စင်္ကာပူရောက်ခိုက် တရုတ်နှစ်ကူးပွဲနဲ့ တိုက်ဆိုင်၊ တည်းခိုတဲ့ ဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်ကျင်းပတဲ့ မြန်မာ့ရိုးရာ ဒုလ္လဘရဟန်းခံပွဲနဲ့ ဆက်လို့ မှတ်တမ်းသဘောမျိုး ရေးခဲ့တယ်၊ ဒီနေ့ဆိုရင် ဒုလ္လဘရဟန်းတွေ အသီးသီး အိမ်ပြန်ကြတော့မှာပါ၊ နောက်နေ့ဆို ပုံမှန်အတိုင်း လုပ်ငန်းခွင် ပြန်ဝင်ကြရတော့မယ်လေ။ သူတို့တွေရဲ့ ရခဲတဲ့ အားလပ်ရပ်တွေမှာ ရခဲတဲ့ အခွင့်အရေးကို ယူပြီး လူအများစု မလုပ်နိုင်တဲ့ သာသနာ့ တာဝန်ကို ဘယ်လို ထမ်းဆောင်ခဲ့ကြသလဲဆိုတာ အခု ပြောပြပေးမယ်။
အကြောင်းအရာ စပ်မိအောင် ပြန်တွဲပြရမယ်ဆိုရင်တော့ ၂၃ ရက်နေ့ ညနေပိုင်း ဆံချ၊ သင်္ကန်းတောင်း၊ ကိုရင်ဝတ်ကြပြီး နောက်နေ့ ၂၄ရက်နေ့မှာ သိမ်တက်ပြီး မြင့်မြတ်တဲ့ ရဟန်းဘောင်ကို ရောက်ရှိပါတယ်၊ ကိုရင်ဘ၀တုံးကတော့ သရဏဂုံ ဆောက်တည်ပြီး ဆယ်ပါးသီလ ခံယူ၊ ၁၀၉ ပါးသော ရှင့်ကျင့်ဝတ်ကို ဆောက်တည်ရတယ်။ ရဟန်းသိက္ခာတော်တွေကတော့ သီးသန့် ခံယူစရာမလိုတော့ပါဘူး၊ ဒါက ဘုရားရှင်ရဲ့ ချမှတ်တော်မူ ထူးခြားချက် တစ်ခုပါ၊ သိမ်အတွင်းမှာကတည်းက ရဟန်းမဖြစ်ခင် သာမဏေကို မေးမြန်းစရာရှိတဲ့ မေးခွန်းတွေ မေး၊ တာဝန်ယူရမယ့် ဆရာသမားကို အပ်နှံပြီး ကမ္မ၀ါစာ လို့ခေါ်တဲ့ ရဟန်းပြုရမယ့် လုပ်ထုံးလုပ်နည်းကို သံဃာတော်တွေက ရွတ်ဆိုပြီး နောက်ဆုံး ဓာရယာမိ ဆိုတဲ့ စာလုံး ဆုံးတာနဲ့ တပြိုင်နက်ထည်းမှာ ကျင့်သုံးရမယ့် သိက္ခာပုဒ် ၂၂၇(အကျဉ်း)တွေ အလိုအလျှောက် တည်သွားပါပြီ။
ခဏတာ နေရမယ့် ဘုရားသာသနာတော်မှာ လိုက်နာစောင့်ထိန်းရမယ့် စည်းကမ်းတွေ၊ ကျင့်ဆောင်ရမယ့် ၀တ္တရားတွေ၊ အလွန် များလှပါတယ်။ စာပေ ပရိယတ် ကျင့်ကြံပြီး လေ့လာမယ့် သံဃာတော်တွေအတွက် ပရိယတ္တိလုပ်ငန်း၊ တရားဘာဝနာအားထုတ်ပြီး ချမ်းသာကို ရှာကြမယ့် သံဃာတော်တွေအတွက် ပရိပတ္တိလုပ်ငန်းရယ်လို့ အဓိက သာသနာ့တာဝန် နှစ်ခု ရှိတဲ့အနက် သုံးရက်တာ နေစဉ်ကာလအတွင်းမှာ ထိုတာဝန်နှစ်ခုစလုံးကို ထမ်းဆောင်နိုင်အောင် ဓာတ်တော်တိုက် (ရွှေတိဂုံအသင်းတော်)ဆရာတော်ကနေ သေချာ စီစဉ်ပြီး နေ့စဉ်တာဝန်တွေ ချမှတ်ပေးထားခဲ့တယ်၊ ကျင့်ဆောင်ရမယ့် ၀တ္တရားတွေကို မဟာဂန္ဓာရုံဆရာတော်ရဲ့ မူအတိုင်းချမှတ်ပေးခဲ့တယ်၊ ဒါကလည်း တူညီတဲ့ ၀တ္တရားရှိအောင် စီစဉ်ရလို့ပါ၊ တရားအားထုတ်ပုံတွေကတော့ နည်းမျိုးစုံ ဘယ်လိုရှိရှိ၊ ချမ်းသာသလို ကျင့်ဆောင်ဖို့ ခွင့်ပြုထားပါတယ်။ အဓိကကတော့ ဘုရားဟော နည်းအတိုင်းဖြစ်ရမယ်ပေါ့။
ဆရာတော်ကိုယ်တိုင် စီစဉ်ပေးထားခဲ့တဲ့ ဒုလ္လဘ ရှင်ရဟန်းများအတွက် တစ်နေ့တာ ကျင့်စဉ်ကို အကျဉ်းမျှ ဖေါ်ပြရင်--
၁။ နံနက် အိပ်ယာမှ နိုး နိုးခြင်း သတိကို စိတ်မှာကပ် ဗုဒ္ဓါနုဿတိနှင့် ဖြစ်ပျက်ရှုခြင်း။
(တစ်နှစ်ပတ်လုံး လိုချင်မှုလောဘ၊ လိုချင်တာမရလို့ ဖြစ်ပေါ်တက်တဲ့ဒေါသနဲ့ အဲဒီနှစ်ခု လွမ်းမိုးလာရင် အကောင်းအဆို အကြောင်းအကျိုးကို ဘာမှ မမြင်တက်တဲ့မောဟ သဘောတရားတွေဟာ အခု ဒုလ္လဘ ရဟန်းတော်တွေရဲ့ သန္တာန်မှာ ကိန်းအောင်နေမှာပါ၊ အဲဒါတွေကို အခုလို ခဏတာသာသနာ့တာဝန်ကို ထမ်းဆောင်ချိန်မှာ မဖြစ်ပေါ်ရလေအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ အစားထိုးအာရုဏ် တစ်ခု စီစဉ်ပေးထား တယ်လေ၊ ဘုရားရှင်ကို စိတ်ထဲမှာ အမြဲ မြင်နေအောင်၊ ဘုရားရှင်ရဲ့ သတ္တ၀ါတွေအပေါ်ထားရှိတဲ့ ကျေးဇူးတော်တွေရဲ့ ဂုဏ်တော်တွေကို စိတ်ထဲမှာ မြဲနေအောင် ဂုဏ်တော်လေးတွေ ပွါးနေမယ်ဆိုရင် မကောင်းတဲ့ လောဘ ဒေါသ မောဟတွေ နဲနိုင်သမျှ နဲသွားမယ်၊ ကျဲနိုင်သမျှ ကျဲသွားမယ်၊ အဲဒီ ကိလေသာ အပူမီတွေ လျော့လေလေ၊ စိတ်ချမ်းသာမှု ရလေလေပါ၊ စိတ်ချမ်းသာမှု ရမှ တရားထူးဆိုတာ ပေါ်လာမှာပါ။ ဒါ့ကြောင်မို့လို့ ဆရာတော်က အိပ်ယာထလျှင် ဘုရားရှင် ဦးတင်လက်အုပ် ချီရမယ်၊ ချီရင်းချီရင်း ပျက်ယိုယွင်း နာမ်တွင်း သတိထားရမယ် ဆိုတဲ့အတိုင်း အိပ်ယာမှ နိုး နိုးခြင်း ပက်လက်ပဲဖြစ်ဖြစ်၊ စောင်းလျှက်ပဲဖြစ်စေ ၀ိပဿီ၊ သိခီ၊ ဝေဿဘူ၊ ကက္ကုသံ၊ ကောဏာဂုမ်၊ ကဿပ၊ ဂေါတမ ဘုရား (၇)ဆူအား အာရုံပြုပြီးတော့ နဖူးပေါ်(သို့မဟုတ်) ရင်ဘက်မှာ လက်အုပ်ချီပြီး သောဟံ နမော ဘဂ၀တော နမော သတ္တန္နံ သမ္မာ သမ္ဗုဒ္ဓါနံ လို့ ရွတ်ဆိုပြီး ခန္ဓာကိုယ်တွင်း ဖြစ်ပျက်နေတဲ့ နာမ်တရားရုပ်တရားတွေကို ရှုပါ။ သတိထားပြီး အလေ့အကျင့်လုပ်ယူပါ။ နောက်ပိုင်း အလေ့ကျင့်များလာတာနဲ့အမျှ အလိုလို သတိယှဉ်ပြီး ဖြစ်သွားပါလိမ့်မယ်။ လူ့ဘ၀ဆိုတာ တိုတောင်းလှတဲ့ ဘ၀လေးပါ။ အဲဒီဘ၀လေးကို ရခိုက်အချိန်လေးမှာ အခုလို ကောင်းတဲ့ အကျင့်တွေကို ဆက်လက် ပြုကျင့်နိုင်ကြမယ်ဆိုရင် သင်ရဟန်းတို့အတွက် ဘ၀ကောင်းကျိုးတွေ ခံစားလာရမယ်၊ ဧဟိ ပဿိက(လာစမ်းပါ၊ မယုံရင် လက်တွေ အခုဘ၀မှာပဲ လုပ်ကြည့် ကျင့်ကြည့်စမ်းပါ)လို့ ရဲဝံ့တဲ့ မြတ်စွာဘုရားရဲ့ စိန်ခေါ်သံ လို မြတ်စွာဘုရားသားတော်ပီပီ ရဲဝံစွာ အာမခံချက် တစ်ခုပါ။ လို့ နံပါတ်တစ် နေ့စဉ်ကျင့်ဝတ်ကို ချမှတ်ပေးထားတယ်လေ။
၂။ ကိုယ်လက် မျက်နှာ သန့်ရှင်း၍ သတိထားကာ မေတ္တာ ဘာဝနာ ပွါးများပြီး ဖြစ်ပျက်ရှုခြင်း။
မျက်နှာသစ်လျှင် ရေကိုမြင် ကြည်လင်မေတ္တာ ပွါးရမယ်၊ ပွါးရင်း ပွါးရင်း ပျက်ယိုယွင်း နာမ်တွင်း သတိထားရမယ် ဆိုတဲ့အတိုင်း မျက်နှာသစ်၍ ရေကိုမြင်တိုင်း ရေသည် အေးမြ ကြည်လင်သလို သတ္တ၀ါ အားလုံး ရေလို အေးမြ၍ ကိုယ်ရော စိတ်ပါ ကြည်လင် ချမ်းမြေ့ကြပါစေ ဟု လှိုက်လှိုက်လှဲလှဲ စိတ်ပါ လက်ပါ မေတ္တာ ဘာဝနာ ပွးများပါ။ ပွါးရင်း ပွါးရင်း အခုလေးတင်ပဲ ပွါးနေတဲ့ စိတ်က အခု မရှိတော့ဘူး၊ ပျောက်သွား၊ ပျက်သွားပြီး စသည်ဖြင့် ဖြစ်ပျက်ရှုပါ၊ အဲဒါကြောင့် ဘယ်အရာမှ မမြဲ အနိစ္စပါတကား ဟု ဆင်ခြင်ပွါးများပါ။
ဟုတ်ပါတယ်။ လူဆိုတာ တစ်နေ့တာ ပင်ပန်းကြလို့ အိပ်စက်အနားယူပြီး နောက်တနေ့ ပြန်လည် နိုးထလာကြတိုင်း အညစ်အကြေးတွေကို ဆေးကြောသုတ်သင်၊ လန်းဆန်းသွားအောင် မျက်နှာကို စင်ကြယ်အောင် ရေကို အသုံးပြုကြရပါတယ်။ ရေဆိုတဲ့ ဓာတ်က အေးမြတဲ့သဘောကို ဆောင်တယ်လေ။ နေ့စဉ် ထိတွေ့ရတဲ့ အခါတိုင်းမှာ အဲဒီအချိန်လေးမှာပဲ ရေ အေးသလို သတ္တ၀ါတွေ အားလုံးအေးမြကြပါစေ။ စိတ်ချမ်းသာကိုယ်ကျမ်းမာစွာနဲ့ မိမိတို့ရဲ့ တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင် နိုင်ကြပါစေ လို့ စိတ်ပါ လက်ပါလေး ပို့တက်တဲ့ အလေ့အကျင့် မွေးရမယ်။ ဒီနေရာမှာ မေတ္တာပို့တာနဲ့ ပက်သက်လို့ နှစ်ခု ပြောချင်တယ်၊ ရှေးတုံးက ကပ္ပိယကြီး တစ်ယောက်မေတ္တာပို့သလို ဖြစ်မှာ စိုးလို့ပါ။ နေ့စဉ် ဘုရားရှိခိုးတိုင်း ကြေးစည်လေး တနှောင်နှောင်နဲ့ မေတ္တာပို့နေကျပါ၊ တစ်နေ့တော့ ရွာတောင်ပိုင်းကို သွားရင်း ချက်ကြီးဆိုတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ စကားများ ရန်ဖြစ်လာခဲ့တယ်၊ နောက်နေ့ မိုးလင်း ကြေးစည်တီးပြီး မေတ္တာအပို့မှာတော့ သတ္တ၀ါတွေ အားလုံး ကျမ်းမာ ချမ်းသာ ကြပါစေ၊ ဘေးရန်တွေ အေးချမ်းကြပါစေ စသည် မေတ္တာ ပို့ပြီးအဆုံးမှာ ရွာတောင်ပိုင်းက ချက်ကြီးတစ်ယောက် မပါ လို့ ချွင်းချက် ချန်ထားခဲ့လေရဲ့၊ ဆိုလိုရင်းကတော့ တစ်နေ့တာ ကာလ အချိန်တိုလေးအတွင်းမှာ စီးပွါးရေးကိစ္စ လူမှုရေးကိစ္စတွေနဲ့ လုံးပန်းပြိး မကျေနပ်တာတွေ အဆင်မပြေခဲ့တာတွေ ကိုယ်စီ ရှိခဲ့ကြမှာပါ၊ အဲဒီ မကျေနပ်တာတွေကို မေတ္တာပို့နေစဉ်မှာ မမြင်မိစေဖို့၊ မြင်မိ ကြားမိနေပြီဆိုရင်လည်း အဲဒီလို သူတွေကို ကိုယ့်စိတ်ထဲက ကြေအေး ခွင့်လွှတ်၊ ဖြူစင်တဲ့ စိတ်ကလေးနဲ့ ပို့သလိုက်တဲ့ မေတ္တာကြောင့် သူ ကြားသည် ဖြစ်စေ မကြားသည်ဖြစ်စေ ကိုယ့်စိတ်ထဲမှာတော့ ဒေါသ မာန်မာနဆိုတဲ့ အပူတွေနဲနဲ လျော့သွားလေ၊ စိတ်ချမ်းသာမှုဆိုတဲ့ အေးမြတဲ့ဓာတ်က ပိုကဲ လာလေပါ။ ၀စီကံ မေတ္တာသာ တာဝန်အရ ပို့လွှတ်ပြီး မနောကံ မေတ္တာလို့ ခေါ်တဲ့ စိတ်ထဲက မပါရင် ဆားမပါတဲ့ ဟင်းလို့ ပေါ့ရွှတ်ရွှတ်ပဲ ရှိတော့မှာပေါ့။
နောက်တစ်ခုကတော့ မေတ္တာပို့တဲ့နေရာမှာ အမူအရာ သုံးခုရှိသေးတယ်၊ စကားနဲ့ ရွတ်ဆိုပြီး ပို့ရတဲ့ ၀စီကံမေတ္တာ၊ ကိုယ်ထိလက်ရောက် သတ္တ၀ါတွေ ချမ်းသာစေဖို့ ဆိုပြီး ပို့သတဲ့ ကာယကံမေတ္တာ။ ဥပမာ သတ္တ၀ါတစ်ကောင် ထောင်ခြောက်ထဲမှာ မိနေတာကိုတွေ့တယ်၊ အဲဒါကို ကြည့်ပြီးတော့ ကျမ်းမာပါစေ ချမ်းသာပါစေ၊ ဘေးရန်က လွတ်ပါစေလို့ စိတ်ပါလက်ပါ နှုတ်ကလဲ ရွတ်ပြီး ပို့ပါသော်လည်း ကိုယ် စိတ်ပါတဲ့အတွက် ကိုယ့်အတွက်တော့ အရင်အေးမြတဲ့ သုခ ခံစားရပေမယ့် အဲဒီသတ္တ၀ါအတွက် အချုပ်နှောင်က မလွတ်သေးတဲ့အတွက် ချမ်းသာရာ မရဘူးလေ၊ ဒါ့ကြောင့် ကာယကံမေတ္တာနဲ့ ထိရောက်အောင် လွှတ်ပေးမယ်၊ လွတ်အောင် တနည်းနည်းနဲ့ ကြံဆောင်ပေးမယ်ဆိုရင် တကယ့် လက်တွေ့ ချမ်းသာကို ရမှာပေါ့။ နောက် ဆာလောင်နေတဲ့ သူတစ်ယောက် ကိုယ့်ရှေ့မှောက် ရောက်နေတယ်၊ စားစရာတစ်ခုခု ကျွေးလိုက်ခြင်းဆိုတဲ့ ကာယကံ ကုသိုလ်လေးပါ တွဲလိုက်မယ်ဆိုရင် နှစ်ဦးစလုံး မေတ္တာရဲ့အကျိုးခံစားရမယ်လေ။ အရေးကြီးဆုံးကတော့ ၀စီကံမေတ္တာပို့ပို့၊ ကာယကံမေတ္တာပဲ ပြုပြု စိတ်ပါလက်လက်လေးနဲ့ မနောကံ မဖြစ်မနေ တွဲဖက်ရမယ်လို့ ဆိုလိုပါတယ်။
နောက် အဲဒီလို ပွါးနေရင်းပဲ ပွါးနေတဲ့ စိတ်ကလေးကို ပြန်စစ်ကြည့်၊ ယခင် ပွါးတဲ့စိတ်နဲ့ အခု ပွါးလိုက်တဲ့စိတ် မတူတာကို သမာဓိအားကောင်းရင် ကောင်းသလောက် တွေ့ရမယ်၊ မမြဲတဲ့ အနိစ္စ သဘော၊ ကိုယ့်အလိုကို မဆောင်တဲ့ အနတ္တသဘော၊ ဆင်းရဲခြင်းဆိုတဲ့ ဒုက္ခသဘောလို့ ခေါ်တဲ့ လက္ခဏာရေး သုံးပါးကို ထင်မြင်အောင် နှလုံးသွင်းပါလို့ နံပါတ် (၂) နေ့စဉ်ကျင့်ဝတ်ကို ချမှတ်ပေးပြန်ပါတယ်။
ယခုလို ရှုခြင်းဟာ ရှေးပါရမီ(ယခုလို ပြုခဲ့ဘူးတဲ့ ရှေးကံ)အားနည်း လို့ ရဟန္တာ မဖြစ်သေးသော်လည်း နောက် ဘုရားသာသနာနဲ့ ကြုံတဲ့အခါ ပါရမီ ကုသိုလ်ထူးဖြစ်ပါတယ်။ အခုဘ၀မှာလည်း လောကီဘက်မှာ မေတ္တာအကျိုးအတိုင်း ကောင်းကျိုးခံစားရလိမ့်မယ်။
၃။ ဘုရားမျက်နှာသစ်တော်ရေ၊ သောက်တော်ရေများကို ဆက်ကပ် လှူဒါန်း ကုသိုလ်ယူ၍ ဘုရားဝတ်ပြုခြင်း။
ဒါကတော့ သာသနာ့ ၀န်ထမ်းတွေအတွက် ရှိခိုးရမယ်လို့ ဥပဒေ မချမှတ်ပေမယ့် မဖြစ်မနေ ပြုသင့်တဲ့ ကျင့်ဝတ် တစ်ခုပါ၊ ဘုရားရှင်ကသာ ဒါကတော့ ကုသိုလ် ဒါကတော့ အကုသိုလ် စသည် ဟောကြားမထားခဲ့ရင်၊ ကုသိုလ်ရဲ့ ကောင်းကျိုး အကုသိုလ်ရဲ့ မကောင်းကျိုးတွေကို ဒကာ ဒကာမတွေကို ဟောကြား ညွှန်ပြ မဆုံးမခဲ့ရင် ကျန်ခဲ့တဲ့အခု သာသနာမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဟန်းတော်တွေ အဖို့ လှူမယ့် သူ မရှိလို့ တရားအားထုတ်ဖို့ ခဲယဉ်းကြမယ်လေ။ အဲဒီကျေးဇူးလေးကိုပဲ အာရုဏ်ပြုပြီး ရှိခိုး ထိုက်နေပါပြီ။
၎။ သာသနာ့တာဝန် ထမ်းဆောင်နိုင်ရန် မေတ္တာပို့ ဆင်ခြင်၍ အရုဏ်ဆွမ်း ဘုဉ်းပေးကြခြင်း။
ကိုယ်နဲ့ ဆွေမတော် မျိုးမစပ် သဒ္ဓါတရားသက်သက်နဲ့ ဤဆွမ်းနဲ့ ပစ္စည်းလေးပါးကို လှူဒါန်းကြကုန်သော ဒါယကာ ဒါယိကာမ အပေါင်း နတ်အပေါင်းတို့ဘေးရန်ကင်းကွာ ကျမ်းမာ ချမ်းသာ ကြပါစေ။ ဒုက္ခ တွေ ငြိမ်းကြပါစေ၊ စီးပွါးတွေ အဆင်ပြေကြပါစေ၊ စသည်ကို ဆွမ်းအလှူခံနေစဉ်မှာပဲ မျက်လုံးကို မှိတ်ပြီး လှိုက်လှိုက်လှဲလှဲ မေတ္တာ ပို့သပြီး ဆင်ခြင် အမျှကြရမယ်။ နောက်ပြီး ဤဆွမ်းကို ဘုဉ်းပေးခြင်းဟာ ဆာလောင် မွတ်သိတ်ခြင်းကို ပယ်ဖျောက်ရုံ သာသနာ့တာဝန်ကို ထမ်းဆောင်နိုင်ဖို့သာ ရည်မှန်းပြီး သုံးဆောင်ပါ့မယ်လို့ အဓိဋ္ဌာန်ပြုကြရတယ်။ ပြုပြုသမျှ ကုသိုလ်အဖို့ကိုလည်း မိဘ ဆရာ သံဃာတော်ပေါင်း ဒါယကာ ဒါယိကာမ အပေါင်း နတ်အပေါင်းတို့အားလည်း အမျှ ပေးဝေကြဖို့ ကိုလည်း ချမှတ်ပေးပါတယ်။
