Wednesday, December 31, 2008

ခရီးစဉ်(၂)








ဒုတိယနေ့ ခရီးစဉ်မှတ်တမ်း ထပ်မံ စလိုက်ကြရအောင်၊ မနေ့က အဆုံးသတ်ခဲ့တဲ့ စိတ္တရပဗ္ဗတ တောင်ကနေ ကီလိုမီတာ (၁၇၅)ခရီးကိုတစ်နေကုန်ခရီးဆက်လက် မောင်းနှင်ခဲ့ကြတယ်၊ ညကတည်းကိုက ကားဆရာကို ကြိုတင် မေးမိတယ်၊ မနက် သွားမယ့် ခရီးကိုသွားဖို့ လမ်း ဘယ်နှစ်လမ်းရွေးချယ်ရမလဲပေါ့၊ နှစ်လမ်းရှိတယ်တဲ့။ တစ်လမ်းက ခရီးတို နောက်တစ်လမ်းကို ခရီးရှည်၊ ခရီးရှည်က တောင်တွေပေါ်ကို ပတ် သွားရမယ့် ခရီးဖြစ်ကြောင်းပြောပြတယ်၊ လမ်းခရီမှာ ရေတံခွန်၊ စမ်းချောင်း၊ သဘာဝအလှ ရှုခင်း၊ လွင်ပြင်ဒေသ၊ မြန်မာပြည် ရှမ်းပြည်လိုပဲ အရမ်း အေးတဲ့နေရာ၊ ဘေးမဲ့ ဥယျာဉ် စသည်တွေ တွေ့ရမယ် ဆိုလို့ ရွေးချယ်ခဲ့ကြတယ်၊ ခရီးစဉ်အားလုံး အရမ်းကိုပျော်ရွှင်ဖို့ကောင်းခဲ့ပါတယ်၊ ပိုပြီး စိတ်ဝင်စားဖွယ် ကောင်းတာကတော့ တောင်များရဲ့ ထင်ရှားလှတဲ့ သမိုင်းနောက်ခံပါ၊ သီဟိုဠ်ရာဇ၀င်မှာရော မြန်မာတွေ အသိများတဲ့အကြောင်းတွေပါ၊ ရာမ ဇာတ်တော်ဆိုရင် ကလေးကအစ သိနိုင်ကြပါလိမ့်မယ်၊ ဒသဂိရိ ဆိုတဲ့ အချစ်လူကြမ်းကြီးနဲ့ မယ်သီတာဆိုတဲ့ ကုလား မင်းသမီးချောလေးရဲ့ ဇာတ်လမ်းက အခု ဦးဇင်းတို့ ဖြတ်သန်းခဲ့ရတဲ့ တောင်များနဲ့ အများကြီး ဆက်ဆက် နေပါတယ်၊ ဒသ=တဆယ်၊ ဂိရိ=တောင်၊ တောင်ဆယ်လုံးကို အစိုးရတဲ့ ရုပ်ဆိုးဆိုး အချစ်လူကြမ်းကြီး အုပ်စိုးခဲ့တဲ့ နေရာပေါ့၊ တောင်ဆယ်လုံးမက အဲဒီတောင်များကို ချန်ရံထားတဲ့ တောင်ငယ်လေးတွေပါမကျန် ရောက်ခဲ့ကြပါတယ်၊ ရေတံခွန်နေရာကတော့ ရာမ မင်းသားက ဒသဂိရိထံက မယ်သီတာကို ပြန်ပြီး လုတဲ့ နေရာလို့ အပြော များကြ ပါတယ်။
အေးချမ်းလှတဲ့ ရာသီဥတုကို အခုမှ အပြည့်အ၀ ခံစားဖူးတာပါ၊ မြန်မာပြည်က ရှမ်းနယ် ဘယ်လောက် အေးသလဲ ကျွန်တော်မသိ၊ မေမြို့ကြီး ဘယ်လောက် သာယာ လှပသလဲ ကျွန်တော်မမြင်၊ ပြင်ဦးလွင် ဘယ်လောက် ခံစားမှု ပေးနိုင်မလဲ၊ မခံစားတက်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် မရောက်ဘူးလို့ပါ။ အခုရောက်နေတဲ့ နေရာတွေကတော့ သမိုင်းကြောင်းအားဖြင့်လဲ စုံလင်၊ သဘာဝအားဖြင့်လဲ့ လှပ၊ ရေမြေသဘာဝကလဲ စိုပြေ၊ အေးချမ်းလှတဲ့ ဒီနယ်မြေကို တစ်သက်တာ လုံးဝ မမေ့ရက်စရာပေါ့။ ဓာတ်ပုံလေးတွေ ကြည့်ပြီး ကိုယ်တိုင် ရောက်နေသလို ခံစားကြည့်ပါနော်၊ အေးချမ်းတဲ့အရသာကို ခံစားကြည်ချင်ရင်တော့ ရေချိုးပြီးကာစ ကြည့်ပေါ့။ ဒီလိုနဲ့ ဒသဂိရိ အုပ်စိုးခဲ့တဲ့ တောင်များ၊ ရှုခင်းများ၊ ဒေသထွက် လဘက်ခင်းများ၊ နွားခြံများကို ကြည့်ရှုရင်း ခရီးတစ်ထောက် နားဖို့ အချိန် ကျရောက်လာခဲ့ကြပြန်တယ်၊
ဘန်ဂလို တစ်လုံးငှား၊ ရေပူရေအေးနဲ့ သန့်စင်၊ အားလုံးပင်ပန်း၊ နားနေခန်းသွားကြကာ၊ အင်တာနက် အပြေးရှာ၊ ယခု post လေးကို တုန်တုန်ရင်ရင်နဲ့ ရေးကာ ရေးကာ ရှမ်းပြည်ကို မှန်းကာလွမ်း၊ အားလုံး အပန်းဖြေနေကြတဲ့အချိန်ရောက်လို့ ခွင့်ပြုပါဦးနော်၊ စာဖတ်သူ သင်တစ်ယောက် ကျွန်ုပ်ရဲ့ ကြုံသလို ရေးချထားတဲ့ ခံစားမှုလေးတွေကို ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးပါလို့ ပြောရင်း၊ နှစ်သစ်မှာ မကောင်းခဲ့တဲ့ စိတ်ညစ်တွေကိုဖျောက်၊ ကောင်းတဲ့ အတွေး ကောင်းတဲ့အကြံ၊ ကောင်းတဲ့ စကား၊ကောင်းသော အမူအရာတွေနဲ့ ပျော်ရွှင်နိုင်ပါစေ၊ ကောင်းတဲ့ အရာတွေအားလုံး နှစ်ဟောင်းမှာကဲ့သလို့ ဆက်လက် လုပ်ဆောင်နိုင်ပါစေလို့ ဆုမွန်ချွေလိုက်ပါရစေ၊ Happy New Year!

30 နေ့မှ ဓာတ်ပုံများ





Type your summary here.

Type the rest of your post here.

Tuesday, December 30, 2008

ခရီးစဉ်(၁)

ပထမနေ့=၃၀ရက်၊ ဒီဇင်ဘာလ၊ ၂၀၀၈
စာမေးပွဲပြီး အားလုံး သူငယ်ချင်း ဦးဇင်းတွေ တပျော်တပါး ဒေသန္တရ ဗဟုသုတ ရစေဖို့ သီဟိုဠ် (သီရိလင်္ကာ)ကျွန်းတစ်ပတ် ခရီးလှည့်လယ် ကြပါတယ်၊ ဒီနေ့ဟာဆိုရင် ပထမနေ့ပါ၊ ကိုလံဘို ကနေ နံနက် ငါးနာရီ ထွက်ခွါခဲ့ကြပါတယ်၊ အားလုံး သံဃာ နှစ်ဆယ့်သုံးပါး၊ သီလရှင် ဆရာလေး နှစ်ပါး စုစုပေါင်း နှစ်ဆယ့် ငါးဦးပါ၊ ပထမဦးဆုံး ကိုလံဘိုရဲ့ အနောက်ဘက် ယွန်းယွန်ုးကို ကီလိုမီတာ (45) ခရီး ရောက်တယ်ဆိုရင်ပဲ သမိုင်းဝင် သီဟိုဠ် မော်ကွန်းဝင် ဖြစ်တဲ့ ဗောဓိပင်ပွါး စေတီ တစ်ဆူကို ရောက်ပါတယ်၊ သီဟိုဠ်နိုင်ငံမှာ ချစ်ဖို့ကောင်းတဲ့ ယဉ်ကျေးမှုတစ်ခုလို့ပဲ ဆိုရမလား၊ တဖက်သက် တယူသန်တယ်ပဲ ဆိုရမလား ဆိုတာတော့ မပြောတက်ဘူး၊ ဘာလဲဆိုတော့၊ ဗောဓိပင်ကို ဘုရားအဖြစ်နဲ့ ကိုးကွယ် ပူဇော်ရာမှာတော့ ဗုဒ္ဓဘာသာနိုင်ငံတွေထဲမှာ စံပြပါပဲ။ ယုံကြည်မှုကတော့ ဗောဓိပင် ရှိရင် ဗုဒ္ဓ သာသာနာ ဘယ်တော့မှ ကွယ်ပျောက်မှာ မဟုတ်ပါဘူးတဲ့။ နောက်တစ်ခုက ဗုဒ္ဓ မြတ်စွယ်တော်ပါ ၊ အဲဒါကတော့ ကန္ဒီလို့ခေါ်တဲ့ မြို့မှာပါ၊ အခု သွားနေတဲ့ ခရီးနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတော့ ပြောပြဖို့ရန် စောသေးတယ်လေ၊
အဲဒီ ဗောဓိပင်ကိုပဲ ပူဇော်ကြ၊ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြပြီး၊ ခရီးဆက်ခဲ့ကြတယ်၊ နောက် တစ်နေရာကတော့၊ သမိုင်းဝင်တော့ မဟုတ်ပါဘူး၊ ဒါပေမယ့် မြန်မာနိုင်ငံ ခြောက်ထပ်ကြီးဘုရား၊ ပဲခူး ရွှေသာလျောင်း၊ စိန်သာလျောင်းဘုရားတို့လို ရုပ်ဆင်းတု အကြီးဆုံးပါ၊ ပူဇော်ခဲ့ကြတယ်၊ ထုံးစံအတိုင်း ဓာတ်ပုံရိုက်ခဲ့ကြတယ်၊ ဓာတ်ပုံတွေကို သီးသန့် တင်ပေးမယ်နော်။ နောက် တစ်နေရာ ဆက်ကြပြန်ပေါ့။
အဲဒီနေရာကတော့ ပြောပြရင် နဲနဲတော့ ရှည်သွားမယ်၊ အတိုဆုံးကို ချုံးပြရရင်တော့ သီဟိုဠ်ရဲ့ သမိုင်းစာမျက်နှာ နှစ်ပေါင်း ငါးရာလောက်ကို ပြန်လှန်ပြမယ်ပေါ့၊ နယ်ချဲ့ ကိုလိုနီ၊ ပေါ်တူဂီ၊ ဒက်ခ်ျ စသည်တို့ရဲ့ နယ်ချဲ့ လွှမ်းမိုးမှုကို ခံခဲ့ရပါတယ်၊ နိုင်ငံခြားသားတွေ အများစု စိတ်ဝင်စားတဲ့ နေရာဖြစ်တယ်။ အိန္ဒိယ သမုဒ္ဒရာရဲ့ အလယ်တဲ့တဲ့ အတော်လည်း လှပ၊ ပုလဲသဖွယ်လို့တောင် တင်စား၊ နေရာကလည်း အချက်အခြာကျလေတော့ ရှေးယခင် နယ်ချဲ့ချင်ကြတဲ့ အနောက်တိုင်း လူမျိုးစုတွေ မျက်စိကျစရာ နေရာတစ်ခု ဖြစ်ခဲ့တယ်ပေါ့။
အချိန်ကလည်း တရွေ့ရွေ့ကုန်ဆုံး၊ ဆယ့်တစ်နာရီ ဆုံးဆယ်ခန့်လောက် ဆက်လက် မောင်းပြီးထွက်လာခဲ့တာ၊ ဆွမ်းစားချိန်တောင် ကပ်လို့နေပေါ့၊ ခရီးတစ်ထောက် တစ်နေရာ နားဖို့အတွက် အရိပ်ကောင်းတဲ့ ကျောင်းတစ်ခု ရှာကာ နားကြပြန်တယ်၊ ခေါင်းဆောင် ကိုယ်တော် အပင်ပန်းခံကာ စီစဉ်လာခဲ့တဲ့အတိုင်း မြေပဲကြော်၊ ငံပြာရည်ကြော်နဲ့ အသားကြော်နဲနဲ မျှဝေကာ ခဲလိုက်ကြတော့ တစ်ပွဲစာ ဒုက္ခ ငြိမ်းသွားပြန်တာပေါ့၊ ခရီးစဉ်က စပြီး ထွက်တဲ့ နေ့ပဲ အတော့်ကို ပင်ပန်းစေပါတယ်၊ နားဖို့ အချိန်ကို မရခဲ့ပါဘူး၊ ညပိုင်း အနားယူး ကျိန်းစက်ရမယ့် နေရာကို အရောက်သွားရင် လမ်းမှာရှိတဲ့ ပင်လယ်ရှုခင်းကို အားရအောင် ကြည့်၊ ဖြတ်သန်းတိုက်ခတ်လာတဲ့ လေပြေ လေအေး နုနုလေးတွေကို အားရအောင်ကိုရှုရှိုက်၊ ပါလာတဲ့ ရေတွေ တစ်ကြိုက်သောက်လိုက်ရင်း ဖြတ်သန်းလာခဲ့ရာ၊ တစ်ခေါက် နားခိုရာ နေရာကို ရောက်ခဲ့ကြတယ်၊ ဘေးမဲ့တော တစ်ခုပါ၊ ဆင်၊ ကျား၊ သမင်၊ဒရယ်၊ အိုးဝေ(ခ)ဥဒေါင်း၊ အတောင်ညောင်းရင် နားတက်တဲ့ ငှက်ပေါင်းစုံ ပျော်စံရာ တော တစ်နေရာမှာပေါ့၊ လွန်ခဲ့တဲ့ နှစ်များစွာက ဒီနေရာ ဒီဒေသ ဘယ်လောက် ဆိုးရွားခဲ့သလဲဆိုတာကို ပေါ်လွင်စေတဲ့သဘောလား၊ အစိုးရ ရုံးကိစ္စတွေ ပေါများရာကို ပြသတဲ့သဘောလားမသိ၊ စစ်ဆေးရေးဂိတ်တွေ အနည်းဆုံး ဆယ်ခုထက်မနဲ ဖြတ်သန်းခဲ့ရတယ်၊ သို့သော်လည်း၊ ဗုဒ္ဓမြတ်စွာရဲ့ သားတော်တွေ ပီပီ၊ ဗုဒ္ဓဘာသာနိုင်ငံမှာ(သီဟိုဠ်) မျက်နှာပန်းလှလှ ဖြတ်သန်းကြရပြန်တယ်၊ အစဉ်အလာ မေတ္တာ ကြီးမားတဲ့ သီဟိုဠ် ဆရာတော်မှန်း သိသာလေအောင် တောတွင်းပေါက်ဖွား သားရိုင်းတိရစ္ဆာန်ဖြစ်ကြတဲ့ သားမင်၊ ဆင်၊ စသည့် သားကောင်များ လူတွေနဲ့ ရင်းနှီးစွာ နေထိုင်နေနိုင်ကြတာကို တည်းခိုမယ့် ကျောင်းမှာ တွေ့မြင်ရတော့ အတော်ပင် ပီတိ ဖြာမိခဲ့ပါသေးတယ်၊ နောက်တော့မှ သိတယ်၊ ဒီလောက်ဝေးတဲ့နေရာ၊ လမ်းပန်းဆက်သွယ် နဲတဲ့နေရာ ဘာများရှိသလဲလို့ နောင်တော်တွေကို မေးလိုက်တော့၊ ဤတောင်မှာ ရဟန္တာ တစ်သောင်းကျော် သီတင်းသုံးနေထိုင်ခဲ့ဘူးတယ်၊ သီဟိုဠ်မှာ ၀ဋဂါမဏိ အဘယမင်းလက်ထက် တစ်ဆယ့်နှစ်နှစ်ကျော်ကြာ ငတ်မွတ်ခေါင်းပါဘေး ဆိုက်ရောက်တော့ ထို ရဟန္တာ မထေရ် အရှင်မြတ်များ အစာရေဆာ ခတ်ခဲမှုကြောင့် စုပေါင်း ပရိနိဗ္ဗာန် ပြုခဲ့ကြတယ်၊ နောက်ပိုင်းလည်း ရဟန္တာအစဉ်အဆက် သီတင်းသုံးနေထိုင်ကြတယ်ဆိုတဲ့ အကြောင်းကတစ်ခု။
မြန်မာနိုင်ငံမှာ တရားအားထုတ်နည်းတွေ များစွာ ပျံ့နှံ့နေတဲ့အထဲက ကနီ တရားအားထုတ်နည်း ဆိုတာလည်း အတော့်ကို ထင်ရှားတဲ့ နည်းတစ်ခုပါ၊ အဲဒီ တရားအားထုတ်နည်းရဲ့ အဓိက ဇစ်မြစ်က ယခု ဦးဇင်းများရောက်ရှိနေရာ ဒေသက ဖြစ်တယ်လို့ ဆိုပါတယ်၊ တိဘက် ရဟန်းတော်တစ်ပါး သျှီဝတိဿ မထေရ်မြတ်တစ်ပါး ဤတောင်မှာ သီတင်းသုံးတော်မူနေခဲ့တဲ့ စိတ္တလမထေရ်မြတ်ထံမှာ နည်းနာ ခံယူရင်း တရားအားထုတ်ခဲ့တယ်၊ နောက်ပိုင်း တရားထူး ရရှိခဲ့တယ်၊ မြန်မာနိုင်ငံသို့ လှည့်လှည် သာသနာပြုရင်း ထို တရားအားထုတ်နည်းကို မျိုးစေ့ချပေးခဲ့တယ်၊ ဒါက ကနီ တရားအားထုတ်နည်းရဲ့ ဇစ်မြစ် အရင်းခံချက်ပါ၊ ထို ရဟန္တာ မထေရ်ရဲ့ အမည်နာမကို အကြောင်းပြုပြီး ယခု ရောက်ရှိနေရာ တောင်ကို စိတ္တလ+ပဗ္ဗတ-တောင်(စိတ္တလ=မထေရ်မြတ်ရဲ့အမည်၊ ပဗ္ဗတ=တောင်၊ စိတ္တလပဗ္ဗတတောင်လို့ အမည်တွင်ရစ် စေခဲ့ပါတယ်၊
့ဒီလိုနဲ့ သူတော်တောင်းတွေ တရားထူးရရှိသွားတဲ့နေရာမှာ အတူလိုက်ပါလာကြတဲ့ သူငယ်ချင်းတွေ အားလုံး စုပေါင်း ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃပူဇာ ပြုလုပ်ခဲ့ကြတယ်၊ အန္တရယ်ကင်းစေဖို့လည်း စုပေါင်း ဆို့တောင်းမေတ္တာ ပို့သ ခဲ့ကြပါသေးတယ်၊ သူတော်ကောင်းတို့ရဲ့ အတု လိုက်ခဲ့ကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ သူတော်ကောင်းတွေဆိုတာ ငါးဖြာအာရုံ ကာမဂုဏ်တွေနဲ့ ဝေးတဲ့ နေရာ ဒေသ တွေကို နှစ်သက်ကြ ပါတယ်၊ အခုလည်း ဒီနေရာ ဒီဒေသတွေဟာ သူတော်ကောင်း၊ တရားအားထုတ်သူတို့ နှစ်သက်နိုင်သေးတဲ့ နေရာတစ်ခုအဖြစ် ရပ်တည်နိုင်ပါသေးတယ်။ သူတော်ကောင်းတို့ သူတော်ကောင်းဖြစ်အောင်းအားထုတ်ချင်သူတို့ အဖို့ စိတ်ကြည်နှုးရတယ်၊ ဂုဏ်ယူမိတယ်၊ ကုသိုလ်ပွါးမိတယ်၊ ဒီနေ့ အဖို့ ဒေသန္တရ ဗဟုသုတ ကျောင်းမှာ နေခဲ့တာနဲ့ စာရင် များစွာရရှိလိုက်ပါတယ်လို့ ပြောရင်း ဒီနေ့အဖို့ ခရီးစဉ်ကို ဒီမှာပဲ အဆုံးသတ်လိုက်မယ်နော်၊ နောက်နေ့ ဆက်ကြတာပေါ့၊ ထပ်တူ ခံစားနိုင်ကြပါစေ။ အခုဆိုရင် ကီလိုမီတာ (၂၈၅)ခရီး ပေါက်နေပါပြီ။

