ဆဋ္ဌမနေ့-ထရန်ကိုမာလီ၊ ပင်လယ်ကမ်းခြေမြို့ကလေးတစ်ခု-တမီးလ်လူမျိုးအများစု နေထိုင်ရာ။
အနုရာဓပူရမြို့ကနေ အဲဒီ ထရန်ကိုမာလီမြို့ကလေးကို သီးသန့် ခရီးဆက်ရတယ်၊ ကီလိုမီတာ (၁၆၆) ကျော် သွားရတယ်၊ လမ်းခရီးမှာ စစ်ဆေးရေးဂိတ်တွေ သုံးဆယ်ကျော်ရှိတယ်၊ တမီးလ် ကျားသူပုန်တွေ ရှိခဲ့တဲ့ နေရာပါ၊ သီရိလင်္ကာအစိုးရ ပြန်လည် သိမ်းပိုက်ထားတာ သုံးနှစ်ကျော်ပဲ၇ှိပါသေးတယ်၊ မြန်မာသံဃာတွေ ဘယ်သူမှ မရောက်ဘူးသေးတဲ့နေရာပါ၊ ပင်လယ်ကမ်းခြေလဲဖြစ်၊ လူမျိုးစုသီးသန့် နေထိုင်တဲ့ နေရာလည်းဖြစ်လေတော့ တံငါသည်တွေ ပေါများပါတယ်၊ သီရိလင်္ကာ လူမျိုးအများစုကတော့ သားငါး သတ်တဲ့လုပ်ငန်း၊(တံငါလုပ်ငန်း)ကို မလုပ်ကြပါဘူး၊ ရှေးယခင် ဘုရင်များလက်ထက်ကတည်းက ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ လုံခြုံအောင် ထိန်းသိမ်းခဲ့လေတော့ တိုင်းသူပြည်သားတွေလည်း ရှင်ဘုရင် တရားစောင့်သည့်အတိုင်း လိုက်နာခဲ့ကြတယ်၊ အဲဒီအစဉ်အဆက်ကတည်းက သီဟိုဠ်မှာ သားသတ် ငါးဖမ်းတဲ့လုပ်ငန်းတွေကို လုပ်ရင် ဇာတ်နိမ့်များအဖြစ် သတ်မှတ်ပြီး ပေါင်းသင်း ရောနှော ဆက်ဆံခြင်း မလုပ်ခဲ့ကြဘူး၊ ချစ်စရာကောင်းတဲ့ အလေ့အကျင့်တစ်ခုပါ။ ယခုအချိန်ထိပဲ လူမျိုးအများစုက သက်သက်လွတ်ဝါဒ တော့ မဟုတ်ဘူး။ သား ငါးကို မစားကြဘူး၊ အလွန်ဆုံး ငါးခြောက်လောက်ပဲ အကောင်းစားထားပြီး စားသုံးကြတယ်၊ ဘုန်းကြီးများ ဆွမ်းကပ်ရင်တောင် ဆယ်ခါမှာ တစ်ခါလောက်သာ ကြက်သားဟင်း ကပ်တာပါ၊ အဲဒီကြက်သားတောင်မှ မူစလင်လူမျိုးတွေဆီက ၀ယ်ယူရပါတယ်၊ သီဟိုဠ် လူမျိုးတွေ မရောင်းပါဘူး၊ ဒါက လူမျိုးနဲ့ စပ်လို့ ပြောတာပါ၊
အခု ဦးဇင်းတို့ သွားတဲ့နေရာမှာ နေထိုင်တဲ့ လူမျိုးတွေကတော့ ဟိုး ရှေးယခင် ဒုဋ္ဌဂါမဏိမင်း လတ်ထက် ကတည်းက ဗုဒ္ဓ သာသနာတော်ကို ထိပါး စော်ကားတဲ့ ကျေးကုလား ရန်သူတွေဆိုတာ ရှိပါတယ်၊ အဲဒီ ရန်သူတွေကို အဲဒီမင်းလတ်ထက်ကတည်းက နှိမ်နှင်းခဲ့တာ အခု ထက်ထိ ပါပဲ၊ ကျေးကုလားနဲ့ အခု တမီးလ် လူမျိုး အတူတူပါပဲ၊ (ဒမိလ-တမိလ-တမီးလ်) အစဉ်ဆက် ပြောင်းလဲခဲ့တာပါ။