၅။ ကျောင်းနဲ့ ပတ်ဝန်းကျင်ကို သန့်ရှင်း သေနာသန ကျင့်ဝတ်ကို ဖြည့်ကျင့်၍ ကုသိုလ်ပါရမီ ရယူခြင်း။
စိတ်ချမ်းသာမှုကို ပေးစေတဲ့အထဲမှာ ပတ်ဝန်းကျင် သန့်ရှင်းရေးက အဓိက ပါဝင်ပါတယ်၊ ခေတ္တခဏ ကျောင်းမှာ နေတုံး ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးကို ပြုလုပ်ရင်း ကုသိုလ်ရစေချင်တာလဲ နံပါတ် ၅ အချက်ပါ။
၆။ ခေတ္တ ဆင်ခြင်ပွါးများ အနားယူခြင်း။
ခြင်္သေ့ဆိုတဲ့ သတ္တ၀ါဟာ ရှေ့က သားကောင်းကို ဖမ်းဖို့အတွက် အားယူဖို့ နောက်ကို တစ်လှမ်း ဆုတ်တက် ပါတယ်၊ ကိလေသာတိုက်ပွဲဝင် ရှင်ရဟန်းတို့အတွက်လဲ အင်အားဖြစ်စေဖို့ အနားယူ ကျိန်းဆက် ကြတဲ့အချိန်ကလဲ မဖြစ်မနေ ချမှတ်ပေးရတဲ့သဘောပါ။
၇။ (၉း၀၀)မှ (၁၀း၀၀)ထိ တရားထိုင် ရှုပွါးနည်းကို နာယူ ပွါးများခြင်း။ (ပရိပတ္တိလုပ်ငန်း)
၈။ (၁၀း၀၀)မှ (၁၀း၃၀)ထိ ကျက်မှတ်စရာရှိသော ဗုဒ္ဓစာပေများကို ကျက်မှတ်ခြင်း။(ပရိယတ္တိလုပ်ငန်း)
၉။ ရေချိုးခြင်း(၁၀း၃၀)မှ (၁၁း၀၀)ထိ ရေချိုးတိုင်း ဤရေသည် အေးမြပြီး ကိုယ် လက် စသည်ကို သန့်ရှင်းကြည်လင်စေသလို သတ္တ၀ါများလည်း ရေလို အေးမြပြီး ကိလေသာ အညစ်အကြေးမှ ကင်း၍ ကိုယ်ရောစိတ်ပါ ကြည်လင် သန့်ရှင်းကြပါစေ ဟု မေတ္တာပွါး၍ ဖြစ်ပျက်ရှုခြင်း။
၁၀။ (၁၁း၁၅)မှ (၁၂း၀၀)ထိ သာသန တာဝန် ထမ်းဆောင်နိုင်ရန် မေတ္တာပို့ ဆင်ခြင် အမျှဝေ၍ နေ့ဆွမ်းဘုဉ်းပေးခြင်း။ (အရုဏ်ဆွမ်းဘုဉ်းပေးနည်းတူ မေတ္တာပွါးခြင်း)
(အစ္ဆရသင်္ဃာတမတ္တမ္ပိ ဘိက္ခဝေ မေတ္တစိတ္တံ ဘာဝေထ၊ ရဋ္ဌပိဏ္ဍံ ဘုဉ္ဇတိ)
၁၁။ (၁၂း၀၀) မှ (၁၂း၃၀)အထိ ဆင်ခြင်ပွါးများ၍ အနားယူခြင်း။
၁၂။ (၁း၀၀)မှ (၂း၀၀)အထိ မိမိ သင့်လျော်အဆင်ပြေမည့် နေရာမှာ သင့်လျော်သလို ဗုဒ္ဓစာပေများကို လေ့လာကျက်မှတ်ခြင်း။
၁၃။ (၂း၀၀) မှ (၃း၃၀) သက်သာသလို တရားနှလုံးသွင်း ပွါးများခြင်း။
၁၄။ (၃း၃၀)မှ (၅း၀၀)အထိ ဗုဒ္ဓစာပေများကို ကျက်မှတ်ခြင်း(ပရိယတ္တိလုပ်ငန်း)