Wednesday, December 24, 2008

စာမေးခန်းမှ ရလာဒ်ကောင်းများ

စာမေးပွဲကြီး အခန်းကဏ္ဍ တစ်ခု ပြီးသွားပါပြီ၊ တစ်နှစ်လုံး ပင်ပန်းထားသမျှ ဒီတစ်ကြိမ်ပဲ အသိအမှတ် ပြုကြ ရတာပါ၊ ဒီကြားထဲ ပို့စ် တွေ မတင်ဖြစ်ဘူး၊ အကြောင်းပြချက်ကတော့ စာမေးပွဲပေါ့၊ ဟုတ်တိပတ်တိတော့ မဟုတ်ပါဘူး။ ဘာပဲပြောပြော စာမေးပွဲနီးနေတဲ့အချိန်မှာ ပို့စ်တွေချည်းပဲ ရေးနေမယ်ဆိုရင် အပြစ်ပြောစရာ ဖြစ်မှာစိုးလို့ပေါ့၊ ဒီနေ့က စပြီး ပို့စ်လေးတွေ ပုံမှန် ပြန်ရေးပြီး တင်ပေးနိုင်တော့မယ်ထင်ပါတယ်၊ ညီ ညီမ အစ်ကို အမတွေက ခဏခဏ မေးကြတယ်၊ တို့ဦးဇင်း နိုင်ငံခြားမှာ စာသင်နေတာ ဘာတွေကို ဘယ်လို သင်ရသလဲပေါ့၊ ပတ်ဝန်းကျင်မှာလည်း ကြွားထားပြီး ပြန်မဖြေနိုင် ဖြစ်နေကြတယ်ထင်ပါရဲ့၊ ဂုဏ်ယူချင်ကြတာပေါ့လေ၊ ဟုတ်တာပေါ့၊ သူတို့တွေမှာ ဒီ ပီတီလေးနဲ့ပဲ အသက် ရှင်ကြရတာ။ ဒါ့ကြောင့် တစ်နှစ်စာ စာသင်ကြရတဲ့ ပညာရေးပုံစံကို အကြမ်းဖျင်း တင်ပြပေးလိုက်တယ်နော်။
မြန်မာပြည်ဖွား သံဃာများရဲ့ ပြည်ပ ပညာသင်အများစု ထွက်ကြတာတော့ သီဟိုဠ်(သီရိလင်္ကာ) နဲ့ အိန္ဒိယ( ဘုရားပွင့်တော်မူရာ)ဒေသ တွေပဲ ဖြစ်တယ်၊ အီန္ဒိယ ဘက်ကိုသွားရင်တော့ အကုန်အကျ နဲနဲ သက်သာပြီးတော့၊ သီဟိုဠ်ဒေသကို လာမယ်ဆိုရင်တော့ အကုန်အကျ အိန္ဒိယထက် ပိုများပါတယ်၊ နေရာဒေသလည်း အနဲငယ် ဝေးတယ်၊ ကျောင်းစားရိတ်ကလည်း ဈေးကြီးတယ်လေ၊ ဒီနှစ်တော့ သီဟိုဠ်ကို စာသင်ထွက် သံဃာတွေ အတော်များတဲ့နှစ်လို့ ဆိုရမယ်၊ ဘာ့ကြောင့်လဲဆိုရင် မနှစ်ကထက် များလို့ပေါ့၊ အဲဒီအထဲ ကျုပ်လည်း တစ်ယောက် အပါအ၀င်ပေါ့၊ သိပ်ချမ်းသာလို့တော့မဟုတ်ဘူး၊ ပိုင်ဆိုင်သမျှ အမွေဆိုင် လေးကို အမေ့ဆီက အတင်းတောင်းပြီး လေယဉ်လမ်းစားရိတ် လုပ်ပြီး ထွက်ခဲ့တာပါ့၊ စွန့်စားခန်းတစ်ခုပေါ့၊ လူငယ်တွေ နိုင်ငံခြားစွန့်စားထွက်ရင် ပိုက်ဆံ ဆိုတာ ပြန်ရတယ်၊ ငါလည်း နိုင်ငံခြားထွက်ရင် မတူညီတဲ့ ပညာရေးစံနစ်တစ်ခုတော့ ရနိုင်လောက်တယ်ဆိုတဲ့ စိတ်နဲ့ပါ၊ အခြား မက်မောစရာ သီဟိုဠ် ကုလားနိုင်ငံမှာ ဘာမှ မရှိ( အဲလေ) မြန်မာနိုင်ငံထက် သာတဲ့ လွတ်လပ်မှု အရသာက လွဲလို့ပေါ့၊
သီဟိုဠ်ရောက်ပြီဆိုတာနဲ့ အရင်ရောက်နှင့်တဲ့ နောင်တော့် နောင်တော်တွေက Training ပေးကြတယ်၊ ဘာလဲဆိုတော့ သီဟိုဠ်နေ သံဃာတွေ အားလုံး ဟင်းချက်တက်ရမယ် ဆိုပဲ၊ ဦးဇင်းက အရင်ကတည်းက ချက်တက် ပြီးသားဆိုတာ သက်သာရာ ရပါတယ်၊ အခြားသူတွေကတော့ မီးဖိုချောင် ၀င်ရတော့တာပဲ၊ ဘာလဲ၊ ဘုန်းဘုန်းတွေ ဟင်းချက် ထမင်းချက်တဲ့ကိစ္စကို အံ့သြပြီး အထင်သေးချင်တာလား။ မချက်စေချင်ရင် ကိုယ်တိုင်လာချက်ကျွေးပေါ့၊ ဒီမှာ ချက်ကျွေးမယ့် သူ တစ်ယောက်မှ ရှိတာ မဟုတ်ဘူးလေ၊ (အဲဒီလို ပြောလိုက်ချင်တာ ) တကယ်မပြောဘူနော်၊ ဒါပဲ စကား ဘယ်ရောက်သွားမှန်းမသိဘူး၊ အဲ ဟုတ်ပြီ၊ ဟင်းချက်တဲ့ ကိစ္စ၊ ဆယ့်လေးငါးရက်လောက်ဆို ဒီကိစ္စတွေက တက်သွားပါပြီ၊ အလည်အပတ် ဗီဇာနဲ့ လာတာဆိုတော့ တစ်နှစ်ဗီဇာရအောင် သတ်တမ်း တိုးရတယ်၊ ပြီးရင် ကျောင်းတက်ဖို့အတွက် ပြင်ဆင်ရတယ်၊ မြန်မာနိုင်ငံက ဘီအေ ဘွဲ့ရပြီး သံဃာတွေကို ဒီက တက္ကသိုလ်တိုင်း ညီတူညီမှ ဘီအေ တန်းတူ ပေးထားတယ်လေ၊ ဒါဆိုတော့ နောက်တဆင့် အမ်အေ ဂျွိုင်းလို့ ရပြီပေါ၊ သိပ်အားတက်မသွားနဲ့၊ ကျောင်းစာရိတ်က တနှစ်ကို ဒေါ်လာ ၆၅၀ ဗျ၊ ဈေးကြီးတယ်ထင်လား။နောက်နှစ်မစောင့်နဲ့၊ ထက် တက်ဖို့ပဲရှိတယ်တဲ့။ အထင်ကိုပြောတာပါ၊ မဖြစ်ပါစေနဲ့တော့ ဆုတောင်းမိပါတယ်၊ နောက် ကိုယ်တော်တွေ အတွက်ပါ၊ သူ့ထက် ဈေးချိုတဲ့ ကျောင်းတော့ ရှိတယ်၊ အစိုးရကျောင်းပေါ့၊ သူကတော့ တစ်ရာ ငါးဆယ်လောက်ဆိုရင် ရတယ်၊ ဒါပေမယ့် ကွာခြားမှုကတော့ ရှိရမယ်လေ၊ ဈေးကြီးတဲ့ ကျောင်းက တစ်ပတ်ကို လေးရက်၊ ဈေးချိုတဲ့ကျောင်းက တစ်ပတ်မှ နှစ်ရက်၊ နောက်ပြီး စာသင်တဲ့ဆရာတွေရဲ့ အရည်အချင်း၊ စာကြည့်တိုက် စံနစ်၊ ဒါတွေ ဒါတွေ၊ နောက်ပြီး ကျောင်သူလေးတွေ ပေါ မပေါ၊ ဟဲ၊ (ရယ်စရာ)
ကျောင်းသူလေးတွေနဲ့ စပ်ပြီး ပြောချင်သေးတာက ဒီကို နောက်မှ ရောက်လာတဲ့ ကဗျာဆရာ နောင်တော် တစ်ပါးက ကဗျာ လေး တစ်ပုဒ် စပ်ထားသေးတယ်၊ တစ်လလောက်နေပြီး သူလည်း ရင်ထဲက ခံစားချက်တွေ ပေါက်ထွက်လာတယ်ထင်ပါရဲ့၊ ကဗျာလေးက ဒီလိုဗျ၊ မျက်ရည်မခိုင်ရင် မဖတ်နဲ့နော်။ တို့ကတော့ ကြိုက်လို့ အလွတ် ကျက်ထားတာ။
ခေါင်းစဉ်က “ပြည်ပက ငါ့ဘ၀”တဲ့
ကုလားမ၊ မြင်စက သရဲထင် - မကြည့်ချင် မြင်ရင်မူးတယ် - ဘီလူးမရဲ့အသွင်၊
တစ်လကျော်တွင်၊ ခြောက်ပြစ်စင် ယဉ်ယဉ်လှပြန်ပေါ့ - တင် ရင်မကျန် နတ်မိကညာအသွင်မို့
မပြတ်ကြည့်ချင် မမြင်ရင်ရူးပါ့မယ် ၊ ထူးလှကြက်သရေ။ မြင်ရက်ကယ်ကြာ
ကြင်ဘက်မှာကုလားမသာရှိရင်တော့
ဈာန်နိဗ္ဗာန် ဘယ်မသိချင်ဘူ့ - ဆယ်ကိလေ ငါ့မှာ ပွါးတော့တယ်၊-- ကွယ်---တရားရှုလို့ဖြေ၊
ကဲ ဘယ့်နှယ့်ရှိစ၊ ကဗျာဆရာနဲ့ ဆက်သွယ်ချင်တယ်ဆိုရင်တော့ ကလောင်ရှင်က ရွှေသုဝဏ်တဲ့၊ဆက်သွယ်ချင်ရင် အီးမေးလ် လိပ်စာ ထားခဲ့ ၊ ခွင်ပြုချက် တောင်းပေးမယ်။ ဒါက စကားစပ်မိလို့ ပြောတာ၊ကြော်ငြာဝင်တာမဟုတ်ဘူး၊ ခုန အဲ ကျောင်းနှစ်ခုရဲ့ ကွာခြားချက်- စာကြည့်တိုက် ကွာခြားတယ်၊ နောက်ပြီး အစိုးရကျောင်းက ပို့ချပေးတဲ့ ဆရာတွေက အချိန်မမှန်ကြဘူး၊ ကျောင်းသားကို သိပ်မလေးစားဘူး လို့ ဆိုချင်လဲ ရတယ်၊ ဒီဘက် ဈေးကြီးတဲ့ ပုဂ္ဂလိက ကျောင်းကတော့ ကျောင်းသားကို လေးစားပါတယ်၊ ပိုက်ဆံ များများပေးထားတာကိုး၊ အချိန်လဲ မှန်တယ်၊ စာမေးပွဲ ရက် သက်မှတ်တာလည်း တိကျတယ်၊
ဒါကတော့ ကွာခြားချက်တွေ ပါ၊ အများကြီးရှိပါသေးတယ်၊
နောက် သင်နည်း စံနစ်၊ အဲဒါ အဓိက ပဲ ၊ ကိုယ့်မြန်မာ နိုင်ငံထက် သာသွားကြတဲ့ အချက်ပေါ့၊ မြန်မာပြည်မှာက Text Book ကိုင်ပြီး သင်တဲ့ စံနစ်လေ၊ အဲဒီအတွင်းထဲက စာတွေကိုပဲ ရမယ်ပေါ့၊ နိုင်ငံခြား တက္ကသိုလ် သင်နည်း စံနစ်က အရမ်းကို ကွာဟသွားပြီ။ ကျောင်းသားရဲ့ အတွေးအခေါ်ပညာညာဏ်ကို ဖွင့်ပေးလိုက်တယ်၊ စာသင်ခန်းထဲ ၀င်လိုက်ပြီဆိုတာနဲ့ ဆရာလုပ်သူက သူ ရှင်းပြလိုတဲ့ အကြောင်းအရာကို စ လိုက်တယ်၊ ခေါင်းစဉ် တစ်ခုပေါ့၊ Buddhist Study ဆိုတော့ ဗုဒ္ဓ ဘာသာနဲ့ ပက်သက်တဲ့ အတွေး အခေါ် အယူအဆတွေနဲ့ ပက်သက်မှာပေါ့၊ ဥပမာ နောက်ဘ၀နဲ့ ပက်သက်တဲ့အယူအဆ တို့ ဘာတို့ ပေါ့နော။ အဲဒီခေါင်းစဉ်အတိုင်း သူက ရှင်းပြတယ်၊ သူ့ ယူဆချက်၊ တွေ့ရှိချက်၊ လေ့လာထားသမျှတွေကို အကုန် တင်ပြတယ်၊ လေ့လာထားတဲ့ကျမ်းကိုး တွေကိုလည်း ထုတ်ပြတယ်၊ ပြီးရင် အဲဒီစာအုပ်တွေထဲ သူပြောတဲ့ အချက်အလတ်တွေ ပါ မပါ၊ အကြောင်းအရာ အယူအဆရဲ့ အသေးစိတ် ဝေဘန် နိုင်အောင် စာကြည့်တိုက် သွားရတယ်၊ လေ့လာရတယ်၊ ဒါက နောက်ပိုင်းကိစ္စ၊ သူရှင်းပြပြီးတာနဲ့ အထူးခြားဆုံးက ကျောင်းသားထံက ဘာမေးချင်လဲ မေးပါဆိုတဲ့ Any Question ပဲ၊ အကြောင်းအရာနဲ့ ပက်သက်လို့ ကြိုက်တဲ့ ပုံစံ ကြိုက်တဲ့ မေးခွန်းမေးနိုင်တယ်လို့ ဆိုလိုတာပေါ့၊ ကျောင်းသားပေါင်းစုံ လူးမျိုးပေါင်းစုံတို့ထံက မေးခွန်း လေးတွေ ကြားခွင့်ရတယ်လေ၊ ကိုယ်တိုင် မေးနိုင်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့၊
ဒီလိုနဲ့ပဲ ကျောင်းသားနဲ့ ဆရာ ဆရာနဲ့ ကျောင်းသား စသင်တဲ့သက်တမ်းတစ်ခုကို ပျော်ရွှင်စွာပဲ ကုန်လွန်စေခဲ့တယ်၊ First Semester ပြီးရင် ကျောင်းသား တစ်ယောက်ခြင်းစီရဲ့ လေ့လာနိုင်မှု အင်အား၊ စွမ်းရည်၊ လုပ်ဆောင်ချက်တွေကို ပေါ်လွင်စေဖို့၊ စာဖတ်အား ဘယ်လောက်ကောင်းသလဲ၊ အတွေအခေါ်ညာဏ် အခြေခံ ဘယ်လောက်ရှိသလဲဆိုတာကို သိဖို့အတွက်၊ Term Paper ပုံစံ စာလုံးရေ အနဲဆုံး ငါးထောင် သတ်မှတ်ပြီး စာဆောင် တစ်ခု ရေးဖို့ ခေါင်းစဉ်တောင်းတယ်၊ ကျောင်းသားတိုင်း မဖြစ်မနေ လုပ်ရတဲ့ ကိစ္စ တစ်ခုပါ၊ နောက်ပိုင်း ကျောင်းတက်လိုက်၊ အဲဒီစာဆောင် တစ်ခုအတွက် လုံးပန်းလိုက်၊ ( တစ်ခါ တစ်ခါ အင်တာနက် သုံးပြီး အချက် အလက် ရှာဖွေလိုက်) စသည်နဲ့ပဲ အချိန်ကို ကုန်လွန်စေခဲ့ကြတယ်၊ ဒီလိုနဲ့ Third Semester ရောက်ပြီ ဆိုပါတော့၊ ကျောင်းသားတွေ စိတ်ပူ ကြပြီလေ၊ စာမေးပွဲ အတွက်ပေါ့၊ မြန်မာနိုင်ငံက ကူးစက်လာခဲ့တဲ့ Virus တစ်မျိုးကြောင့်လားမသိ၊ မေးခွန်း လိုချင်တဲ့ ရောဂါပေါ့၊ ဆရာတွေက စာမေးပွဲနီးလေ၊ သူသင်ပြီးသမျှကို ပြန်ဆွေးနွေးကြတယ်၊ ကျောင်းသားတွေကလည်း အဲဒါကို သိပ် စိတ်မပါကြဘူး၊ မေးခွန်းလေးများ အရိပ် အမြွက် ကြားလို့ ကြားငြားပေါ့၊
ဒါပေမယ့် မြန်မာသံဃာတော်တွေက အရမ်းကို အကင်း ပါးကြတယ်၊ မေးခွန်း ကို မမျှော်တော့ဘူး၊ ဘာ့ကြောင့်လဲဆိုတော့ တစ်နှစ်ပတ်လည်လုံးသင်တာမှ ဆရာ တစ်ယောက် တစ်ယောက်ကို အကြောင်းအရာ ရှစ်ခု ကိုးခု အပြင် ပိုမသင်နိုင်ဘူး၊ မဆွေးနွေးနိုင်ဘူးလေ၊ စာမေးပွဲ မေးမယ့် မေးခွန်းက ဆယ်ပုဒ်စာ၊ တစ်ခါ တစ်ရံ ရှစ်ပုဒ်စာ၊ အဲဒီအထဲက ဖြေဆိုရမှာက လေးပုဒ်ပဲ၊ ကဲ ဘာလိုသေးလဲဆိုပြီး အင်္ဂလိပ်စာ အခြေခံ ကောင်းကြတဲ့ နောင်တော်တွေ ညီတော်တွေ စုဝေး တိုင်ပင် ဘာသာရပ်အသီးသီးကို ခွဲဝေ တာဝန်ယူကြ ၊ ဆရာ အသီးသီး ပို့ချ ချက်တွေအားလုံးကို Record လုပ်၊ ကိုယ်တိုင် လက်တန်း ချမရေးနိုင်တဲ့သူတွေအတွက် ဆက်ဆိုင်ရာ ခန့်မှန်းချက် မေးခွန်းပုံစံ ထုတ်၊ အဖြေကိုလည်း စာမေးပွဲစည်းကမ်းနဲ့ ကိုက်ညီတဲ့ စာလုံးအရေအတွက် မျိုး ပြည့်မှီအောင် ဖန်တီးပေးကြ၊ အဲဒီလို အကွက်မြင်တက်တဲ့ ရွှေမြန်မာ သီဟိုဠ် ကျောင်းသား သံဃာတွေ စိတ်မပူကြရဘူး၊ ကိုယ့်အရည်အချင်းအလိုက်၊ ကိုယ်တိုင်ရေးနိုင်ရင် ကိုယ်တိုင် တွေးခေါ်ပြီးရေးတယ်၊ အားနည်းတဲ့သူတွေကိုလည်း ပြန်လည် မျှဝေတဲ့၊ ရရှိတဲ့ အချက်အလက်တွေကိုလည်း ၀ှက်မထားပဲ အချိန်နဲ့ တပြေးညီ ဖြန့်ဝေပေးလိုက်တော့ အားလုံး စိတ်ချမ်းသာစွာနဲ့ စာမေးပွဲဆိုတဲ့ ပန်းတိုင်ကို ရဲဝံ့စွာ ဖြတ်သန်းနိုင်တာပေါ့၊ အချို နိုင်ငံခြားသားတွေ Local ကျောင်းသားတွေကတော့ စာမေးပွဲနီးလေ စိတ်ပူလေပဲလေ၊ information နဲကြတော့ ပူပင်ရတော့ မှာပေါ့၊
နောက်ဆုံး ဒီဇင်လဆိုရင် စာမေးပွဲတွေ အသီးသီး ဖြေဆိုကြရပြီ၊ ဆရာတွေအနေနဲ့လည်း မြန်မာနိုင်ငံကို ငါ မေးခွန်းထုတ်ရတယ်ဆိုပြီး လက်စွမ်း မပြတက်ကြဘူး။ အကြောင်းအရာ တကယ်သိသင့်တဲ့ဟာဆိုရင် မဖြစ်နေ မေးတယ်၊ ကျောင်းသားလည်း ဖြေဆိုနိုင်ရမယ်၊ မဖြစ်မနေလဲ သိသင့်တယ်၊ တစ်နှစ်စာ သင်ပြီးသား အကြောင်းအရာတွေ ခြုံငုံမိအောင်လည်း ဖြစ်ရမယ်ဆိုတဲ့ မေးခွန်းမျိုးကိုသာ မေးလေ့ ရှိပါတယ်၊ ထူးခြားတာ ပြောရဦးမယ်။ မေ့သွားမှာစိုးလို့။
နိုင်ငံခြား တက္ကသိုလ် ပညာရေးမှာ၊ စာမေးပွဲမှာ ခို်းချလို့ လုံးဝ လုံးဝ မရပါဘူးခင်ဗျာ။ ဘာလဲ၊ တိုးတက်တဲ့နိုင်ငံဆိုတော့ ကင်မရာတွေ ဒါမှမဟုတ်၊ အခန်းစောင့်တွေ များကြီး ချထားတာမျိုးတို့၊ စာမေးပွဲ အခန်းဝမှာ တစ်ကိုယ်လုံးကို သူခိုးရှာသလို ရှာတာမျိုးတွေ ရှိလို့လားလို့ မေးစရာရှိတယ်၊ လုံးဝ လုံးဝ ပါလို့ ဖြေလိုက်ချင်တယ်၊ ဘာ့ကြောင့်လဲ၊ စပြီး မေးကတည်းကိုက ဖြေဆိုချိန် သုံးနာရီပါ၊ လေးပုဒ် ဖြေရပါတယ်၊ တစ်ပုဒ်ကို အနဲဆုံး A4 စာမျက်နှာ သုံးမျက်နှာ ဖြေဆိုရပါတယ်၊ ဘာသာရပ်အားလုံး အင်္ဂလိပ်လိုပါ၊ တစ်ပုဒ်ကို လုံးဝ ရပ်ပြီး စဉ်းစားစရာ မလိုပဲ ရေးရင်တောင်မှ ဆုံးဆယ့်ငါးမိနစ် ကြာပါတယ်၊ ဒါဟာ အမြန်ဆုံးလက်ရေးနဲ့ လုံးဝ မစဉ်းစားပဲ ရေးမှပါ၊ ဆိုတော့ Maximum ပြောရရင် တစ်ပုဒ်ကို 45 မိနစ်၊ လေးပုဒ်စာ ဖြေရတော့ အချိန် သုံးနာရီဆိုတာ ရေးနေတာနဲ့ ကုန်သွားပါမယ်၊ ခါးကြားက စာအုပ်ကို အခန်းစောင့် လစ်အောင်စောင့် ၊ မေးခွန်းနဲ့တိုက်ပြီး လှန်ရှာ၊ ဒါမှမဟုတ်၊ အခြားသူဆီက လှမ်းပြီးမေး ပြီးမှ ရေးဆိုရင်၊ အဲဒီလို စာမေးပွဲ ဆယ်နာရီလောက် အချိန်ရမှ အောင်မြင်မှာပါ၊
ဒါ့ကြောင့် အစ ကောင်း အနှောင်း သေချာ ဆိုသလို ကျောင်းသားတွေ စာရိတ္တ မဏ္ဍိုင် မြဲခိုင်စေဖို့ အကောင်းနဲ့ စတက်ဖို့ လိုပါလိမ့်မယ်၊ သင်နည်းစံနစ်ရယ်၊ မေးခွန်းမေးနည်း စံနစ်ရယ် ဆိုတာတွေကြောင့် ကျောင်းသားတစ်ယောက်အဖို့ သိသင့်တဲ့အကြောင်းအရာ၊ လေ့လာသင့်တဲ့ စာပေ၊ ကုန်လွန်သွားတဲ့အချိန်တွေမှာ ဖြတ်သန်းတက်ဖို့ စတာတွေကို နိုင်ငံခြား ပညာရေးက ကောင်းအောင် ပေးနိုင်တယ်၊ ဒေါ်လာတွေ အများကြီး ပေးပြီး သင်ရာ စာပေးအတက်ပညာသာ မက အဲဒီလို Foundation ချထားပုံလေးတွေ အတွေအခေါ် အယူအဆ၊ လေ့လာနည်းစံနစ်၊ ပြန်လည် သင်ကြားပို့ချနည်းစံနစ်တွေ အများကြီး ရပါတယ်၊ အဲဒီကောင်းမွန်တဲ့ နည်းစံနစ်ကြောင့်ပဲ စာရိတ္တ ပျက်ပြီး ဖြေဆိုမယ့် ကျောင်းသားလဲ ရာနှုန်း အတော် နဲပြီး ပျောက်ကွယ်လုမတက် ဖြစ်ပြီး သန့်ရှင်းတဲ့ ပညာရေး ဆရာ တပည့်၊ ဆရာ ဆရာအချင်းချင်း။ ၊ ကျောင်းသား ကျောင်းသားအချင်းချင်း အပြန်အလှန် လေးစား ချစ်ခင်မှုတွေ များစွာ များစွာ တိုးတက်နိုင်တယ်ဆိုတဲ့ ကောက်နှုတ်ချက် ကျွန်တော့်ရဲ့ စာမေးပွဲကဏ္ဍ တရပ် အပြီးမှာ ရလိုက်တယ်ဆိုတာ ဒီနေ့ အဖို့ တင်ပြလိုက်တယ်နော်၊
နောင်တော် ညီတော်များအားလုံးနဲ့ စာဖတ်သူအားလုံးကို အစဉ်လေးစားလျှက်၊လင်္ကာဒီပ ကျောင်းသား။