ဦးဇင်းတို့ရောက်တဲ့ ကမ်းခြေက လပိုင်းအနည်းငယ်က တိုက်ခတ်ခဲ့တဲ့ ဆူနာမိ ရေလှိုင်းဒဏ်လည်း ဆိုးရွားစွာ ခံခဲ့ရပါတယ်၊ လူ ၁၅၀ကျော်နဲ့ အဆောက်အဦးပေါင်းမြောက်များစွာ ပျက်စီးခဲ့ပါတယ်၊ အဲဒီကမ်းခြေမှာပဲ နေ့ဆွမ်းကိစ္စ ပြီးခဲ့တယ်၊
ဒီလိုနဲ့ ခရီးပြန်လှည့်၊ တစ်နေ့တာ ကုန်ဆုံးအောင် မောင်းနှင်ပြီးတော့ စေတီပါဒ(သိရီပါဒ)ဆိုတဲ့ တောင်ခြေကို ရောက်ခဲ့တယ်၊ တောင်ခြေမှာတောင် အလွန်အေးပါတယ်၊ ကျိုက်ထီးရိုးလိုပါပဲ၊ ဒါပေမယ့် မတူညီတာကတော့ ကျိုက်ထီးရိုးထက် နှစ်ဆခွဲလောက် မြင့်ပါတယ်၊ မတ်မတ် ဆောက်ဆောက်ရှိပါတယ်၊ ကျိုက်ထီးရိုးက ဆံတော်စေတီ၊ ယခု စေတီပါဒ(သိရီပါဒ)ကတော့ ဘုရားခြေတော်ရာပါ၊ အခြား ဘာသာခြားတွေကလည်း ဒီခြေရာကို မိုဟာမတ်ခြေရာ(မူစလင်အယူ) ဖန်ဆင်းရှင်ခြေရာ (ဟိန္ဒူအယူ)စသည်ဖြင့် ယုံကြည်ကြတယ်၊ ဒါပေမယ့် ဗုဒ္ဓဘာသာ နိုင်ငံဖြစ်လေတော့ ဗုဒ္ဓခြေရာတော်ပေါ့၊
တောင်ပေါ်ကို အလွန်ဆုံး လေးနာရီခွဲခန့် တက်ရပါတယ်၊ လှေခါးထစ်ပေါင်း ၄၅၀၀ကျော်ရှိပါတယ်၊ သာမာန် မြေပြန့် တက်ရတဲ့ခရီးလည်းရှိပါတယ်၊ တောင်ခြေမှာပဲ အနွေးထည်၊ ခေါင်းစွပ်၊ ခြေစွပ်များ ၀ယ်ကြ၊ ခြောက်နာရီခွဲခန့်မှာ တောင်တက်ခရီးကို စတင်ခဲ့ကြတယ်၊ အောက်ခြေကမျှော်ကြည့်မယ်ဆိုရင် ရောက်ရမယ့်ပန်းတိုင်ဟာ တိမ်ထုထဲကို ထိုးဖေါက်လို့နေတာကိုမြင်နိုင်တယ်၊ နေ၀င်စ ဖြစ်လေတော့ ရဲရဲတောက် နေမင်းဟာ တိမ်တိုက်ကို အရှုံးပေးပြီး ပြန်လှည့်သွားလေသလားလို့တောင် ထင်ရတယ်၊ တောင်ထိပ်ပိုင်းက နေရောင်တွေ ဖြာထွက်နေတော့ ရောင်ခြည်တော်လွှတ်သကဲ့သို့လည်း မြင်နိုင်တယ်။
တောင်တက်လမ်းစဉ်တစ်လျှောက် စမ်းရေကျသံ၊ ကျေးငှက်များတေးဆိုသံ၊ တောဝက်များရဲ့အသံ၊ တောဆင်များရဲ့ အသံ၊ မျောက်တွေရဲ့ အော်သံ၊ စုံလိုပါပဲ၊တကယ့် တောင်တက်ခရီးရဲ့အရသာကို ခံစားခဲ့ရတယ်၊ မြင့်မိုရ်တောင်ကို မြန်မာတွေ ကြားဖူးပါလိမ့်မယ်၊ စာပေထဲ ဖတ်ဖူး ကြားဖူးတာပါ၊ တကယ်တော့ ဦးဇင်းတို့ကိုယ်တိုင် မမြင်ဘူးသေးပါ၊ နှိုင်းယှဉ် ခံစားကြည့်ရင် အဲဒီအတိုင်း မျက်လုံးထဲ မြင်ကြည့်လိုက်ပါ၊ ထပ်တူ ခံစားရပါလိမ့်မယ်၊
