၊ ဘာလဲဆိုရင်တော့ ဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက်ပဲ၊ တစ်ခါ တစ်ခါ သူငယ်ချင်းတွေက နိုင်ငံခြားတစ်နေရာကို ပညာသင်ဖို့ ဘာလိုအပ်မလဲ အကြံညဏ်တွေ တောင်းတက်ကြတယ်၊ သွားမယ့်နေရာကရော ကောင်းပါ့မလား၊ အခြေအနေတွေရော ဘယ်လို ရှိမလဲဆိုတဲ့ မေးခွန်းမျိုးလည်း မေးတက်ကြတယ်၊ ဖြေခဲ့မိတာကတော့ တစ်ရွာမပြောင်း သူကောင်းဖြစ်ဆိုတဲ့စကားပုံလိုပေါ့ကွာ၊ နေရာတစ်ခုက ရွေ့သွားရင် အပြောင်းအလဲတစ်ခုတော့ ဖြစ်မှာပါ၊ သွားလိုက်ပါလို့ တိုက်တွန်းလိုက်တယ်။ တစ်ယောက်က ပြောတယ်၊ သေချင်တဲ့ကျား တောပြောင်းဆိုတဲ့ စကားပုံကိုလည်း မေ့မထားသင့်ဘူးတဲ့၊ ဟုတ်ပါတယ်၊ ရွေ့ပြောင်းလိုက်လို့ စံစားရမယ့် ရလာဒ်ကောင်းရှိသလို ခံစားလာရမယ့် ဆိုးကြိုးကလည်း ရှိနေမှာပါ၊ ဒါပေမယ့် အပြောင်းအလဲ တစ်ခုနဲ့ တစ်ခုအကြားမှာ ပေးဆပ်ရမယ့် အရင်းအနှီးဆိုတာ ရှိနေစမြဲပါ၊ အဲဒီ အရင်းအနှီးကိုပေးဆပ်ရဲတဲ့သတ္တိ၊ ၇င်ဆိုင်ရဲတဲ့ သတ္တိတော့ ရှိရမှာပေါ့၊ ရင်ဆိုင်ရဲတဲ့ သတ္တိမှ မရှိရင်တော့ ထိုင်နေတာ အကောင်းဆုံးပါပဲ၊ ရွေ့မသွားဘဲ နေရာမှာပဲ နေလိုက်ပါ၊ ဒါပေမယ့် ရလာဒ်ကတော့ သုညပဲပေါ့၊ အပေါင်းလက္ခဏာတွေမရှိတဲ့လောကကြီးလောက် ပျင်းစရာကောင်းတဲ့ အသက်ရှင်မှု ရှိမယ်မထင်ဘူးလို့တော့ ရာနှုန်းပြည့် ထင်ထားပါတယ်၊
ရင်းနှီးပေးဆပ်မှုဆိုတဲ့ သီဝရီဟာ အရာတိုင်းမှာရှိတယ်၊ ကောင်းတာချည်းပဲ ဖြစ်နေတဲ့လောကကြီးကို ဖန်ဆင်းမပေးနိုင်တဲ့ ဘုရားသခင်လောက် မုန်းစရာကောင်းတာ ရှိမယ်မထင်တော့ဘူး။ ဒါကတော့ အပြောင်းအလဲနဲ့ ဆက်ဆပ်ပြီးမေးတက်ကြတဲ့ လူတိုင်းကိုဖြေလေ့ရှိတဲ့ အဖြေတစ်ခုပါ။
၁ရက်နေ့၊ ဖေဖေါ်ဝါရီလမှာ မြန်မာပြည်ကို ပြန်ရောက်ခဲ့တယ်၊ ရှေ့ဆက်တက်ရမယ့် ကျောင်းအတွက်က မသေချာ မရေရာတဲ့ အနာဂတ်မို့လို့ ခဏ ဘေးချိတ်ထားပြီး လက်တလော လုပ်ဆောင်ရမယ့် တာဝန်ကို စဉ်းစားခဲ့တယ်၊ ဘာလုပ်ရမယ်မှန်း မသိသေးလို့ ကိုယ့် ဇာတိမြေ ဘိုကလေး ကို ခေတ္တ ပြန်ခဲ့တယ်၊ သတင်းတစ်ခု ကြားလိုက်ရတယ်၊ ရန်ကုန်က ဆရာတစ်ယောက် ဘိုကလေးမှာ အင်္ဂလိပ်စာ သင်တန်း ဖွင့်လှစ်နေခြင်းပါ။ ကျောင်းသားတစ်ဦးကို