Sunday, December 7, 2008

လူသားဗုဒ္ဓ နှင့် လူသား ဘုန်းကြီးများ၊-

သီရိလင်္ကာ ဆိုတာယခင်က တော့ ဆီလုံ လို့ ခေါ်တဲ့ ကျွန်းနိုင်ငံလေး။ ထေရ၀ါဒ သာသနာနဲ့ဆက်စပ်ပြီး မြန်မာပြည်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိခဲ့တာ နှစ်ပေါင်းထောင်ချီကြာခဲ့ပြီ။ အင်ပိုင်ယာအဖြစ်စုစည်း ပထမ မြန်မာနိုင်ငံ အဖြစ်စတင်တည်ထောင်နိုင်ခဲ့တဲ့ခေတ် က ပုဂံခေတ်။ သီရိလင်္ကာ Polunnaruwa နှင့်ခေတ်ပြိုင်။

ဗုဒ္ဓသာသနာ ကို သံဃာတော်များ အဆင့်ဆင့် လက်ကမ်းလာခဲ့တာ ယခုဆို နှစ် ၂၅၀၀ ကျော်ခဲ့ပြီ။ ယခုအခါ မူရင်းဒေသ အိန္ဒိယမှာ ဗုဒ္ဓသာသနာကွယ်ပျောက်သွားခဲ့ပေမဲ့ သီရိလင်္ကာ.မြန်မာ.ထိုင်း.လော ကမ္ဘောဒီးယား တို့မှာထေရ၀ါဒ၊ တိဘက်၊ကိုးရီးယား၊တရုပ်၊ဂျပန်၊ထိုင်း၊ဗီယက်နမ် မှာ မဟာယာန၊ ဗုဒ္ဓသာသနာ ဆက်လက်ရှင်သန်နေဆဲ။

အိန္ဒိယက သာသနာပြုဘုရင် သီရိဓမ္မာသောကမင်းရဲ့ သားတော်အသျှင်မဟိန္ဒ နဲ့ သမီးတော် သင်္ဃမိတ္တာ ထေရီ တို့ရဲ့ စွမ်းဆောင်ချက်ကြောင့် သီရိလင်္ကာမှာ တစ်ဆက်တစ်စပ်တည်း ဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တဲ့ခဲ့တာ နှစ် ၂၀၀၀ ကျော်တိုင် ကြာခဲ့ပြီ။ သီဟိုဠ်သားတွေရဲ့ သာသနာကြည်ညိုပုံက ပညာ သားပါတယ်။ နှစ်၂၀၀၀ ကျော် တစ်ဆက်တစ်စပ်တည်း သာသနာတည်အောင် စွမ်းနိုင်တယ် ဆိုကတည်းက ပညာနဲ့ယှဉ်မှ။ ပညာမပါ နေရာမကျ။ သီဟိုဠ် ဗုဒ္ဓသာသနာလည်း လောကဓံ နဲ့ကြုံရတယ်။ မင်းကောင်းမင်းမြတ် သာသနာပြုမင်းလက်ထက်များမှာ ဗုဒ္ဓစာပေ သင်ကြားပို့ချ ရာ ဗဟိုဌာနကြီးများ(မဟာဝိဟာရ၊အဘယ ဂီရိ ၀ိဟာရ) ဖြစ်ခဲ့ပြီး၊ နိုင်ငံတကာ ကျောင်းသားများ အတွက် ပညာဖြန့်ဝေပေးနိုင်ခဲ့တယ်။ မင်းဆိုးမင်းညစ် သာသနာဖျက်မင်းလက်ထက်များတွင်တော့ အန္တရာယ်ကင်းရာ သင့်ရာဒေသ ပုန်းရှောင်ကြ၊ အိန္ဒိယ၊ မြန်မာ၊ထိုင်း နိုင်ငံရပ်ခြားသို့ သွားရောက် စတေးရှောင်ကြတာက ခေတ်အဆက်ဆက်ကတည်းက။

ပုဂံရှိ ဆပဒ စေတီ ၊ ပဲခူးကလျာဏီသိမ်နဲ့ ကလျာဏီ ကျောက်စာက မြန်မာ-သီရိလင်္ကာ ဗုဒ္ဓသာသနာအတွက် အရေးပါတဲ့အထောက်အထားဖြစ်သလို၊ ယနေ့သီရိလင်္ကာရှိ ထွန်းကားနေဆဲ အမရပူရဂိုဏ်း၊ ရာမညဂိုဏ်း၊ ရွှေကျင်ဂိုဏ်း ဆိုတဲ့ မြန်မာပြည်ပေါက်အမည်နဲ့ နိကာယ တွေကလည်း မငြင်းနိုင်တဲ့ သက်သေသာဓကများ။

မင်းကောင်းမင်းမြတ်ကိုအမှီရလို့ သာသနာထွန်းတောက်နေရင် ကျန်နိုင်ငံများကို ဝေငှတယ်။ မင်းဆိုးမင်းညစ် နှိပ်စက်လို့ သာသနာမှေးမှိန်နေရင် စတေးရှောင် ပြီးသာသနာ့ ကို ဆက်လက်ရှင်သန်စေတယ်။ အဲဒီလို သာသနာပြုတဲ့ရလာဒ်အဖြစ် ယခုအခါ သီရိလင်္ကာမှာ နိကာယ ဂိုဏ်းကြီး ၄ ဂိုဏ်း အထင်အရှားရှိနေပါတယ်။ သျှာမ် နိကာယ ဂိုဏ်းက - ယိုးဒယားအဆက်အသွယ်နဲ့ တည်ထောင်တာဖြစ်ပြီး၊ အမရ ပူရ၊ ရာမည၊ရွှေကျင် နိကာယ ဂိုဏ်းများက မြန်မာပြည်အဆက်အသွယ်နဲ့ တည်ထောင်ခဲ့ကြတာပါ။

သီဟိုဠ်သားတွေ အတွက် ဗုဒ္ဓဘာသာ သည် နိုင်ငံ့ရတနာ၊ နိုင်ငံ့သာသနာ။ ဘာသာ သာသနာကို ချီးမြှောက်ပုံက-ပညာသားပါတယ်။


၁- လူဦးရေ ၇၀% ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာ ဖြစ်တယ်။ (၉၀ % ခန့် ရှိတဲ့ မြန်မာပြည် နိုင်ငံတော်ဘာသာ မဖြစ်လာနိုင်တာ စဉ်းစားစရာပါ)

၂- ကန္ဒီ မြို့ရှိ ဗုဒ္ဓစွယ်တော်က National Treasure ၊ ၀န်ကြီးတစ်ယောက်ခန့်ထားပြီး စောင့်ရှောက်ထားတယ်။

၃- လူပုဂ္ဂိုလ်များ ရဟန်းပြုချင်ရင် အစိုးရဆီလျှောက်လွှာတင်ရတယ်။ အစိုးရက စီစစ် ပြီးမှ ခွင့်ပြုပေးတယ် (အချောင်သမားများ သာသနာ့ဘောင်ဝင် ရဟန်းဖြစ်လာဖို့ မလွယ်)။

၎- သာသနာ့ဘောင်ဝင် ကိုရင်ဝတ်ခြင်း ရဟန်းပြုခြင်း ကြောင့် မွေးရာပါ နိုင်ငံသား အခွင့်အရေး၊ အမွေဆက်ခံခွင့်၊ အလုပ်လုပ်ကိုင်ခွင့်၊ ပညာသင်ကြားခွင့် စသည် --မရှုံးဆုံးစေရ။

ဥပမာ- ရဟန်ဖြစ်ခြင်း .လူဖြစ်ခြင်း၊ မူဆလင် ဖြစ်ခြင်း၊ ဗုဒ္ဓဘာသာဝင်ဖြစ်ခြင်း၊ အသားဖြူခြင်း.အသားမဲခြင်း ယောက်ျားဖြစ်ခြင်း မိန်းမဖြစ်ခြင်း စသည် ကြောင့် မဲပေးခွင့်၊ ပါတီထောင်ခွင့်၊ ပညာသင်ကြားခွင့်.စသည်ကို ကန့်သတ်ထားခြင်းမရှိ။

(ရဟန်းဖြစ်ခြင်း ကြောင့် မဲပေးခွင့်မရခြင်း၊ အများနည်းတူ ခေတ်ပညာသင်ယူခွင့်မရခြင်း စတဲ့အချက်များက ဗုဒ္ဓဘာသာကို အမှန်တကယ် ချီးမြှောက်ထောက်ပံ့နေခြင်းပေလော၊ ဒါမှမဟုတ် ပညာသားပါပါ နှိမ် ချ ချိုးနှိမ်ထားခြင်းလော ဟု မေးမြန်းဖွယ်ရာပင်။ ဒါ့အပြင် ဗုဒ္ဓဘာသာ ၀င်ဖြစ်သည့်အတွက် သေတမ်းစာသည် တရားမ၀င်ဟု ဥပဒေမှာ လက်ရှိကျင့်သုံးနေတာက ၀ိနည်းအထောက်အထားအရ ဗုဒ္ဓတရားတော်နဲ့ လုံးဝဖီလာ ဆန့်ကျင်နေပြန်ပါတယ်။ ဒါကြောင့်..အဆိုပါအယူအဆများ စိမ့်ဝင်ပြန့်နှံ့ထွန်းကားနေခြင်းဟာ ဘာသာ သာသနာကို အမှန်တကယ် ချီးမြှောက်နေခြင်းကြောင့် လော၊ ဒါမှမဟုတ် ပညာသားပါပါ နှိပ်ကွပ်ထားခြင်းကြောင့် လော ဟု တွေးတောဖွယ်ရာပင် )

အမှန်တကယ် တတ်သိနားလည်သော ပညာရှင်များ သုသေတနပြု လေ့လာဆန်းစစ်ကြပါကုန်- ဤကား စကားချပ်။ ။

တဖြည်းဖြည်းနိမ့်ဆင်းလာသောလေယာဉ်ပေါ်ကနေ မြေပြင် အနေအထားကို ထင်ထင်ရှားရှားတွေ့လာရ တယ်။ မြင်ကွင်းတွေက မှတ်မိနေဆဲ။ ကိုလံဘိုကို လွန်ထွက်သွားပြီးနောက် ပင်လယ်ဘက်မှ ကွေ့ဝိုက်ကာ လေယာဉ်ကြီးက ပြေးလမ်းကို ဦးလိုက်ပါပြီ။ တရိပ်ရိပ်ပြေးနေသော ပင်လယ်ရေပြင် လွန်သွား သည်နှင့်မကြာမှီ.ဒုတ်ကနဲ့ မြည်သံ ကြားလိုက်ရတယ်။ လေယာဉ်ဘီး မြေကျသွားပြီလေ။

Bandaranaike International Airport သို့ဆိုက်ရောက်ပါပြီ။ Return Ticket မရှိ။ အစစ်အဆေးအမေးအမြန်းလည်းမရှိ။ Immigration Counter ကိုအလျှင်အမြန်ပဲ ဖြတ်သန်းခဲ့ရပါတယ်။

သီရိလင်္ကာရှိတက္ကသိုလ်များနှင့်ကမ္ဘာ့အရပ်ရပ်ရှိတက္ကသိုလ်များတွင် ပညာသင်ယူခွင့်ရခြင်းဟာ မြန်မာ ပြည် သားတစ်ယောက်အနေ နဲ့ အခြားသူများနှင့်ယှဉ်လိုက်ရင် ကံကောင်းခြင်းလက်ဆောင် ရရှိခြင်း ဟု ဆိုနိုင်မလား။

ကတညုတ ကတဝေဒီ ဒုလ္လဘော လောကသ္မိံ

သူပြုဖူးတဲ့ကျေးဇူးကို သိပြီး ကျေးဇူးပြန်ဆပ်တတ်တဲ့ ပုဂ္ဂိုလ်ကို ရခဲတယ်လို့ ဗုဒ္ဓရှင်တော်ဘုရားက ဆုံးမထားတယ်။ အခွင့်သင် အခါကြုံ ကြုံ မကြုံကြုံ အမိမြန်မာပြည် နှင့် တကွ သာသနာကို အမှန်တကယ် လှူဒါန်းထောက်ပံ့ နေသူများကို သတိတရရှိပါတယ်။နိုင်ငံရပ်ခြားမှာ လေ့လာသင်ယူခဲ့ရသမျှ ပညာ အမိမြန်မာပြည်မှာ ပြန်လည်အသုံးချ ချင်သူချည်းပါဘဲ။ သို့သော်လည်း…..ပညာအခြေခံ မတူတော့ တွေးခေါ်စဉ်းစားပုံ မတူ။ အတွေးမတူတော့ အယူမတူ။ အယူမတူလို့ အလုပ်လုပ်ခွင့် မရတဲ့ ပတ်ဝန်းကျင် ဆက်လက်ရှင်သန်နေရင်ဖြင့်……..

နွားသည် ရေကြည်ရာ မြက်နုရာ ဒေသမှာသာ နေပျော်မြဲ

ရေသည်.မြင့်ရာမှ နိမ့်ရာသို့သာ စီးဆင်းမြဲ
မြန်မာပညာရှင်အများ ...နိုင်ငံရပ်ခြားဆီသို့ တဖွဲဖွဲ

သံဃာတော်အများ လင်္ကာဒီပ သီဟိုဠ်ဆီသို့ ၀င်လာမစဲ တသဲသဲ

ပတိရူပဒေသ ကုသိုလ်.ပညာ.ဥစ္စာရဖို့ သင့်ရာဒေသ နေထိုင်ကြလော့

ဗုဒ္ဓဘုရားရှင်လမ်းညွှန်ချက်က အောင်မြင်လိုသူတိုင်းအတွက် အသုံးချရစမြဲ ..မဟုတ်လား။

စပ်မိစပ်ရာ အတွေးများ…(၂)

စာမေးပွဲနီးနေတာနဲ့ post တွေ မရေးဖြစ်ဘူး၊ သက်ဆိုင်သူများကလည်း အသစ် ဖတ်ချင်နေတော့ လင်္ကာ ကျောင်းသား နောင်တော်တစ်ပါးထံက ကောင်းနိုးရာရာ လေးကို ကော်ပီကူး ဖေါ်ပြပေးလိုက်တယ်နော်။

ထိုဆင်တော်ကိုလှူခြင်းကြောင့် သိဝိပြည်သူတို့သည် အမျက်ထွက်ကုန်၍ စည်းဝေး ကြပြီးလျှင်ဝင်္ကဘာတောင်သို့ သွားလော့ ဟု မိမိတို့ နိုင်ငံမှ နှင်ထုတ်ကြကုန်၏။


ထိုသိဝိပြည်သူတို့ နှင်ထုတ်ကုန်သည်ရှိသော် (ငါသည်) မတုန်မလှုပ် မတွန့် မတို သောအလှူကြီးကို ပေးလှူရန် တစ်ခုသော ဆုကို တောင်းပန်၏။


သိဝိပြည်သူအားလုံးတို့သည် ငါတောင်းပန်အပ်သည်ဖြစ်၍ ငါ့အား ဆုတစ်ပါးကို ပေးကုန်၏။ ထိုအခါ ငါသည် အလုံးစုံသော အလှူစည်ကို ကြွေးကြော်တီးခတ်စေ ၍ အလှူကြီးကို ပေးလှူ၏။

ထိုသို့ပေးလှူသော အလှူကြောင့် ဤမင်းကို နှင်ထုတ်ကုန်၏။ ဤမင်းသည် ယခုတဖန်အလှူကို လှူပြန်၏ ဟု အလှူပေးရာ အရပ်၌ အုတ်အုတ်ကျက်ကျက် ကြောက်မက်ဖွယ် ကြီးစွာသော အသံသည် ဖြစ်လေ၏။

ထိုအခါ ငါသည် ဆင်ကို လည်းကောင်း မြင်းတို့ကိုလည်းကောင်း၊ ရထားတို့ကိုလည်းကောင်း ပေးလှူ၍ ကျွန်ယောက်ျား ကျွန်မိန်းမ နွား ဥစ္စာ ဟူသော ကြီးစွာသော အလှူကိုပေးလှူပြီးလျှင် မြို့မှ ထွက်ခဲ့၏။ (ဝေဿန္တရ စရိယ)


ဝေဿန္တရာ မင်းကြီးကို ပြည်သူပြည်သားတို့က နှင်ထုတ် ကြပုံပါ။ ဘယ်နှယ်…ဝေဿန္တရာ မင်းကြီးရယ်။ တစ်ချက်လွှတ် အမိန့် တော်ပိုင်ဆိုင်တဲ့ သက်ဦးဆံပိုင် ဘုရင်တစ်ပါး ဖြစ်ပါလျက် ပြည်သူတွေကို မနှိပ်ကွပ်။ ပြည်သူ့အလိုလိုက်..တိုင်းပြည်မှ ထွက်ခွါပေးပါသတဲ့။ ဆူပူအုံကြွတဲ့ ပြည်သူတွေကို နှိပ်ကွပ် ဖို့ ဥပဒေ ပုဒ်မ များမရှိ၍လော၊ နန်းရင်ပြင်ဝယ် ကြွေးကြော်ဟစ်အော်နေတဲ့အဖျက်သမားများကို ခြေမှုန်းဖို့ စစ်တပ်ကြီးများ မရှိ၍ လော…….