၁၅။ (၅း၀၀)မှ (၆း၀၀)အထိ သမဂ္ဂအချင်းချင်း အကျိုးရှိမည့်အပြစ်မရှိသော စကားပြောဆိုဆွေးနွေးခြင်း။
၁၆။ (၆း၀၀)မှ (၇း၃၀)အထိ ကျောင်းနှင့် ပတ်ဝန်ကျင်ကို သန့်ရှင်းခြင်းသေနာသန၀ကျင့်ဝတ်ကို ဖြည့်ကျင့်၍ ကုသိုလ် ပါရမီကို ရယူခြင်း။
၁၇။ သာသနာ့တာဝန်ကို ထမ်းဆောင်နိုင်ရန် ဆေးအဖြစ် မေတ္တာပို့ ဆင်ခြင် အမျှဝေ၍ ဖျော်ရည် ဘုဉ်းပေးခြင်း။ အလှူရှင်တို့ကို မေတ္တာပို့ အမျှဝေခြင်း။
၁၈။ (၇း၃၀)မှ (၈း၀၀)အထိ ဆင်ခြင်ပွါးများ ခေတ္တ အနားယူခြင်း။
၁၉။ (၈း၀၀)မှ (၉း၀၀)အထိ ဘုရားဝတ်ပြုရှိခိုးခြင်း။
၂၀။ (၉း၀၀)မှ (၁၀း၀၀)ထိ စင်္ကြန်လျှောက်၍ တရားနှလုံးသွင်း ပွါးများခြင်း။
၂၁။ (၁၀း၀၀)မှ စ၍ တရားနှလုံးသွင်း ဆင်ခြင်၍ အိပ်စက် အနားယူခြင်း။ စတဲ့ နေ့စဉ်တာဝန်တွေနဲ့ သုံးရက်တာ ကုသိုလ်လုပ်ငန်းတွေ လုပ်ခွင့်ရအောင် စီမံပေးထားပါတယ်။ အလေ့အကျင့်မရှိတော့ အစပိုင်း ဘာပဲလုပ်လုပ် ပင်ပန်းကြမယ်၊ ပုံမှန် သုံးနပ် စားသုံးနေကြတဲ့ သူတွေအတွက် ညနေစာ တစ်နပ် လျော့သွားတော့ စိတ်ထဲ ကသိကအောက် ဖြစ်ကြမယ်ပေါ့၊ ဒါပေမယ့် ဒါလည်း အလေ့အကျင့်တစ်ခုပါ။ စားနေကျ မို့လို့ စားချင်နေတာ၊ ခန္ဓာကိုယ်ရဲ့ အလိုကို လိုက်နေလို့ လိုချင် တောင့်တ နေတာပါ။ ထမင်း တစ်နပ် စားရဖို့အတွက် ပြုလုပ်ရတဲ့ တာဝန်တွေ ဘယ်လောက်များတယ်ဆိုတာ သေချာတွေးကြည့်ရင် သိပါတယ်၊ အရင်ဆုံးရှာရ ဖွေရတဲ့ တာဝန်တွေ၊ ရရှိလာပြန်တော့လည်း စီမံရတဲ့ တာဝန်တွေ ၊ ချက်ရ ပြုတ်ရတဲ့တာဝန်တွေ၊ ပေးလိုက်ရတဲ့အချိန်တွေ မနဲပါဘူး။ သာသနာ့တာဝန်ကို ထမ်းဆောင်မယ်လို့ ရည်ရွယ်သူတွေအတွက် ဘုရားရှင်က တာဝန် တစ်ခု ပေါ့အောင် စောင့်ထိန်းခိုင်းခြင်းပါ။
ဒီလိုနဲ့ ယနေ့ဆို သုံးရက် ပြည့်မြောက်လို့ နောက်ရက်တွေဆို မိသားစုတာဝန်၊ အလုပ်တာဝန်တွေ ထမ်းဆောင်ရတော့မယ်၊ ခေတ္တ ကြုံရခဲတဲ့ ဒုလ္လဘ ကုသိုလ်ကို ယူကြပြီးတော့ လူ့လောကထဲ ပြန်ဝင်ကြတော့မယ့် ဒုလ္လဘရဟန်းတွေ လူဝတ်လဲကြတော့မယ့်နေ့ပေါ့။ ရဟန်းဝတ်နေစဉ်အတွင်း ဘယ်လောက်ပဲ ကာယကံ ၀စီကံ မနောကံတွေကို စောင့်ထိန်းခဲ့ စောင့်ထိန်းခဲ့ ပုထုဇဉ်တို့ သဘာဝ အမှားဆိုတာ မကင်းနိုင်ကြဘူး၊ လစ်ဟင်းတဲ့တာဝန်တွေလည်း ရှိခဲ့မယ်၊ ပြုကျင့်ရမယ့် ၀တ္တရားတွေလည်း