ဒီလိုနဲ့ ညနေ ခြောက်နာရီခွဲခန့်က စပြီးတက်လိုက်ကြတာ တောင်ပေါ်ကို အချို့ ရှစ်နာရီခွဲ၊ အချို့ ဆယ်နာရီ၊ နောက်ဆုံးရောက်တဲ့သူတွေကတော့ ဆယ်နာရီ လေးဆယ့်ငါး၊ ဆယ့်တစ်နာရီပါ၊ အတော့်ကို ဇွဲတင်းပြီးတက်ခဲ့ရတယ်၊ လူ့စွမ်းရည်ကို ပြခဲ့ကြတယ်၊ ပင်ပန်းသမျှတွေ တောင်ပေါ်ရောက်မှ အပန်းဖြေခဲ့ ရတယ်၊ အားကိုးစရာ ခြေထောက် တစ်စုံပဲ ရှိတယ်လေ။ မြန်မာပြည် ကျိုက်ထီးရိုးဘုရားဆိုတာက တောင်တက် ကားတွေ ရှိနေလေတော့ တောင်တက်ဖို့ဇွဲ အားမခဲနိုင်ရင် ကားတွေကို အားကိုးပြီး လက်လျှော့ တက်ကြတယ်လေ၊ ဒါပေမယ့် ဒီမှာကတော့ အတက်ရော အဆင်းပါ ဘာမှ အားကိုးစရာမရှိ၊ ဇွဲအတိနဲ့ ရင်းမှ ရခဲ့တာပါ။
တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီ၊ တွဲလက်ညီစွာဖြင့် တက်ရောက်နိုင်ခဲ့ကြတယ်၊ စည်းလုံးခြင်းရဲ့ အင်အားဆိုတာကို ပြသခဲ့ကြတယ်၊ ညီညွတ်ခြင်းရဲ့စွမ်းရည်တွေလည်း တွေ့ခဲ့ကြတယ်၊ အားနွဲသူတွေကို သန်မာသူတို့က ဖေးမ ကူညီခဲ့ကြတယ်၊ တစ်ဦးမေတ္တာ တစ်ဦးမှာ ဆိုသလိုပေါ့၊ ဒီလိုနဲ့ ရေလေး တစ်ကြိုက်သောက် အမောလေး ဖေါက်လာရင် အနားယူ၊ အားကူကာ ဆင်နွဲ တောင်တက်ပွဲကြီး ကတော့ ညပိုင်း ဆယ့်တစ်နာရီမှာ အဆုံးသတ်၊ အမောပြေ ခြေတော်ရာကိုဖူးလို့ ကျိန်းစက် အနားယူရင်း ဆဋ္ဌမနေ့ ခရီးစဉ်ကို တောင်ပေါ်မှာပဲ အဆုံးသတ်ခဲ့ကြတယ်။
သတ္တမနေ့၊ စေတီပါဒ(သိရီပါဒ)၊ တိမ်တိုက်တွေပေါ်မှ မျှော်ကြည့်ရင်း-----------------
မနက် အရုဏ်တက်တဲ့အချိန် အိပ်ယာမှ နိုးထ၊ ခြေလက် သုတ်သင်ခြင်းကိစ္စတွေ အပြီးသတ်၊ ထပ်မံ ဘုရားဂုဏ်တော် အာရုံပြုပြီး နံက်ခင်း နေရောင်ခြည်ကို စောင့်ကြည့်နေခဲ့ကြတယ်၊ မြင်ဘူးတဲ့သူတွေ ပြောပြချက်အရတော့ နံက်ခင်း ရောင်ခြည်ဦးကို ယခု တောင်ပေါ်ကနေ ကြည့်ရင် အတော့်ကို ကြည်နှုးဖွယ်ရာ ရှိပါတယ်တဲ့။