.သက်ဦးဆံ ပိုင် ဘုရင်တစ်ပါး ဖြစ်လျက် နှင့် ပြည်သူ နှင်ထုတ်လို့ ထွက်တော်မူရတယ်လို့။ ညံ့ရန် ကော ဝေဿန္တရာ ရယ်……စိတ်ထဲက ဘ၀င်မကျလှ။

ဒါနဲ့စာအုပ်တွေ ကို ဟိုမွေဒီရှာ ကြည့်တယ်။ နောက်ဆုံးတော့ ဘ၀င်ကျစရာ စာတစ်ပုဒ်သွားတွေ့တယ်..။ အဲဒါက..

ဒါနံ သီလံ ပရိစ္စာဂံ၊ အဇ္ဖ၀ံ မဒ္ဒ၀ံ တပံ။
အက္ကောဓနံ အ၀ိဟိံ သဉ္စ၊ ခန္တိဉ္စ အ၀ိရောဓနံ။
ဣစ္စေတေ ကုသလေ ဓမ္မေ၊ ဌိတေ ပဿာမိ အတ္တနိ။
တတောမေ ဇာယတေ ပီတိ၊ သောမနဿဉ္စ နပ္ပ က န္တိ။ (ဇာ.၂.၂၁. ၁၇၆-၁၇၇)


၁။ ဒါန - လှူဒါန်းခြင်း၊

၂။ သီလ- ငါးပါးသီလ၊ ၁၀ ပါးသီလ ကိုဆောက်တည်ခြင်း။

၃။ ပရိစ္စာဂ- ပေးကမ်းချီးမြှောက် ထောက်ပံ့ခြင်း။

၎။ အဇ္ဖ၀ - စိတ်နှလုံး ဖြောင့်မတ်ခြင်း။

၅။ မဒ္ဒ၀ - ကိုယ်နှုတ်တို့ နူးညံ့ သိမ်မွေ့ခြင်း။

၆။ တပ - တပ အကျင့်ကိုကျင့်ခြင်း.(.ခြိုးခြံခြင်း)

၇။ အက္ကောဓန - မေတ္တာ ရှေ့ထား အမျက်မပွါးခြင်း။

၈။ အ၀ိဟိံသ - တိုင်းသူပြည်သားများကို မညှင်းဆဲခြင်း။

၉။ ခန္တီ - သည်းခံခြင်း။

၁၀။ အ၀ိရော ဓန - တိုင်းသူပြည်သားတို့နှင့် မဆန့်ကျင်ခြင်း။

ဟုတ်ပါပီ။ ဒါကမင်းကောင်းမင်းမြတ်တို့ လိုက်နာကျင့်ဆောင်တဲ့ မင်းကျင့်တရား (၁၀)ပါး။ နောက်ဆုံး ..အ၀ိရောဓန ဆိုတဲ့ အဆုံအမ က တိုင်းသူပြည်သားတို့ရဲ့ အလိုနဲ့မဆန့်ကျင်ခြင်း…..တဲ့။ ကိုယ်လုပ်တာ မှန်နေလျက်နဲ့ ပြည်သူအလိုနဲ့မဆန့်ကျင် လို၍ လိုက်လျောခြင်းပါလား။ ၀င်္ကဘာတောင်သို့ ကြွချီခြင်းဟာ….မင်းကျင့်တရား နှင့် အညီပါတကား ဟု ဘ၀င်ကျရပါတယ်။

ဒီနေရာမှာ မှား မှန်တာ ကို မပြော။ သူမှန်တယ်..ငါမှန်တယ် လို့လည်း အငြင်းမပွါး။ ဝေဿန္တရာမင်း ကြီးဟာ သူယုံကြည်တာကို လုပ်ခဲ့တယ်။ အလှူပေးတဲ့အတွက် နှင်ထုတ်ခံရတာတောင် သူ့ယုံကြည်ချက်ကို မစွန့်လွှတ်။ ထွက်တော်မူ နန်းက ခွါဆဲဆဲ အလှူကြီး ထပ်ပေးလိုက်ပြန်ပါတယ်။ တရားစောင့်တဲ့ သူကို တရားကပြန်လည်စောင့်ရှောက်တယ် ဆိုတဲ့ စကားနဲ့အညီ နောက်ဆုံးတော့..ပြည်သူတွေက ဝေဿန္တရာမင်းကြီးကို ၀န်ချ။ ပြည်တော်ပြန် နန်းစံရန် တောင်းပန်ကြပြန်တယ်။ ဟုတ်တာပေါ့..တရားစောင့်တဲ့မင်းကို ပြည်သူတွေက အသဲနှလုံးထဲက ချစ်မြတ်နိုးကြမည်ပေါ့။ ဒါမှ သာယာဝပြောတဲ့ တိုင်းနိုင်ငံအဖြစ် ပြည်ထောင်များအလယ် ၀င့်ကြွားနိုင်မှာကိုး။


ရဟန်းတို့ ဘုရင်မင်းတို့ တရားမစောင့်သောအခါ မှူးမတ်တို့သည်လည်း တရားမစောင့်ကုန်၊ မှူးမတ်တို့ တရားမစောင့်သောအခါ ပုဏ္ဏား သူကြွယ်တို့လည်းတရားမစောင့်ကုန်၊ ပုဏ္ဏား သူကြွယ်တို့ တရားမစောင့်သောအခါ နိဂုံး ဇနပုဒ် နေသူတို့လည်းတရားမစောင့်ကုန်……………..၊
မင်းတရားမစောင့်သည် ဖြစ်အံ့ ..တစ်နိုင်ငံလုံး ဆင်းရဲရ၏။

အပြန်အလှန်အားဖြင့်…အောက်ပါအတိုင်းတွေ့ရပါတယ်။

ရဟန်းတို့…ဘုရင်မင်းတို့..တရားစောင့်သောအခါ..မှူးမတ်၊ပုဏ္ဏား သူကြွယ်၊ နိဂုံး ဇနပုဒ်..နေသူတို့လည်း တရားစောင့်ကုန်၏။ …………………….မင်းတရားစောင့်သည် ဖြစ်အံ့..တစ်နိုင်ငံလုံးချမ်းသာရလေသတည်း။(အဓမ္မိက သုတ်)
တိုင်းပြည် ကြီးပွါး ဆုတ်ယုတ်ခြင်းက မင်း တရားစောင့်ခြင်း တရားမစောင့်ခြင်း နဲ့ အဓိက သက်ဆိုင်ပါကြောင်း…ပိဋကတ်တော်လာအဆိုအမိန့်များပါ။ အခြား သော တိုင်းပြည် တိုးတက်ကြီးပွါးရေးနှင့် စပ်ဆိုင်တဲ့ အဆုံးအမ များလည်းမြောက်များစွာ ရှိပါဦးမယ်။
ဘုရားဟော အဆုံးအမ များသည် တိုင်းပြည်ထူထောင်ရေးနှင့် လားလားမျှ မပတ်သက်ဟု အဘယ်သူပြောနိုင်အံ့နည်း။.

တစ်ချို့ကဆိုကြတယ်။ ဗုဒ္ဓဘာသာ အဆုံးအမများက လက်တွေ့အကောင်အထည်ဖေါ်ရန်မလွယ်။ လူ့ဘောင်လူ့လောက သာယာဝပြောဖို့အတွက်..သတ်တန် သတ်.ဖြတ်တန်ဖြတ်ရတယ်။ ဒါကြောင့် လက်တွေ့ အသုံးမကျ..ဟု တစ်ချို့က ဆိုကြတယ်။ ရေးသားဖြန့်ဝေကြတယ်။ ထိုသူများက ဗုဒ္ဓစာပေကို အဘယ်ဆရာထံ နည်းခံ၍ ဘယ်နည်းဘယ်ပုံ သုသေတနပြုထားခဲ့တယ်ဟု မဖေါ်ပြထား။ အကယ်၍ ထိုသူ၏ အယူအဆ အတိုင်းသာ သင်ယုံကြည်ပါမူ….

အရိယာ သောတာပန် ဗိမ္ဗိသာရ မင်း တိုင်းပြည်အုပ်ချုပ်ပုံ ၊ သီဟ စစ်သူကြီး မင်းအမိန့်နာခံ စစ်တပ်ကွပ်ကဲပုံ နှင့် ဘုရားရှင်ရဲ့ ခမည်းတော် သုဒ္ဓေါဒန ဘုရင်ကြီး ရာဇပလ္လင်ထက် ထီးဖြူအောက် ပရိနိဗ္ဗာန်စံ ၀င်တဲ့ဖြစ်ရပ်များက အဓိပ္ပါယ်မရှိ.ယုံတမ်းစကားတွေ ဟု ထပ်ဆင့် ယူဆရန်သာ ရှိပါကြောင်း……