ကျန်ခဲ့လိမ့်မယ်၊ ဒါတွေကို မြင်လို့ ဆရာတော်က ရဟန်း သိက္ခာချပြီး ချက်ခြင်း လူဝတ်လဲမပေးပဲ သာမဏေ ဘ၀နဲ့ ကျောင်းရဲ့ သန့်ရှင်းရေးတွေကို ထပ်မံ လုပ်ခိုင်းတယ်။ ကျောင်းရှိ သံဃာတော်တွေထံ အပြစ်တွေ ပြေလျော့ဖို့ ၀န်ချ တောင်းပန်ခိုင်းတယ်၊ ပြန်ပြီး အပ်ထားခဲ့မယ့် သင်္ကန်းတွေကိုလည်း လျှော်ဖွတ်သန့်စင်ပြီးမှ သာမဏေကနေ လူဝတ် လဲစေတယ်၊ ငါးပါးသီလကို လည်း ခါးဝတ်ပုဆိုးကဲ့သလို့ လုံခြုံအောင် စောင့်ထိန်းဖို့ အထပ်ထပ် မှာကြား၊ ရခဲတဲ့ ကုသိုလ်ကို နောက်ထပ် ယူတက်အောင် လေ့ကျင့် သင်ကြား၊ သုံးရက်တာ ထမ်းဆောင်ခဲ့တဲ့ သာသနာ့ တာဝန်တွေကို ညနေပိုင်းမှာ အဆုံးသတ်စေခဲ့ပါတယ်။
မိမိတို့အဖို့ သာသနာမှာ တစ်မိနစ်ပဲ နေခဲ့ နေခဲ့၊ တစ်နာရီပဲ ကြာခဲ့ကြာခဲ့၊ မိမိအတွက်လည်း ကောင်းကျိုးဆောင်ရွက်နိုင်ပြီး သူတစ်ပါးအတွက်လည်း ကောင်းကျိုးဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင် ကြည်နှုးစရာပါ။ ငါတော့ဖြင့် သုံးရက်ထဲ နေနိုင်ခဲ့တယ်၊ သူကတော့ဖြင့် တစ်လ။ အချို့များဆို နှစ်နဲ့ချီပြီး ကြာခဲ့တာ ဆိုပြီး ၀မ်းနည်း ၀မ်းသာ ဖြစ်စရာ မလိုပါဘူး၊ နေထိုင်တဲ့အချိန်လေးမှာ နေထိုင်နိုင် သလောက်ကလေးပဲ ကောင်းအောင် နေနိုင်ခဲ့မယ်ဆိုရင် ဘ၀ နောင်ရေး စိတ်အေးရပါတယ်။ အကောင်းဆုံး အချိန်မှာ အကောင်းဆုံးအချိန်လေးတွေနဲ့ အကောင်းဆုံး အခွင့်အရေးတွေကို ယူတက်ဖို့၊ တိုတောင်းလှတဲ့ လူ့ဘ၀မှာ ရခဲလှတဲ့ အခွင့်အရေးကို အသုံးချတက်ဖို့ အရေးကြီးဆုံးဆိုတာ သိလိုက်မယ်ဆိုရင် ကျေနပ် နိုင်ကြပါတယ်။ နောင် အားလပ်ရက်များ ရရှိတဲ့အချိန်မှာ ကျောင်းတိုက်ရဲ့ ဝေယျာဝေစ္စတွေကို လာရောက် ကုသိုလ်ပြုနိုင်ကြပါစေ၊ မိမိတို့ရဲ့ သားသမီးတွေကိုလည်း သာသနာ့ တန်ဘိုးကို မိမိသိသလောက် ပြောပြပြိး ဖြန့်ဝေနိုင်ကြပါစေ။ သာသနာ့အမွေတွေကိုလည်း လက်ဆင့်ကမ်း ဖြန့်ဝေနိုင်ကြပါစေ၊ တန်ဘိုးရှိလှတဲ့ သာသနာတော်ကြီးကို တန်ဘိုးရှိလှတဲ့ လူ့ဘ၀ကြုံခိုက် အရှည့်ခန့် တည်တန့်ဘို့ ထောက်ပံ့လှူဒါန်း နိုင်ကြ ပါစေလို့ စာရေးသူအနေနဲ့ ဘ၀ကောင်းကျိုး မျှော်ကိုးပြီး ဆုတောင်းပေးလိုက်ပါတယ်။
ဘိက္ခုပဏ္ဍိ(လင်္ကာဒီပကျောင်းသား)

0 comments:
Post a Comment