တိမ်တိုက်တွေကြားက ထိုးဖေါက်ထွက်လာတဲ့ သူရိယနေမင်းရဲ့ ရောင်ခြည်ကို အမြင့်ဆုံးနေရာက ကြည့်ရှု့ခံစားနိုင်တဲ့ အရသာတစ်ခုကို စောင့်စားနေခဲ့ကြတယ်၊ ကံဆိုးစွာပဲ တိမ်တိုက်တွေ ထူထပ်ပြီး ကြည့်ရှုခွင့်မရခဲ့ကြဘူး၊ တောင် ဘေးပတ်လည်ကို ကြည့်လိုက်ရင် တိမ်တိုက်တွေပေါ် ရောက်ရှိနေသလိုပါပဲ၊ တိမ်ခိုး တိမ်ငွေ့တွေက လူတွေကို တိုးဝှေ့နေကြတယ်၊ ဇာတ်တော်တွေထဲမှာ တိမ်ညွှန့်စား ဘီလူးဆိုတာ ဖတ်ဖူးခဲ့တယ်၊ အရသာ ဘယ်လိုရှိမလဲလို့ စားကြည့်တယ်၊ သိပ်မထူးပါဘူး၊ ရေငွေ့တွေပါပဲ၊
ခွန်အားနဲ့ ရင်းပြီး ရရှိတဲ့ အရာက ပိုလို့ တန်ဘိုးရှိပါတယ်၊ စက်မှု စွမ်းအင် ဘယ်လောက်ပင် ထွန်းကားပါစေ၊ လူစွမ်းအင်ကိုတော့ လိုက်မမှီနိုင်ပါဘူး၊ မြင့်မားတဲ့နေရာကို စက်မှုစွမ်းအားနဲ့ ရောက်နိုင်ပေမယ့် ကိုယ်ပိုင်အားနဲ့ ရင်းပြီး ရရှိတဲ့ အရသာကိုတော့ မယှဉ်နိုင်ပါဘူး။ လက်တလော အားထုတ်ဆဲမှာတော့ ပင်ပန်းတဲ့ဒဏ်ကို ခံရပေမယ့် အချိန်တွေ နှောင်းသွားလေ၊ ကြည်နှုးစိတ်က ပိုလေပါ။ လူ့ဘ၀ သက်တမ်းတစ်လျှောက်မှာ ငါ ဘာတွေ စွမ်းဆောင်နိုင်ခဲ့သလဲ၊ ဘယ်လိုအရာတွေကို ခတ်ခဲ ပင်ပန်းစွာ ဖြတ်သန်းခဲ့ရသလဲဆိုတဲ့ အတွေးမျိုးက စိတ်ရဲ့ ကြည်နူးမှုကို ပေးစွမ်းနိုင်ဆုံးပါ။
သာမာန် တွေးကြည့်ရင် အဆင်းခရီးက သက်သာမယ် ထင်ရပေမယ့် အခု တက်ခဲ့ရတဲ့ တောင်ကတော့ အတက်ခရီးထက် ပိုလို့ ပင်ပန်းတယ်လို့ ဆိုရမယ်၊ ခန္ဓာကိုယ် သေးသိမ် ပေါ့ပါးတဲ့ သူများ အဖို့ သက်သာပေမယ့် ၀ဖြိုးတဲ့သူများအဖို့ ၀န်ထမ်းပြီး ထိန်းထားရတဲ့ ခြေထောက်တွေ ခံနိုင်ရည် မရှိတော့ဘူးလေ။ တောင်အောက်ကို ဆယ်နာရီခွဲခန့် အောင်မြင်စွာ ဆင်းသက်ခဲ့ကြတယ်၊ နေ့ဆွမ်းကိစ္စ တောင်အောက်မှာတင် အပြီးသတ်၊ နေရပ် ပြန်ဖို့ခရီး ဆက်ခဲ့ကြ၊ လမ်းခရီးမှာ အမောပြေ စမ်းရေချိုးခဲ့ကြရင်း ဦးဇင်းတို့ရဲ့ သီဟိုဠ်(သီရိလင်္ကာ)ကျွန်းတစ်ပတ် ခရီးစဉ်ကို အောင်မြင်စွာ အဆုံးသတ်ခဲ့ ကြတယ်။