Thursday, October 23, 2008

A Critical Study on Ywe merchant Story and A good performance

လောကရှိ ပညာရှင် အများစုဟာ နေစဉ်နဲ့အမျှ လူ့သဘာဝကို အခြေခံပြီး ပညာပေး စာပေတွေ ဇာတ်လမ်းတွေ တင်ပြပြီး ဆိုဆုံးမတက်ကြတယ်၊ ရှေးပညာရှိတို့ ဆိုထားခဲ့တဲ့ အဆုံးအမ တွေကို အခြေခံပြီးတော့လည်း ခေတ်နဲ့အညီ တင်ပြတက်ကြတယ်၊ ဒါတွေကို ကြည့်ရှုခံစားပြီး လူငယ်များဟာ အတုယူ တက်ကြတယ်လေ၊ တင်ပြပုံတွေကို အခြေခံပြီး စိတ်ကောင်းဝင်ကာ လိမ်မာသွားတက်ကြတဲ့ လူငယ်တွေ ရှိသလို အတုယူမှားပြီး လမ်းလွဲကို လိုက်သွားကြတဲ့ လူငယ်တွေလည်း ဘယ်သို့ များနေမလဲ။ ဒါတွေကိုတော့ ကျွန်တော် အတိအကျမသိပါ၊ ကျွန်တော် သိတာလေးကတော့ ဒီလိုဗျ။ လောကမှာ ဘယ်ပညာရှင်တွေ ဘယ်လောက် အရေးအသား ကောင်းကောင်း၊ ဘယ်လူမိုက်တွေ ဘယ်လောက်ပဲ ယုတ်မာ ဆိုးသွမ်းနေပါစေ၊ ဘယ်အတွေးအခေါ်ပညာရှင်က ဘယ်လောက်ပဲ တင်ပြတင်ပြ ဘာသာရေး ရှုထောင့်ဘက်က ကြည့်ရင် ၊ အယူအဆ အားလုံးရဲ့ အခြေခံဟာ ကောင်းမှုနဲ့ မကောင်းမှုဆိုတဲ့ အရာနှစ်ခုကိုတော့ လွန်ဆန်နိုင်မယ် မထင်ပါဘူး၊ အဲ-- ဒီနေရာမှာ ဗုဒ္ဓရဲ့ အဆုံးအမကို နဲနဲ တင်ပြလိုက်မယ်နော်၊ မေးခွန်း ဖြစ်လာနိုင်ဖွယ် ရှိလို့ပါ၊ ကောင်းတယ်ဆိုတာ ဘာလဲ၊ ဘယ်လို အပြုအမူမျိုးကို ကောင်းတယ်လို့ ဆိုမလဲ၊ မကောင်းဘူးဆိုတာ ဘာလဲ၊ ဘယ်လို အပြုအမူမျိုးကို မကောင်းဘူးလို့ ပြောနိုင်မလဲ ဆိုတဲ့ မေးခွန်းမျိုး ရှိလာနိုင်မယ်၊ အဲဒီနေရာမှာတော့ ဘာသာ အယူဝါဒအလိုက် ခွဲခြားမှုတွေဟာ မတူညီနိုင်ဘူးလေ၊ တချို့ ဘာသာ အယူဝါဒက သူ့ အသက်ကို သတ်ပြီး ပူဇော်မှ ကောင်းတယ်၊ ကုသိုလ်လို့ သတ်မှတ်တာရှိသလို၊ အခြားအယူဝါဒတွေက မကောင်းမှုလို့ သတ်မှတ်တာတွေ ရှိနိုင်တာကိုးဗျ။ ဒီနေရာမှ တင်ပြမှု အကောင်းဆုံးကတော့ ဗုဒ္ဓရဲ့ ဟောပြ ချက်ပဲ၊ ဘာလဲဆိုတော့--
လူတွေ ကောင်းတယ် မကောင်းဘူးဆိုတာ လိုချင်မှု လောဘ၊ ကြမ်းတမ်းတဲ့အမူအရာ ဒေါသ၊ ကွဲကွဲပြားပြား နားလည်မှု မရှိနိုင်လောက်အောင် ဖြစ်တက်တဲ့ မောဟ၊ အဲဒီ သုံးမျိုးကို အခြေခံပြီး မကောင်းဆိုတာ ဖြစ်ပေါ်လာတာပါတဲ့။
အဲဒီရဲ့ ဆန့်ကျင်ဘက်ကတော့ လိုချင်မှု ကင်းမဲ့ခြင်း အလောဘ၊ ကြမ်းတမ်းမှု ကင်းတဲ့ အမူအရာ အဒေါသ၊ ကောင်း မကောင်း ခွဲခြားနိုင်တဲ့ အသိညာဏ် အမောဟ၊ အဲဒီသုံးမျိုးကို အခြေခံပြီးတော့ ကောင်းတယ်၊ ကောင်းမှုဆိုတာတွေ ဖြစ်ပေါ်လာတာပါတဲ့ခင်ဗျ၊ နားလည်နိုင်သလား မသိဘူးနော်၊ နောက်ပြီး အဲဒီ ကောင်းမှု မကောင်းမှုဆိုတဲ့ သဘာဝတရား ဟာ ပြုလုပ်သူကိုယ်တိုင်လည်း အကျိုးသက်ရောက်မှု ရှိသလို၊ မပြုလုပ်ဘဲနဲ့ ပတ်ဝန်းကျင်ကိုလဲ သက်ရောက်မှုရှိစေတယ်၊ ခံစားမှုရှိစေတယ် ဆိုတာမျိုးကိုရော သင် လက်ခံနိုင်သလား၊ ဥပမာဗျာ-- တစ်ဦးတစ်ယောက်က ကိုယ့်ရှေ့မှာ သံပုရားသီး၊ ရှောက်သီး စားပြရင် သင် ဘယ်လို ခံစားရမလဲ၊ အဲဒါမျိုးလိုပေါ့၊ ကျွန်တော် နားထောင် ကြည့်ရှုဖူးတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို တင်ပြချင်တယ်၊ ပြီးမှ ဆက်ဆွေးနွေးမယ်၊ ဖတ်ကြည့်နော်---
ဇာတ်တော်တွေ အတော်များများကို ဖတ်လိုက်ရင် နားထောင်လိုက်ရရင် ကျွန်တော်တို့ မြတ်စွာဘုရား အလောင်းတော်ဟာ ရှေ့တန်းက ဦးဆောင်မှုမှာရော၊ အနစ်နာ ခံတဲ့အပိုင်းတွေမှာ၊ ရိုးသားမှု အပိုင်းတွေမှာ စံပြပဲဗျ၊ တစ်ခါ တရံ ပါရမီ ဖြည့်ခဲ့တဲ့ ကာလတစ်လျှောက် သူများအသတ် သတ်မိရင် သတ်ခဲ့မယ်၊ အရက်သေစာ သောက်စားရင် သောက်စားခဲ့မယ်၊ အကျဉ်းချုပ်ရရင်ဗျာ ကံငါးပါးပေါ့၊ အဲဒီအထဲက တစ်ခုခု ကြူးလွန်ခဲ့ပေမယ့်၊ လုံးဝ မပြုခဲ့တာကတော့ မုသားဗျ၊ လုံးဝ လိမ်မပြောခဲ့ဘူး။ ဒါကို သစ္စာ ပါရမီလို့ ဆိုတယ်၊ လိမ်ညာပြီး ပြောတဲ့စကားပေါ် အခြေခံပြီး ကိုယ့်ပတ်ဝန်းကျင် လူ့အသိုင်းအ၀ိုင်း အနဲ အများ ဒုက္ခ တွေ့ဘူးပါလိမ့်မယ်၊ နောက်တစ်ယောက်ကတော့ ပါရမီဖြည့်စဉ် ကာလတစ်လျှောက် ဘ၀ တိုင်းလိုလို ရန်ညှိုးကြီးစွာနဲ့ နှောက်ယှက်နေသူကတော့ အများသိကြတဲ့ လူဆိုးမင်းသား ဒေ၀ဒတ်ပေါ့၊ ဘာကြောင့်များ ဒီလောက် ရေစက် ဆုံခဲ့ကြသလဲဆိုတာတော့ မပြောတက်သေးဘူးဗျ၊ ကောင်းမှု မကောင်းမှု ခံစားချက် ကူးစက်ပုံလေးကို ကျွန်တော် ပြောချင်တာပါဗျာ၊ ရွဲကုန်သည် ဇာတ်ကို တင်ပြချင်တာပါ၊ ကြားဖူးပါလိမ့်မယ်၊ ဒါပေမယ့် ကျွန်တော့် ခံစားချက်နဲ့တော့ တူမယ်မထင်ဘူး၊ ဒီလိုဗျ။
ဘုရားအလောင်းရွဲကုန်သည်ရယ်၊ ဒေ၀ဒတ်လောင်းရွဲကုန်သည်ရယ်၊ အတူ ဈေးရောင်းထွက်ကြရင်း နယ်စွန် မြို့လေး တစ်မျိုးကို ရောက်ခဲ့ကြတယ်လေ။ ဒေ၀ဒတ် အလောင်း ရွဲကုန်သည်က ရွာတစ်ရွာကို ရောက်တော့ ရွဲတွေ လှည့်လည် ရောင်းတာပေါ့၊ ရွဲတွေ ယူကြအုံးမလား တကယ်လှတဲ့ ရွယ်တွေ၊ ခင်နှမ ကညှာ ပန်ဆင်သလိုလျှင် အသပြာ ထိုက်သလောက် ရောင်းချပေးမယ်ဗျား စသည် အော်ဟစ်လို့ပေါ့၊
ဒေ၀ဒတ်လောင်းကတော့ လောဘသမားပေါ့၊ ပစ္စည်းနဲနဲလေးနဲ့ ငွေအများကြီးလိုချင် တယ်လေ၊ ဘုရားအလောင်းရွဲကုန်သည်ကတော့ မျှမျှတတ ရှိပါတယ်၊ ဒီလိုနဲ့ လှည့်လည် ရောင်းချရင်း ရွာတစ်ရွာကို ဒေ၀ဒတ် အလောင်း ရွဲကုန်သည် အရင်ရောက်တယ်လေ၊ အဲဒီရွာမှာ သူဆင်းရဲ မည်းအဖွားနှစ်ယောက် ဆန်ဖွတ်ရင်း အသက်မွေးကြတယ်၊ အထည်ကြီး ပျက်တွေလို့ ဆိုရမှာပေါ့၊ အဘိုး အဖွားတွေ လပ်ထက်တုံးကတော့ ချမ်းသာကြလေရဲ့၊ အခုတော့ ဘ၀ပေးအခြေမလှ ဆင်းရဲသားဘ၀နဲ့ နေရရှာလေရဲ့။ ရွဲကုန်သည်ရဲ့ အသံကြားတော့ အပျိုရွယ် မြည်းလေးက မိန်းခလေးသဘာဝ အလှ အပ မက်မောပြီး ရွဲရတနာ ဆင်မြန်းချင်တယ်တဲ့လေ။ အဖွားကို ပူဆာတော့--အဖွားက ငါ့မြေးရယ်၊ အဘိုးရှိတုံးကလို မဟုတ်ကြောင်း၊ ၀ယ်စရာလဲ ငွေကြေးဥစ္စာ မရှိကြောင်းပြောတော့ မြေးကလေးခမျာ ၀မ်းမသာ နိုင်ရှာဘူးပေါ့။ ဒါပေမယ့် လက်မလျှော့ဘူးလေ၊ အဘိုးလက်ထက်က ကျန်ခဲ့တဲ့ ခွက်အစုတ်လေး တစ်လုံး သွားယူပြီး ဒါနဲ့ လဲပေးပေါ့လို့ ပူစာပြန်တော့ အဘွားလုပ်သူလဲ ရလို့ ရငြား လဲပေးမယ်ဆိုပြီး ကတိပေးလိုက်တယ်၊ အသိညာဏ် ဗဟုသုတကလည်း နဲပါးတော့ တန်ဘိုးကြီးတဲ့ အရာမှန်း မသိကြဘူးလေ၊ ဒေ၀ဒတ်လောင်းလျာကတော့ သိလေရဲ့၊ ခွက်ကို ပွတ်ကြည့်လိုက်၊ ပါးစပ်နဲ့ ကိုက်ကြည့်လိုက်၊ စစ်ဆေးလိုက်တော့ နာဂဏီရွှေဆိုတဲ့ အဖိုးထိုက် ရတာနာမှန်း သိသွားတယ်၊ ဒါပေမယ့်လည်း လောဘသမား မဟုတ်လား၊ သူများပစ္စည်း အလကား လိုချင်တော့ မှန်ရာကို မပြောဘူးလေ၊ ခွက်စုတ်ကြီး ဘာလုပ်ရမှာလဲ ဆိုပြီး လွန့်ပစ် ထားခဲ့တယ်၊ ပြီးမှ တစ်ခေါက်ပြန်လာပြီး ယူမယ်ပေါ့။ မြေးအဖွားလည်း စိတ်မကောင်းစွာနဲ့ပဲ လက်မှိုင်ချလိုက်ရတာပေါ့၊
သိပ်မကြာခင်ပဲ ဘုရားအလောင်း ရွဲကုန်သည် ထပ်ရောက်လာ ပြန်တယ်၊ မြေးကလေးလဲ ရှေးနည်းတူ ပူဆာပြန်တာပေါ့၊ ဒီရွဲကုန်သည်ကတော့ဖြင့် သဘော ကောင်းလောက်တယ်ပေါ့၊ အဖွားအိုလည်း မြေးချစ်ကလေးဆိုတော့ ရအောင် လဲပေးမယ် ဆိုပြီး ဘုရားအလောင်းရွဲကုန်သည်ကို ထပ်ခေါ်လိုက်တယ်၊ အမောင်ရွဲကုန်သည်၊ သင့်နှမ ရွဲ ရတနာ ဆင်မြန်းချင်လို့ သင့်သလောက်ပေးပြီး ဒီခွက် ယူပါ ဆိုတော့ ဘုရားအလောင်း ရွဲကုန်သည်က ကောင်းပါပြီ မိခင် ၊ ခွက်ကိုတော့ ကြည့်ပါရစေ ဆိုပြိးသိတော့၊ ရွှေခွက် အစစ် ဖြစ်ကြောင်း၊ အဘိုးထိုက်ရတနာဖြစ်ကြောင်း အမှန်အတိုင်းပြောပြလိုက်တယ်လေ။ မြေးအဘွား နှစ်ယောက်လဲ သစ္စာတည်ကြည်တဲ့ ရွဲကုန်သည်ကို သင်နဲ့ ထိုက်လို့ ရွှေဖြစ်တာပါ ဆိုပြီး ရွှေခွက်ကို ပေးလိုက်တယ်၊ ရွဲကုန်သည်လည်း ပါလာတဲ့ ရွဲတွေ အကုန်၊ ငွေသား အပါ အ၀င် ပေးပြီး နေရပ် မြို့ကို ပြန်သွားတော့တာပေါ့၊
မြေးကလေးကလည်း လိုချင်တဲ့ ရွဲရတနာ အများကြီးရလို့ ပျော်ရွှင်မဆုံးဖြစ်နေ၊ အဘွားအိုကလည်း မြေးလေးပျော်နေတာကို ကြည့်ပြီး ပီတိ ဖြစ်နေ၊ အဲဒီအချိန် လောဘသမား ဒေ၀ဒတ်လောင်း ပြန်ရောက်လာပြီး ချစ်နှမကို သနားလို့ ရွဲနဲနဲ ပေးခဲ့မယ်၊ အဲဒီ ခွက်ကြီးပေး ဆိုပြီးတောင်းတယ်လေ၊ မြေးအဘွား နှစ်ယောက်လည်း လောဘသမား၊ အတ္တသမား၊ လူလိမ် လူညာ၊ ရွှေခွက်ကို ဟို ရွဲကုန်သည် တစ်ယောက်ကို ပေးလိုက်ပြီလို့ ပြောပြီး ရန်တွေ့လွှတ်လိုက်တယ်၊ ဒေ၀ဒတ်လောင်း ရွဲကုန်သည်လည်း လိုချင်တာ မရ လောဘ အပူမီးကြွပြီး နေရာမှာတင် အရူးမီးဝိုင်းဖြစ်၊ ပါသွားတဲ့ ရွဲကုန်သည်နောက် လိုက်ပြီး အော်ဟစ်တောင်း၊ မြစ်တစ်ဘက်ကမ်းကူးသွားလို့ မမှီတော့တဲ့အဆုံး ယူကြုံးမရဖြစ်ကာ နှလုံးပေါက်ကွဲ(ရင်ကွဲနာကျ)ပြီး သေသွားတယ်လေ။( အမလေး အကျဉ်းချုပ်တင်ပြတာ နဲနဲ ရှည်သွားပြီ၊ စောရီးနော်)ကျွန်တော် ကိုယ်တိုင် အဲဒီ ဇာတ်တော်ကို မဖက်ဘူးပါဘူး၊ စင်္ကာပူသင်္ကြန်(TP သင်္ကြန်) ခွေမှာ ရွှေမန်းတင်မောင် အသံသွင်းတိတ်ခွေဖွင့်ပြီး စင်္ကာပူရောက် မြန်မာတွေ သရုပ်ဖေါ် တင်ဆက်တာကို ကြည့်ပြီး ပြန်ရေးတာ- ဟဲဟဲ--