ငါးထောင်မျှဖြင့် တဲ့။ နာဂစ် မုန်တိုင်းအလွန် ကျွန်တော်တို့ ဘိုကလေး မြို့သူမြို့သားတွေ အသက် အိုးအိမ် စည်းစိမ် စွန့်ခဲ့ရသူက စွန့်ခဲ့၊ စီးပွါးရေး ယိုင်လဲသူက လဲပြို၊ ပညာရေး အစဉ်မကျ ဖြစ်ခဲ့ရခြင်းဆိုတဲ့ လောကဓမ်ကို ခံစားပြီးလို့မှ သိပ်မကြာ၊ စီးပွါးရေး ဈေးကွက် ချဲ့တက် ကြတဲ့ လူသားလောဘကို အပြစ်မတင်တော့ပါဘူး၊ ငါ ရဟန်းတော်တစ်ပါးအနေနဲ့ ဘာလုပ်ပေးနိုင်မလဲဆိုတဲ့ အကောင်းမြင်ကိုသာ တွေးခဲ့တယ်၊ နိုင်ငံခြားအဖွဲ့ အစည်းတွေက မြို့ပေါ်မှာ ရုံးတွေ တည်ဆောက်ပြီး မြို့နယ် ကျေးရွာတွေမှာရှိတဲ့ နာဂစ် ဒုက္ခသည်တွေကို ကူညီဖို့အတွက် ရောက်နေကြတယ်လေ၊ ဒေသခံ ဘွဲ့ရ ပညာတက် ကျောင်းသားတွေ အလုပ်ကိုယ်စီ ရခဲ့ကြတယ်၊ နိုင်ငံခြားအဖွဲ့အစည်းတွေရဲ့ ၀န်ထမ်းအပေါ် လိုအပ်ချက်က သူတို့နဲ့ ဆက်သွယ်၊ စကားပြော အလုပ် အတူလုပ်မယ့် ၀န်ထမ်းတွေအားလုံးနီးပါး အင်္ဂလိပ်စကားပြောတော့ မဖြစ်မနေ တက်ရမယ်လေ၊ အစပိုင်းတော့ စကားပြန်နဲ့ ခန့်ပြီး ခိုင်းကြတယ်၊ မရှိ သုံး သဘောမျိုးပါ၊ နောက်ပိုင်း အေးဆေး လုပ်ရမယ့် အပိုင်းရောက်လာလေ အလုပ် ထုတ်ခံရတဲ့ ဒေသခံတွေ ပိုများ လာလေပေါ့၊ အင်္ဂလိပ်စကားမှ အသင့်အတင့် မပြောတက်တော့ သူတို့အတွက်လည်း Instruction ပေးရတာ အခတ်တွေ့နေတယ်လေ၊ ဒါ့ကြောင့် အရေးပေါ် ကယ်ဆယ်ရေး မလိုအပ်တော့ပဲ ပြန်လည်ပြီး နေရချထားရေးဆိုတဲ့ စီမံကိန်းမှာ ပညာရေးလည်း အဓိက ပါဝင်သလို နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ ထိတွေ့ ဆက်ဆံနိုင်ဘို့ ဘာသာစကား တက်မြောက်မှုကလည်း လိုအပ်လာပါတယ်၊ နောက်ပြီး ကျောင်းသားငယ်တွေ ဆရာ ဆရာမတွေကလည်း အင်္ဂလိပ်စာ Language တက်မြောက်မှုဟာ မဖြစ်မနေ လိုအပ် နေပြီ ဆိုတာကိုလည်း သိကုန်ကြပြီလေ၊ အဲဒါကြောင့် နွေရာသီ ကျောင်းပိတ်ရက်မှာ အင်္ဂလိပ်စာ အခြေခံ အရေး၊ အဖတ် ၊ အပြော သင်တန်းနဲ့ ယဉ်ကျေးမှု သင်တန်း တွဲဖတ်ပြီး ဖွင့်နိုင်အောင် ကြိုးစားခဲ့တယ်၊ နီးစပ်ရာ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ဒကာ ဒကာမတွေကိုကလည်း တက်နိုင်သလောက် ကူညီ ခဲ့ကြပါတယ်၊ ၇ ရက် မတ်လ စနေနေ့မှာ သင်တန်းကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့တယ်၊ သင်ကြားမှု ပိုင်းဆိုင်ရာမှာလည်း အခတ်အခဲမရှိ သင်ကြားပေးနိုင်ခဲ့တယ်၊ တစ်ပတ် နှစ်ရက်ပါ၊ စနေ တနင်္ဂနွေ ညနေပိုင်း လေးနာရီကနေ ရှစ်ခွဲအထိ နှစ်ချိန် လူငယ် လူကြီးတန်း ခွဲခြားပြီး ပို့ချပေးပါတယ်၊
အခက်တွေ့ရတဲ့ အရာကတော့ မျှော်လင့်မထားခဲ့တဲ့ ကျောင်းသား အင်အား များပြားမှုပါ၊ စုစုပေါင်း နှစ်ရာလောက် မှန်းထားပြီး စာအုပ် ၊ စာရွက်စာတမ်း၊ သင်ထောက်ကူ ပစ္စည်းတွေ စီစဉ်ထားနိုင်ခဲ့ပေမယ့် ခြောက်တန်းကနေ ဘွဲ့ရ အထိ၊ ဆရာ ဆရာမတွေ အပါအ၀င် ခြောက်ရာ့ ငါးဆယ်လောက်အထိ ရှိခဲ့တယ်၊ အားလုံးကလည်း စိတ်ပါ ၀င်စားစွာနဲ့ သင်ယူနေကြတာကို မြင်ရတော့ ၀င်ခွင့်ဖြေခိုင်းပြီး ကျောင်းသား လျော့အောင် လုပ်ဖို့ စိတ်ကူး ပြက်ပျယ်ခဲ့ရတယ်၊ အားလုံးသော ကျောင်းသားများဟာ အခြေခံ အလွန် နည်းပါးနေတာကိုလည်း တွေ့ခဲ့ရတယ်၊ စိတ်မကောင်းဖြစ်မိခဲ့ပါတယ်၊ ဒါပေမယ့်လည်း ဒီသင်တန်း ပြီးဆုံးသွားရင် စကားလည်း အတော်အသင့် ပြောတက်သွားအောင် အရေးအသားပိုင်းဆိုင်ရာကိုလည်း ကျွမ်းကျင်သွားအောင် သင်ကြားပေးမယ်လို့ ဆုံးဖြတ်ခဲ့တယ်၊ ဖွင့်ပွဲရက် အပါအ၀င် စနေ တနင်္ဂနွေ နှစ်ရက် ပို့ချလို့ ပြီးခဲ့ပါပြီ၊
ဒါဟာ ဦးဇင်းရဲ့ အားလပ်နေတဲ့အချိန်မှာ ကိုယ့်ဇာတိမြေမှာ လိုအပ်နေတဲ့ ပညာရေး အထောက်အကူ တစ်ရပ်အနေနဲ့ ဖြည့်ဆည်းပေးခဲ့တဲ့ ပါရမီ ကုသိုလ် တစ်မျိုးပါ၊ ပါလာတဲ့ ပိုက်ဆံလေးတွေလည်း ကုန်ပါပြီ။ ဤမှန်သော သစ္စာစကားကြောင့် စာဖတ်သူလည်း ပါရမီ ဖြည့်ဆည်းနိုင်ပါစေလို့ ဆုတောင်းနေပါတယ်၊ လိုအပ်တာလေးတွေ မပြောတော့ဘူးလားလို့ မေးလာမှာ စိုးလို့ ပြောထားခဲ့မယ်နော်၊ ၊ ကိုယ့်လိုပဲ ပညာ ပါရမီ ကုသိုလ် ရစေချင်လို့ပါ။
လက်တလော ဖွင့်လှစ်ထားတဲ့ နွေရာသီ ယဉ်ကျေးမှုနှင့် အင်္ဂလိပ်စာ သင်တန်းအတွက် ကျောင်းသားက ခြောက်ရာ့ ငါးဆယ့် လေးယောက်ပါ၊ တစ်ဦးကို သင်ကြားမှု စာအုပ် တစ်အုပ်လျှင် တစ်ထောင်နှုန်းနဲ့ လေးရာ့ ငါးဆယ်အုပ်လောက် လိုအပ်နေပါသေးတယ်၊ သင်ကြားမှု ဆရာတွေကို အဆင့်မနိမ့်ရအောင် ရန်ကုန်က တက္ကသိုလ်ဘွဲ့ရ ဆရာတော်တစ်ပါး၊ language Training Centre က ဆရာတစ်ယောက် ဆရာမ တစ်ယောက်ကလည်း ပါဝင် ပါရမီ ဖြည့်ခွင့်ပြုချင်ပါတယ်ဆိုလို့ အပြင် ဆရာ နှစ်ယောက်၊ စာရေးသူ အပါအ၀င် ပို့ချပေးသူ လေးယောက်ဟာ တစ်ပတ်ကို တစ်ခါ ရန်ကုန်ကနေ ဘိုကလေးကို အသွားအပြန် လမ်းစားရိတ်ချည်းပဲ တစ်ယောက်ကို တစ်သောင်းနဲ့ လေးဦးစာ လေးသောင်းပါ၊ ဆိုတော့ ဆရာတွေရဲ့ လမ်းစားရိတ် တစ်ပတ်လျှင် လေးသောင်း၊ တစ်လကို သိန်း ခြောက်သောင်းကုန်ကျပါတယ်၊ စားစရိတ်ကတော့ ဒေသခံတွေရဲ့ ကောင်းမှုကြောင့် မကုန်ပါဘူး၊ ဒါက နောက်ထပ် လိုအပ်တဲ့ နွေရာသီ သင်တန်းအတွက်ပါ၊
လာမည့်အပတ် တနင်္ဂနွေနေ့ စတင် ဖွင့်လှစ်မယ့် တနင်္ဂနွေကျောင်း (Sunday School) ဗုဒ္ဓဘာသာ သင်ခန်းစာ၊ အင်္ဂလိပ်စာ(သူငယ်တန်းမှ ငါးတန်းအထိ ကလေးငယ်များအတွက် သီးသန့်ကျောင်း)အတွက်တော့ ဒေသခံ ဆရာ ဆရာမတွေက ၀ိုင်းဝန်း သင်ကြားပေးမယ်ဆိုတဲ့ ကုသိုလ်ကြောင့် ကုန်ကျမှု မရှိပါဘူး၊ ဒါပေမယ့် ကလေးငယ်တွေ အင်္ဂလိပ်စာ အခြေခံ ရစေဖို့၊ ငယ်စဉ်ကတည်းက အသံထွက် ပီပီ သသ နည်းစံနစ်မှန်မှန် ရေးတက် ဖတ်တက်ဖို့ နိုင်ငံခြားကျောင်းက ဆရာမ တစ်ယောက်တော့ ငှားဖို့ လိုပါတယ်၊ အဲဒီအတွက်က တစ်လကို လမ်းစားရိတ် အပါအ၀င် လေးသောင်း ဖြစ်ပါတယ်။ အာလုံးပေါင်းလိုက်ရင် ပညာဒါန ပေးလှူကြတဲ့ ဆရာ ဆရာမတွေအတွက် လစဉ် ကုန်ကျမှုဟာ နှစ်သိန်း တိတိပါ။ ယဉ်ကျေးမှု သင်္ခန်းစာ၊ ဗုဒ္ဓဘာသာ သင်္ခန်းစာများ အတွက်တော့ ကိုယ်တိုင် သင်ကြား၊ ရဟန်းတော်များနဲ့တင် ပြီး တဲ့ကိစ္စဆိုတော့ အထူးအထွေ ကုန်ကျမှု မရှိပါဘူး။ ဒါ့ကြောင့် သင် ပါရမီရှင် ကုသိုလ်ရှင်များအတွက် နာဂစ်ဒေသ ဘိုကလေးမြို့မှာ လိုအပ်နေသော ယိမ်းယိုင်နေသော ပညာရေးအတွက် ပညာပါရမီ ကုသိုလ် ရယူလိုပါတယ်ဆိုရင် အရှင်ပဏ္ဍိတဘိက္ခု၊ ဓမ္မိကာရုံ(ဒွါရ)ကျောင်း၊ ပေါ်ဆန်းမွှေးလမ်း၊ ၄ ရပ်ကွက်၊ ဘိုကလေးမြို့၊ ဖုန်း- ၀၄၅၄၅၁၂၅ သို့၎င်း၊ သီရိမင်္ဂလာကျောင်း သာဓုတိုက်၊ နတ်စင်လမ်းမှတ်တိုင်၊ ကြည့်မြင်တိုင်၊ ဖုန်း-၀၉၅၁၁၈၃၉၇(ရန်ကုန် တနင်္လာမှ-ကြာသပတေး-ရှိမည်)သို့၎င်း ဆက်သွယ်၍ ပညာပါရမီ ကုသိုလ် ရယူနိုင်ပါတယ်။