လူအကြောင်း ပေါင်းဖူးမှသိ ဆိုသလို ဦးဇင်းတို့အဖွဲ့ ခရီးစဉ်က နှစ်ဆယ့်ငါးယောက်ပါ။ စီစဉ်ရသူအဖို့ အတော့်ကို ခဲယဉ်းပါတယ်။ အစားအသောက်ကိစ္စစီမံရ၊ တည်းခိုဖို့ကိစ္စ၊ ခရီးစဉ် အန္တရာယ် ကင်းစေဖို့ ကြောင့်ကြစိုက်ရ၊ ခေါင်းဆောင်သူများအဖို့ သက်ပြင်း ချခဲ့ရတဲ့အချိန်ကတော့ ကျောင်းကို ကားစိုက်ရောက်တဲ့အချိန်ကျမှ ဖြစ်ပါတယ်။ အချင်းချင်း စိတ်ဓာတ်တွေကိုလည်း အားလုံးသိခွင့်ရခဲ့ ကြတယ်။ အရင်တုံးက တစ်ယောက်နဲ့ တစ်ယောက် အထင်အမြင် လွဲမှားခဲ့သမျှတွေဟာ ခရီး အတူထွက် ဖူးမှ မှားခဲ့မှန်းသိခဲ့ကြတယ်။ လွန်တာရှိခဲ့ကြရင်လည်း ၀န္ဒာမိပါ ဆိုတဲ့စကားတွေကိုလည်း ပြောဖြစ်ခဲ့ကြတော့ အမုန်းတရားဆိုတဲ့ အာဃာတ တရားတွေ အဝေးကိုရှောင်ရှားလို့ နောင်ကို ဆက်ကြ ရမယ့် ဘ၀ခရီး၊ လက်တွဲညီညာ လုပ်ဆောင်ကြရမယ့် တာဝန်တွေကိုလည်း နွေးထွေးစွာ ဆွေးနွေးခဲ့ရလို့ လျှောက်လှမ်းရမယ့် သံသရာခရီး ဖြောင့်တန်းအောင် ဒီခရီးစဉ်ကပဲ ပြသခဲ့တယ်။ ခရီးစဉ်မှတ်တမ်းကို ရေးတဲ့ ဦးဇင်းအဖို့လည်း စာအရေးအသားများ မှားယွင်းခဲရင်၊ ပြောဆိုဆွေးနွေးခဲ့တဲ့အချိန်မှာ မကောင်းတဲ့ လောဘ၊ ဒေါသ၊ မောဟ အခြေခံတရားကြောင့် မောက်မာရိုင်းစိုင်းတဲ့စကားပြောမိခဲ့ရင်၊ စေတနာအမှားကြောင့် လွန်ကြူးခဲ့တဲ့စကားများ ရှိခဲ့မယ်ဆိုရင် ဒီနေရာကနေ ကြေအေးခွင့်လွှတ်ပေးကြပါ၊ နောင်ကို ဒီလို အမှားမျိုး မဖြစ်အောင် စောင့်ထိန်းပါ့မယ်ဆိုတဲ့ ကတိကို ရင်ထဲ စိတ်ရင်းခံနဲ့ ပေးခဲ့ပါတယ်ဆိုတဲ့အကြောင်းနဲ့၊ ကြုံသလို လမ်းမှာတင် ရေးချခဲ့တဲ့ ဦးဇင်းရဲ့ ခရီးစဉ်မှတ်တမ်းလေးကို မငြီးမငြူ ဖတ်ရှုပေးခဲ့တဲ့ သင် စာဖတ်သူပရိတ်သတ်ကို အထူး(အထူး)ပင် ကျေးဇူးတင်မိပါတယ်ဆိုတာကို လေးနက်စွာပြောရင်း----------------------
(ချစ်တုံး မုန်းစကားပြောပါ-ရင်းနှီးနေတဲ့အချိန်မှာ အပြစ်ကို ပြောတက်တဲ့အလေ့အကျင့်)
(မုန်းနေတဲ့အချိန် ချစ်စကားပြောပါ-အထင်မှားအမြင်မှားပြီး မခေါ်မပြောဖြစ်နေတဲ့အချိန်မှာ အပြစ်စကား မပြောကြားမိအောင် ပြောတက်တဲ့အလေ့အကျင့်)ကို ရရှိနိုင်ကြပါစေ ဆိုတဲ့စကား လတ်ဆောင် ပေးခဲ့ပါတယ်၊
ဘိက္ခုပဏ္ဍိ(လင်္ကာဒီပကျောင်းသား)

0 comments:
Post a Comment