ဇာတ်ကြောင်းကိုတော့ စာဖတ်သူလည်း သိပြီးဖြစ်မယ်၊ ကျွန်တော်ပြောချင်တာက ဇာတ်ကြောင်းကို သာမာန် နားလည်စေချင်လို့ မဟုတ်ဘူးဗျ၊ သင်ခန်းစာပါ ရယူစေချင်တာ၊ ကျွန်တော်ရလိုက်တဲ့ သင်္ခန်းစာ၊ တင်ပြပုံကောင်းလို့ ဖြစ်ပေါ်ခဲ့တဲ့ခံစားချက်ကို ပြောပြမယ်နော်။
(၁) ရွှေငွေရတနာတွေ သုံးမကုန်အောင်ရှိပြီး ချမ်းသာခဲ့တဲ့ မိသားစု မျိုးဆက် နှစ်ဆက်ပင် မကုန်သေးဘူး။ သူဆင်းရဲသမားဘ၀ ရောက်သွားရှာတဲ့ မြေးအဖွားနှစ်ဦးရဲ့ ကံကြမ္မာပေါ့၊ သိပ်ပြီး ချမ်းသာလို့ မာန်တက်မနေသင့်ဘူးလေ၊ ကွေးသောလက် မဆန့်မီ ၊ ဆန့်သောလက် မကွေးမှီ ဆိုလိုပေါ့ဗျာ၊ ရန်သူမျိုးငါးပါး ရန်က ကြောက်ရတယ်မို့လား၊ ကိုယ့်ပတ်ဝန်းကျင်မှာ နေ့စဉ် ကြုံတွေ ဖူးကြမှာပါ၊ ဆရာတော် တစ်ပါးမိန့်ကြားတာလေး ပစ္စည်းဥစ္စာအပေါ် မာန်မတက်မိဘို့ ဆိုတာနဲ့ စပ်လို့ ပြောပါရစေနော်၊ သိပ်ချမ်းသာနေလား၊ သုံးမကုန်အောင် ချမ်းသားနေလား၊ မာန်တက်မနေနဲ့အုံးတဲ့၊ အပေါ်ကိုမော့ကြည့်လိုက်ပါ၊ တက်နေတဲ့ မာန်တွေ ကျသွားလိမ့်မယ်တဲ့။(ဆိုလိုချင်တာက နတ်ပြည်ရဲ့ အနိမ့်ဆုံးဘုံမှာ ရှိတဲ့ အောက်ခြေနတ်သား ခံစားရတဲ့ စည်းစိမ်ကို မြင်ရင် ကိုယ့်ရှိတာ ပါးပါးလေးလို့ ဆိုချင်တာ) နောက်ပြီး သိပ်ဆင်းရဲလို့ စိတ်ဓာတ်ကျနေလား၊ ခဏနေဦး၊ ဟိုးအောက် အ၀ီစိကို ငုံ့ကြည့်လိုက်ပါတဲ့(ကိုယ်ခံစားနေ ရတဲ့ ဒုက္ခဆိုတာ ပါ့မွှားလေးပါ၊ ကြိုးစားရင် ပြန်ရနိုင်တယ်လို့ ဆိုချင်တာပါ။) နောက်ပြီး ရာသီဥတုနဲ့လည်း တုဖတ်ပြီး ရန်ဖြစ်မနေနဲ့တဲ့၊ သိပ်ပူနေရင် အ၀ီစိငရဲကို အာရုံပြုလိုက်၊ သိပ်ချမ်းနေရင် လောကန္တရိတ် ငရဲကို အာရုံပြုတဲ့(အရမ်းအေးတာ၊ အဲဒီရေအေးနဲ့ ထိလိုက်တိုင်း အသားတွေ ပဲထွက်ကုန်တဲ့ ရေတွေ ရှိတဲ့ငရဲ) ဒါကတော့ မဆိုင်ဘူး၊ စပ်မိလို့ ပြောလိုက်တာ၊ ဒါက နံပါတ်တစ် ကျွန်တော် နားလည်လိုက်တဲ့ သင်ခန်းစာပါ၊ သင်လည်း ဘယ်လို နားလည်မလဲဗျာ( )
(၂) နောက်တစ်ခုက ဒေ၀ဒတ်ရဲ့ မရိုးသားတဲ့ စိတ်၊ ညှာတာမှု ကင်းမဲ့တဲ့ စိတ်ဓာတ်၊ တစ်ဘက်က သူဆင်းရဲလေ၊ ရွှေခွက်မှန်းတောင် မသိတဲ့မြေးအဘွား၊ ဒါပေမယ့် သူ့အတွေးက မှန်တာပြောလိုက်ရင် လောဘ ပြန်တက်လာပြီး သူ့ဆီ မရမှာလဲ သူ စိုးရိမ်ပုံရတယ်၊ နောက်ပြီး လောဘ ကြီးတာလဲ ပါတာပေါ့၊ ခွက်စုတ်ကြီးဆိုပြီး ပစ်ချထားခဲ့တယ်လေ၊ ပြီးမှ ပြန်လာ ယူမယ်ပေါ့၊ ဒေ၀ဒတ်ရဲ့အကြံ၊ ပိုင်သလိုလိုတော့ ရှိသားနော်၊ သူ လောဘ ကြီးနေတာကို ကြည့်ပြီး လေးဂွနဲ့ ပစ်ချင်စိတ်တောင် ပေါက်လာတယ်၊ သင်နဲ့ ကျွန်ုပ် ပတ်ဝန်းကျင်မှာ အဲဒီလို ဒေ၀ဒတ်ညာဏ်မျိုး သုံးပြိး သူတစ်ပါးပစ္စည်း အချောင်လိုချင်သူတွေ ဘယ်လောက် များနေမလဲ၊ သင် တွေ့ဖူးသလားလို့ မေးချင်ပါတယ်။( ) လောဘဆိုတဲ့ အကုသိုလ်က ကိုယ်လဲအပြစ်ရှိ၊ သူတစ်ပါးလည်း အကျိုးမဲ့စေတယ်လေ၊ နောက်ပြီး လိမ်ငြာပြီး ယူတော့ ပိုပြီး ထိခိုက်ကုန်တာပေါ့၊ သူသာ အမှန်အတိုင်းပြောပြိး သင့်ရာပေးလိုက်ရင် သူပဲ ခံစားထိုက်မှာပေါ့၊ အခုတော့--- ထားလိုက်ပါတော့လေ၊ လိုရင်းမရောက်ပဲ ဖြစ်တော့မယ်။ သိဖို့လိုတာကတော့ လောဘဆိုတဲ့ အကောင်ဟာ ရမယ်ဆိုရင် အကုန် လိုချင်တဲ့ သဘောရှိတယ်ဆိုတာရယ်၊ လောဘဆိုတဲ့ သဘောက မီးပုံကြီးလိုပဲတဲ့၊ လောင်စာ ထင်း၊ မီးသွေး ကြိုက်သလောက်ထည့်၊ တော်ပါပြီလို့ မတားသလိုပေါ့၊ ဘယ်လောက် ရရ မတင်းတိမ် မရောင့်ရဲနိုင်ဘူးလေ။ လောဘ ကြီးလာပြီဆိုရင် လိမ်ပြောဖို့လည်း မ၀ံ့တော့ဘူးဆိုတာရယ်ပေါ့ဗျာ၊ ဒါ့ကြောင့် မတရားတဲ့ လောဘ မရှိဖို့ လိုမယ်၊ လူပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှာ အဲဒီလို မတရားလောဘ သမားတွေကြောင့် ပတ်ဝန်းကျင် ဘယ်လောက် ဒုက္ခ ရောက်နေကျမလဲ၊ ဟောဒီကမ္ဘာလောကကြီး စီးပွါးရေးကဒ်ဆိုက်တယ်ဆိုတာလဲ အဲဒီ မတရားလောဘ (၀ိသမလောဘ)ကြောင့်ပဲဆိုတာ မြင်လိုက်ပါတယ်၊ သင်ရော( )
(၃) ဘုရားအလောင်းရွဲကုန်သည်ထံကို ရွှေခွက်ပြလိုက်တော့ သစ္စာတည်ကြည်တဲ့ သူများ တန်ဘိုးရှိမှန်း သိတယ်ဆိုရင်ပဲ တန်ဘိုးရှိပစ္စည်းဖြစ်ကြောင်း ပြောပြလိုက်တယ်လေ၊ အဲဒီနေရာမှာ နောက်ခံ ဇာတ်က အပြောလည်းကောင်း၊ သရုပ်ဆောင်တွေကလည်း သဘာဝ ကျလှတော့ တကယ်ပါ၊ ကျွန်တော် မျက်ရည် ၀ဲခဲ့မိတယ်၊ ဘာဖြစ်လို့လဲဆိုရင် ပီတိ မျက်ရည်ပါ၊ ၀မ်းသာပီတိ မျက်ရည်၊ သစ္စာတရားများ ကိုယ်တိုင် ဖြည့်ကျင့်သူ မပြောနဲ့ ဘေးက ကြည့်နေသူကိုပါ ကုသိုလ်အရှိန် ကူးစက်စေတယ်ဗျ၊ လောဘ သမားက လိုချင်မှုကြောင့် လိမ်ပြောတယ်၊ မှန်ကန်သူကတော့ လိုချင်ပေမယ့်လဲ ကိုယ့်လိုချင်မှုလောဘကို မြိုသိမ့်၊ မှန်ရာကို ထွက်ဆိုရဲခဲ့တဲ့ ဘုရားအလောင်းရဲ့ သတ္တိကို လေးစားမိတာလဲ ပါတယ်ဗျ၊ အဲဒီနေရာမှာ စာရေးသူသာ ရှိခဲ့ရင် ဒေ၀ဒတ်လောက် လောဘ မကြီးတာတောင် မှန်ရာတော့ ပြောနိုင်ခဲ့လိမ့်မယ် မထင်ဘူး၊ မှန်တာပြောတာဗျ၊ သူလိုချင်တဲ့ ရွဲပဲ ပေးခဲ့ပြီး အသာလေး လစ်သွားမှာ၊(မကဲ့ရဲ့နဲ့နော်၊ စိတ်ထဲ ရှိတာ အမှန်ပြောတာ) သင်လည်း ဘယ်လို နေမလဲဆိုတာ အရိုးသားဆုံး စဉ်းစားကြည့်ပါ၊ ကျွန်တော်နဲ့ မတူရင် လေးစားပါတယ်။
(၄) နောက်တစ်ခုက မြေးအဘွားနှစ်ယောက်ဆီက ပျံလွင့်လာတဲ့ ရိုးသားတဲ့စိတ်ဓာတ်။ ရွှေခွက်မှန်းတော့ သိလိုက်ပြီ၊ ဒါပေမယ့် အဲဒီရွှေခွက်အပေါ် ပြန်လိုချင်တဲ့ တက်မက်တဲ့စိတ် လုံးဝ မရှိတာကိုပဲ။ ကိုယ့်ပစ္စည်းပဲဗျ၊ ဘာမျှ မလုပ်ရသေးတာ၊ ရောင်းချ ထုခွဲပြီး တိုက်တွေ ကားတွေ ရွှေတွေ အများကြိး ၀ယ်လိုက်မှာပေါ့၊ ဟုတ်ဘူးလား၊ (ကိုယ့်အတွေးပြောတာ) ဒါပေမယ့် ဒီလို ဖြစ်မလာဘူး၊ မှန်ရာကို ပြောပြခဲ့တဲ့ ရွဲကုန်သည်ကို ပေးလိုက်တယ်လေ။ နောက်ပြီး ပြောလိုက်သေးတယ်၊ သင်နဲ့ထိုက်လို့ ရွှေဖြစ်တာတဲ့ ငါတို့နဲ့ မထိုက်လို့ ရွှေမှန်း မသိတာတဲ့လေ။ ဟုတ်ပါတယ်၊ လောကမှ ပစ္စည်းဥစ္စာ စည်းစိမ် ရတနာဆိုတာ ထိုက်မှ ရပါတယ်၊ မထိုက်ရင် လုံးဝ မခံစားထိုက်ပါဘူး၊ သင် လက်ခံနိုင်လောက်ပါတယ်၊ ပစ္စည်း ဥစ္စာ ဘယ်လောက် ကြွယ်ဝ နေပါစေ၊ အဲဒီ ပိုင်ရှင် နာတာရှည် ရောဂါ ခံစားနေရရင် ဘယ်လို စည်းစိမ် ခံစားနိုင်တော့မလဲ၊ အဲဒါ သူနဲ့ မထိုက်လို့ပေါ့၊ အဲ-- တစ်ခု သတိပေးလိုတာက ထိုက်မှ ရမှာ၊ ခံစားထိုက်ရင် အလိုလို ပေါ်လာလိမ့်မယ် ဆိုပြိး အိပ်မနေနဲ့ဦးနော်၊ လူ့ဘုံဆိုတာ ၀ီရိယ ဘုံဗျ၊ နဲနဲတော့ ထိုက်သင့်သလောက် ကြိုးစားရမယ်လေ။ မေ့သွားမှာစိုးလို့ပါ။ အဲဒီလို မြေးအဘွားနှစ်ယောက်ရဲ့ ရိုးသားမှုကို ချီးမြှောက်နေချိန်မှာ ကျွန်တော် ပီတိ မျက်ရည် ကြွေခဲ့မိတာပါ။
(၅) မြေးကလေး လိုချင်တာရ ပျော်ရွှင်စွာ ကခုန်နေတာကို ကြည့်ပြီး အဘွားအို ပီတိ ဖြာနေပုံကလည်း ကူစက်စေတဲ့ ရောဂါ တစ်မျိုးပဲဗျ။ ကျွန်တော်တောင် ကလိုက်ချင်သေး၊ ပျော်စရာပေါ့၊ လိုချင်တာ ရသွားတာကိုး။ ဒါနဆိုတာ ပေးလှူခြင်းပါ၊ ကိုယ့်ရှိတာကို သူများ ပေးလိုက်တာလည်း ပီတိတစ်မျိုး၊ ကိုယ်ပေးလိုက်ရတာကို သူများ ပျော်ရွှင်စွာ လက်ခံလိုက်တာကို ကြည့်ပြိး ဖြစ်လာတာကလည်း ပီတိတစ်မျိုးပါ၊ အခုဟာက အဲဒီ ပီတိ လိုမဟုတ်ဘူးလေ၊ ကိုယ်လည်း မပေးလိုက်ရဘူး၊ သူများ ရတာလေးကို ကြည့်၊ ပျော်ရွှင်တာလေးကို ကြည့်ပြီး ကြည်နှုးမှု ပီတိပါ၊ ကျွန်တော် ယူလိုက်ရတဲ့ သင်္ခန်းစာက ဒါပဲဗျ၊ သင်လည်း ရွှေမန်းတင်မောင် ဇာတ် နားထောင်ကြည့်ပေါ့၊ ကျွန်တော့်လို့ပဲ ခံစားမိမလားလို့။ နောက်ဆုံး ဒေ၀ဒတ် ပြန်လာ၊ ရွှေခွက်တောင်း၊ သူများရသွားပြီးဆိုတာ ကြားပြီး လိုတာ မရတော့ လောဘအပူမီးဟပ် နှလုံးကွဲအပ်ကာ သေပွဲ ၀င်ရှာလေတော့ ကြည့်ပြီး မသနားမိတော့ဘူးလေ၊ လောဘသမားတို့ ရဲ့ နောက်ဆုံးဇာတ်သိမ်းခန်းက ဘယ်တော့မှ ကောင်းမှာမဟုတ်ဘူးနော်၊
ကျွန်တော် အဲဒီ ပြဇာတ်ကို ဆယ်ခါ တိတိ ကြည့်ပြီးမှ သင်္ခန်းစာ ရေးမိတာပါ။ တင်ပြပုံကောင်းပြီး ခံစားတက်တဲ့ ကျွန်တော့် နှလုံးသားကြောင့် ဒီသင်္ခန်းစားမျိုး ရလိုက်ပါတယ်။ လောကမှာ အနှစ်သာရရှိတဲ့ အဆုံးအမတစ်ခုကို အကောင်းဆုံး တင်ပြနိုင်ကြတဲ့ ပညာရှင်တွေ ပေါ်ထွန်းပါစေ၊ အတုယူမှန်ပြီး ခံစားတက်တဲ့ နှလုံးသားတွေ ပိုင်ဆိုင်ကာ သင်္ခန်းစာကောင်းများလည်း ယူတက်ကြပါစေလို့ ကျွန်တော် ဆုတောင်းမေတ္တာ ချွေသ ခဲ့ပါတယ်နော်၊ ခေတ်နဲ့ညီအောင် နေထိုင်တာကို အပြစ်မဆိုချင်ပေမယ့်၊ ခေတ်ရေစီးကြောင်းထဲမှာပဲ မျောပါမသွားဖို့တော့ ကျွန်တော် ပြောပါရစေဗျာ။ အားလုံး ညီငယ် ညီမငယ်တွေနဲ့ အစ်ကို အစ်မိတွေကို ဒီစာလေးနဲ့ လတ်ဆောင် ပေးလိုက်တယ်နော်၊ ကျွန်တော့်ထက် ကောင်းတဲ့ သင်္ခန်းစာမျိုး ရခဲ့ရင်လည်း မျှဝေပေးပါဦးလို့-----------
ဘိက္ခုပဏ္ဍိ(လင်္ကာဒီပကျောင်းသား)

Sunday, October 19, 2008

လင်္ကာဒီပ သီဟိုဠ်ဆွမ်းကျွေးခေါ်(ဒါနေး)











သီရိလင်္ကာယဉ်ကျေးမှုနဲ့ ဆွမ်း (ဒါန)
ကမ္ဘာလောကကြီး ဘယ်အချိန်က စတင်ပေါ်ပေါက်ခဲ့တယ်ဆိုတာ မသိရပေမယ့် ကမ္ဘာ့လူသားတို့ စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှု တိုးတက်မြင့်မားဖို့ ဆည်းကပ်ကိုးကွယ်ရာ ဘာသာရေးတွေ ပေါ်ပေါက်လာခဲ့ပါတယ်၊ အဲဒီထဲမှာ ဟိန္ဒူဘာသာဟာ ရှေးအကျဆုံးဖြစ်သလို တည်ထောင်သူဘယ်သူဆိုတာလဲမသိရပါဘူး၊ ဘီစီ ၆ ရာစုခန့်မှာတော့ ဗုဒ္ဓဘာသာ ပေါ်ပေါက်လာခဲ့ပါတယ်၊ အဲဒီနောက်မှာ ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာတွေ ပေါ်ပေါက်ခဲ့ပါတယ်၊ ဘာသာကြီးတွေအားလုံးဟာ သူ့အနှစ်သာရနဲ့သူ ရပ်တည်ကြပါတယ်၊ထူးခြားတာက ဘာသာကြီး လေးခုလုံးဟာ အာရှတိုက်မှာပေါ်ပေါက်ခဲ့တယ်ဆိုတာပါပဲ၊

တချိန်ကတော့ ဗုဒ္ဓဘာသာဟာ အီရန် အီရတ်နဲ့ ဂရိနိုင်ငံတွေအထိ ပြန့်နှံ့ရောက်ရှိခဲ့ကြောင်း သမိုင်းမှတ်တမ်းအထောက်အထားများအရသိရှိရပါတယ်၊ ဒီနေ့ခေတ်မှာတော့ မဟာယာန ဗုဒ္ဓဘာသာ ထေရ၀ါဒဗုဒ္ဓဘာသာ ဆိုပြီးနှစ်မျိုးရှိပါတယ်၊ တရုတ် ထိုင်ဝမ် ဟောင်ကောင် ဂျပန် ကိုရီးယားတို့က မဟာယာန ဗုဒ္ဓဘာသာကိုကိုးကွယ်ကြပါတယ်။ မြန်မာ သီရိလင်္ကာ ထိုင်း လာအို ကမ္ဘောဒီးယား တို့က ထေရ၀ါဒဘာသာကို ကိုးကွယ်ကြပါတယ်၊ သူနည်းသူ့ဟန်နဲ့ ဘာသာရေးဆိုင်ရာ ယဉ်ကျေးမှုလေးတွေတော့ ကွဲပြားမှု့ ရှိပါတယ်၊

သီရိလင်္ကာနိုင်ငံမှာ စနေ တနင်္ဂနွေနေ့တိုင်း ဒကာ ဒကာမတွေက ဆွမ်းဆက်ကပ်လှူဒါန်းကြပါတယ် သူ့တို့ယဉ်ကျေးမှုအရ ဆွမ်းစားကို ဒါနလို့ခေါ်ပါတယ်၊ ဘုရားဟောကျန်းဂန်များနဲ့ ညီညွတ်တာကို လေ့လာတွေ့ရှိရပါတယ်။ သံဃာတော်များကို ကားနဲ့ အိမ်ကိုပင့်ပါတယ်၊ အိမ်ရောက်ပြီဆိုတာနဲ့ အုန်းရွက်အနုလေးတွေ စီရက်လုပ်ထားတဲ့ အပြားလေးပေါ်မှာ ခြေတောက်ကိုရပ်ပေးရပါတယ် ပြီးမှခြေတောက်ကို ရေဆေးပေးကြတယ်၊ ပါဠိတော်များမှာ ဘုရားအမှူးရှိတဲ့ သံဃာတွေကို ဆွမ်းစားပင့်ပြီဆိုရင် မဉ္ဇေ အတ္ထရိတွာ အဓောပါဒေ ပေက္ခာလေတွာ ဆိုပြီး မှတ်တမ်းတင်ပါတယ်။ ခြေဆေးအင်းပျဉ်ကိုခင်းပြီး ခြေဆေးပေးတယ်လို့ဆိုလိုပါတယ်၊

ပြီးတော့ ဆွမ်းမစားခင် ဘုရားဆွမ်းတော် စုပေါင်းကပ်လှူကြပြီး တရားနာယူကြတယ် ၊ ပြီးရင်သံဃာတော်တွေကို ဆွမ်းဆက်ကပ်ပါတယ်၊ ဆွမ်းကပ်ပုံက မြန်မာပြည်မှာလို စားပွဲဝိုင်းတွေနဲ့မဟုတ်ပဲ ပုဂံထဲကို ဆွမ်းရော ဆွမ်းဟင်းတွေရော လိုက်ထည့်ပေးပါတယ် သံဃာတော်များက ပုဂံကိုပေါင်ပေါ်မှာတင်ပြီးစားရပါတယ် လိုက်ထည့်တဲ့ဟင်းကို မကြိုက်ရင် လက်ကာပြရုံပါဘဲ ဟင်းရည်ကို ဆွမ်းမစားခင် ကော်ဖီခွက်ထဲ ထည့်ပြီးကပ်ပါတယ် တခါတည်းမော့သောက်လိုက်ရပါတယ်၊ ဆွမ်းစားနေဆဲမှာတော့ အုံးရည်ကိုကပ်ပါတယ် (အတုယူသင့်တဲ့ ဆွမ်းဆက်ကပ်မှုလေးပါ သံဃာဘယ်နှစ်ပါး ပင့်ပင့် တာဝန်မကြီးတော့ပါဘူး)

ပြီးရင် အချိုပွဲကပ်ပါတယ် အသီးတွေကို ပန်းကန်ထဲမှာ တခါတည်းထည့်ပြီး ကပ်တာပါ တပါးကို တခုနှုန်းပါဘဲ သရက်သီးတစိပ် သင်္ဘောသီးတစိပ် ငှက်ပျောသီးတလုံးပါ၊ ပြီးရင် ခိရီ ဆိုတာကိုကပ်ပါတယ် မြန်မာပြည်က ဒိန်ချည်လိုမျိုးပါဘဲ ပြီးရင် ရေခဲမုန့်ကပ်ပါတယ် local monks တွေက ဆွမ်းစားတာအရမ်းမြန်တော့ စာရေးသူမှာတော့ ဒုက္ခရောက်ပါတယ် အစားနှေးတာကိုး၊ တခါတရံတော့ပြောရတယ် သူတို့နဲ့ဆွမ်းစားရတာလဲကွာ မာရသွန်ပြေးနေရသလိုဘဲလို့။

သူတို့ဆွမ်းကပ်ပုံကလဲ ဒီလိုမြန်မြန်စားမှ အဆင်ပြေတာပါ၊ တခုကပ်လိုက် လာသိမ်းသွားလိုက် နောက်တခုရောက်လာလိုက် သိမ်းသွားလိုက်နဲ့ပေါ့။ အားလုံးပြီးပြီဆိုရင် အလှူရံတွေကပ်လှူပါတယ် ဆွမ်းစားပြီးသွားရင် နောက်တကြိမ်တရားဟောပေးရပါတယ်၊အတုယူစရာကောင်းတာကတော့ ကလေးငယ်တွေအားလုံးကို ရှေ့တန်းတင်ပြီး ဆွမ်းကပ်တာ အလှူရံကပ်တာတွေပြုလုပ်စေပါတယ်။ ကလေးငယ်တွေကလဲ သံဃာတော်တွေကို ကြောက်ရွံ့နေတာမျိုး လုံးဝမရှိပါဘူး၊ မျိုးဆက်သစ်တွေကို ဘာသာရေး အမွေပေးပုံက တကယ့်ကို အတုယူစရာပါ၊ ဆွမ်းဆက်ကပ် လှူဒါန်းတဲ့အခါ အားလုံးနီးပါးဟာ အဖြူရောင် အ၀တ်တွေကို ၀တ်ဆင်ကြတာပါ၊

လူဆိုတာ ကိုယ့်ရွေးချယ်တဲ့ အလုပ်ပေါ်မှာ ကျေနပ်မှု ဂုဏ်ယူမှုရှိနေရမှာပါ ကိုယ်လုပ်တာကိုမှ ကိုယ်မကျေနပ်ရင် ဒီလူဟာ လောကကြီးကို ဘယ်တော့မှ အကောင်းမြင်နိုင်မှာမဟုတ်ပါဘူး ။ မိမိတို့တတွေဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသူတွေမို့ ဘာသာတရားရဲ့ အနှစ်သာရဖြစ်တဲ့ ငြိမ်းချမ်းရေးတွေဆီ ဦးတည်လျှောက်လှမ်းနေကြရအုံးမှာပါ၊ မတူညီတဲ့ယဉ်ကျေးမှုတွေ မတူညီတဲ့အတွေးတွေ မတူညီတဲ့ လူ့စိတ်ဓာတ်တွေကို ဆက်လက်လေ့လာရင်းနဲ့ပေါ့။
javascript:void(0)

Tuesday, October 14, 2008





Type your summary here.

Type the rest of your post here.

ဒါပေမယ်-----------

ဒိနေ့ သီတင်းကျွတ် လပြည့်နေလေ၊ ၀ါတွင်းသုံးလပတ်လုံး နတ်ပြည်မှာ မယ်တော်မိနတ်သားကို အဘိဓမ္မာတရား ဟောကြားပြီး လူ့ပြည်ကို မြတ်စွာဘုရား ပြန်လည်း ဆင်းသက်တော်မူလာခဲ့တဲ့နေ့ပါ၊ မြန်မာပြည်မှာဆိုရင် ဒီနေ့ ဒီအချိန်ဆို အတော်စည်ကားနေကြမယ်၊ ဘုရားသွား၊ မိဘတွေကို လတ်ဆောင်ပစ္စည်းများဖြင့် ကန်တော့၊ မီးပုံးပျံလွှတ်တင်ကြ၊ ဆီမီးတွေ ထွန်းညှိကြတယ်လေ၊ အရမ်းကို ကြည်နှုးစရာ အကောင်းဆုံးအချိန်တွေပါ၊ အပျော်ဆုံးအချိန်ဆိုတာ ကိုယ်တိုင် ပါဝင်ဆင်နွှဲမှ မဟုတ်ပါဘူး၊ သူများပျော်နေတာ ဆင်နွှဲနေကြတာကို မြင်ရင်ပဲ ကြည်နှုးလို့ ရနိုင်တဲ့အရာပါ၊ မုဒိတာရဲ့သဘောလေ။ ကိုယ်တိုင်လဲ ပါဝင်ဆင်နွှဲချင်တာပေါ့နော်၊ ဒါပေမယ့် ဒါပေမယ့်-------

ကျွန်တော် သီဟိုဠ်လို့ ခေါ်တဲ့ သီရိလင်္ကာ နိုင်ငံရောက်ခဲ့တာ သိပ်မကြာသေးပါဘူး၊ ယနေ့ ၀ါကျွတ်ပြီလေ၊ အမေ့ကို ကန်တော့ချင်လိုက်တာ၊ ဒါပေမယ့်------ ဆရာသမားတွေကို ပစ္စည်းလတ်ဆောင်လေးတွေနဲ့ ပူဇော်ချင်လိုက်တာ။ ဒါပေမယ်---- သူငယ်ချင်းတွေနဲ့ ဘုရားသွားပြီး လျှောက်လည်ချင်လိုက်တာ။ ဒါပေမယ့်-- မီးပုံးပျံတွေ ပွဲလန်းသဘင်တွေ အို-----စုံလို့ပါပဲ။ ဒါပေမယ့်တွေ များလာတော့မှာ၊ ကျွန်တော့်လိုပဲ နိုင်ငံရပ်ခြား တိုင်းတပါးမှာ မိဝေး ဖဝေး စီပွါးရှာနေကြတဲ့သူတွေ မနည်းပါဘူး၊ နှစ်တွေလည်း ဘယ်လောက် ကြာညောင်းနေကြမလဲ၊ ကျွန်တော့်ထက် ကြာမြင့်စွာ ခွဲခွါ နေထိုင်ကြတဲ့ ညီအစ်ကို မောင်နှမတွေ ဘယ်လောက်များနေကြမလဲ၊ အလွမ်းကိုယ်စီ ဘယ်လောက်ရှိနေကြမလဲ၊ ကိုယ်ချင်းစာကြည့်ပါတယ်ဗျာ။ အစ်ကိုတို့ အစ်မတို့အစား ကျွန်တော် လွမ်းကြည့်ပါတယ်၊ အတော့်ကို လွမ်းဖို့ကောင်းလိုက်တာနော်၊ မျက်ရည်တောင် ၀ဲလာမိတယ်၊
အဲ--အကြံတစ်ခု ရလိုက်တယ်၊ ချက်ခြင်းပဲ ဖယောင်းတိုင် သွားဝယ်လိုက်တယ်။ သူငယ်ချင်းတစ်ယောက်က မေးတယ်၊ ဘာလုပ်ဖို့လဲတဲ့၊ အလွမ်းဖြေမလို့ပါလို့၊-- ဘယ်လို ဘယ်လို၊ ကျွန်တော်လည်း စိတ်ရှည်လတ်ရှည် ပြန်လည် ဖြေကြားလိုက်ပါတယ်- စောင့်ကြည်ပေါ့---လို့။ သူငယ်ချင်းတွေ အားလုံး စုပေါင်းပြီး ကာယကံ ၀စီကံ မနောကံနဲ့ ပြောဆိုပြစ်မှားမိတာတွေ ခွင့်လွှတ်ပေးဖို့ အချင်းချင်း တောင်းပန်လိုက်ကြတယ်၊ နောက် မီးထွန်းပြီး မြန်မာ့ အလွမ်းပြေ ပူဇော်ကြမယ်လို့ စည်းရုံးလိုက်တယ်၊ အပေါင်းအသင်းတွေကလည်း အားတက်သရောပေါ့၊ မင်းဝယ်လိုက်ပါ၊ ငါတို့ လုပ်အားကူညီမယ်တဲ့၊( အတော်ကပ်စေးနှဲလိုက်တာ) စိတ်ထဲက ပြောလိုက်တာပါ၊ ဒီလိုနဲ့ ကျွန်တော်တို့ ဖယောင်းတိုင်လေးတွေ ဗောဓိပင်အောင် လိုက်ပြီး ကိုယ်စီ စိုက်လိုက်ကြတယ်၊ ဖယောင်းတိုင် စိုက်ရင်း စိတ်ကူးနဲ့ ကြည်နှုးနေကြမယ် ဆိုတာ တွေးကြည့် သိနိုင်တယ်လေ၊ ဒီနေ့ ဒီအချိန်-------ဆိုပြိးပေါ့၊ အားလုံး ဖယောင်းတိုင်များစိုက်ပြီးတော့ မီးထွန်းညှိဖို့ အချက်ပေးလိုက်တယ်ဆိုရင်ပဲ--ဂျိန်း--ဂျိန်း-----ဂျိန်း---။ ဟာ သွားပြီ---- ကိုရွှေမိုးရယ် ဘယ်အညှိုးနဲ့ ဒီလောက် ရက်စက်တာလဲကွယ်လို့ မော့ကြည့်ပြီး ပြောလိုက်ကာမှ ပိုလို့တောင် သဲလိုက်သေး၊ အော် အေးချမ်းတဲ့ အဓိပ္ပါယ်ကို ဆောင်တာပါလို့ အကောင်းဘက်က မြင်လိုက်ပါတယ်၊ ကျွန်တော်တို့ရဲ့ မီးထွန်းပွဲ အလွမ်းပြေလေး ငါးမိနစ်အတွင်းမှာပဲ ရေထဲ မျောသွားပါတယ်။ ရည်ရွယ်ချက်ကိုယ်စီ အတွေးကိုယ်စီ ကိုယ်စီ ကိုယ်စီ ပျက်ပြယ်ခဲ့ပြီပေါ့ဗျာ၊
ကျွန်တော် မပြောချင်တဲ့ စကား ဒါပေမယ့်--ဆိုတဲ့ စကားနဲ့ပဲ ကျွန်တော့်ရဲ့ မီးထွန်းပွဲ အလွမ်းပြေ အဆုံးသတ်ရတော့မှာပေါ့၊ အစတော့ ကျွန်တော်က ရွှေမြန်မာများကို မီးထွန်းပွဲ အလွမ်းပြေ အတွေ့အကြုံလေး ဗောဓိပင်အောက်မှာ ကျင်းပရင်း ကိုယ့်လိုပဲ အလွမ်းပြေရအောင် တင်ပြချင်တာပါဗျာ၊ ဒါပေမယ့်--- ဒါပေမယ့်-- ဒါပေမယ့်နဲ့ပဲ ကျေနပ်လိုက်ကြပါတော့လို့ ကျွန်တော် ဒီနေရာက တောင်းပန်လိုက်ပါတော့မယ်၊ ဒါပေမယ့် ---- ကိုရွှေမိုးရယ်-------------------------------------
အခုတော့ ကိုရွှေမိုးက သူမဟုတ်သလိုပါပဲ၊ မြူတိမ်ကင်းစင် ၀င်းပလမင်း ပေါ်ထွက်လာခြင်းနဲ့အတူ ကျွန်တော်တို့ရဲ့ မီးထွန်းပွဲ ပျက်လို့ လွမ်းနေကြတဲ့ ကျောင်းသားလေးတွေကို သူကလည်း မျက်ရည်တွဲလဲနဲ့ ကြိုဆိုသည့်အလားပေါ့၊ ပေါ်ထွက်လာပါတယ်၊ မီးများကို ထွန်းညှိုပူဇော်ကြပါတယ်၊ အမှတ်တရ ဓာတ်ပုံများလည်း ရိုက်ကြပါတယ်၊ စာဖတ်နေတဲ့ သူလည်း ပါဝင် ဆင်နွဲချင်တယ်ဆိုရင် အခုပဲ အရောက်လှမ်းခဲ့ပါနော်၊ နွေးထွေးတဲ့ နှလုံးသားနဲ့ အမြဲ ကြိုဆိုနေပါတယ်ဗျာ။
လင်္ကာဒီပကျောင်းသား


Template by : kendhin x-template.blogspot.com