Thursday, June 11, 2009

Project Summary Of my Goal!


ဒို့ဘိုး ဒို့ဘွား၊ ဒို့မျိုးများက၊ ဒို့သွေး ဒို့သား၊ ဒို့မျိုးများအတွက်၊ ကျောင်းကန် ဘုရား၊ စေတီများနှင့်၊ ကိုးကွယ်ဖို့ရာ၊ သာသနာကို၊ ကောင်းစွာစဉ်ဆက် ပေးအပ်ခဲ့၊ ကောင်းစွာစဉ်ဆက်ပေးအပ်ခဲ့၍၊ ဒို့လက်ရောက်လာ ဒို့ဘာသာကို၊ ညီညာဖြဖြ စောင့်ထိန်းကြမှ အမျိုးဘာသာ သာသနာသည်၊ ကောင်းစွာတည်တံ့ နိုင်လိမ့်သတည်း၊
Project Summary
တည်ထောင်သောနေရာ ။ ။ ဓမ္မိကာရာမ(ဒွါရ)ကျောင်း၊ မြို့မ (၄) ရပ်ကွက်၊ ဘိုကလေးမြို့။
ဖွင့်လှစ်သော ကျောင်းအမည် ။ ။ တနင်္ဂနွေကျောင်း၊ Sunday School
နေရာ သတ်မှတ်ချက် ။ ။ နာဂစ် မုန်တိုင်းသင့် ဒေသ၏ အချက်အခြာ ကျသော မြို့ဖြစ်သည့် ဘိုကလေးမြို့ပေါ်တွင်ဖြစ်သည်။ ဤတနင်္ဂနွေကျောင်းသည် မြို့ပေါ်နှင့် နီးစပ်ရာ ရွာစဉ်တွင်ရှိသော ဘုန်းတော်ကြီးကျောင်းများ အားလုံးတွင် သက်ဆိုင်ရာ ၀ါသနာတူ ကျောင်းထိုင် ဆရာတော်များ နှင့် တိုင်ပင် ညှိုနှိုင်း၍ ဖွင့်လှစ်ပေးနိုင်အောင် ရည်ရွယ်သည်။
ကျောင်းသား အရေအတွက် ။ ။အများဆုံး ငါးရာ အရေ အတွက်အထိ သတ်မှတ်ထားသည်။ အခြေခံ အဆင့်ကျောင်းသားများအတွက် ရည်ရွယ်သည် ဟု ဆိုသော်လည်း မူလတန်း ကလေးငယ်များသာ ဦးစားပေး လက်ခံ သင်ကြားပေးမည်။ ကျား မ မရွေး စာရင်း လက်ခံသည်။
စတင်သည့်ရက် ။ ။ မတ်လ (၁၄)ရက် တနင်္ဂနွေနေ့
သင်ကြားမည့် ဘာသာရပ်များ ။ ။ ဘာသာရေးကျောင်းနှင့် Language School နှစ်ခု ပေါင်းစပ် ဖွင့်လှစ်သည်ဖြစ်၍ ဗုဒ္ဓဘာသာ သင်္ခန်းစာနှင့် လက်တွေ့သုံး အင်္ဂလိပ်စာ အခြေခံများမှာအဓိက ပါဝင်ပြီး အခြား ကလေးငယ်များနှင့် လျော်ညီသော သင်္ချာ ဘာသာရပ်၊ ဥာဏ်ရည် ထက်မြက်စေသော နည်းပညာများ ပါဝင်သည့် နိုင်ငံခြားမှ တိုက်ရိုက် ထုတ်ဝေသော စာအုပ်နှင့် သင်္ခန်းစာများ ပါဝင်သည်။ ဗုဒ္ဓဘာသာ သင်္ခန်းစာဟု ဆိုရာတွင် ရှေးရိုး သင်နည်းစံနစ်မဟုတ်ဘဲ ခေတ်လူငယ်တို့နှင့် သင့်တော်သော ခေတ်အမြင် ခေတ်အတွေး နိုင်ချိန်ဆနိုင်အောင်၊ မိမိကိုယ်တိုင် တွေးခေါ် ကြံဆ နိုင်အောင် စီစဉ်ထားသော နည်းစံနစ်များဖြင့် သင်ကြားပေးပြီး ထိုနည်းတူ အင်္ဂလိပ်စာကိုလည်း တန်းကျောင်းသင်နည်းစံနစ်နှင့် မတူပဲ ကိုယ်တိုင် လက်တွေ့ သဘောပေါက် နားလည်ပြီး အင်္ဂလိပ်လူမျိုး၊ နိုင်ငံခြားသားများကို အခါအခွင့်သင့်လျှင် သင့်တော်သလို ဖိတ်ကြားပြီး ကလေးငယ်များ ပြောရဲ ဆိုရဲ ရှိအောင် လေ့ကျင့်သင်ကြားပေးမည်။ သင်ကြားမှုပိုင်းဆိုင်ရာတွင် သင်ထောက်ကူပစ္စည်းများစွာ (ကွန်ပျူတာ၊ ဗီဒီယို၊ ပရိုဂျက်တာ၊ ပုံပြ အဘိဓာန်) ပါဝင်သည်။ တနင်္ဂနွေကျောင်းတွင် သက်မှတ်ထားသော ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း အောင်မြင်ပြီးသော ကျောင်းသား ကလေးများသည် ငွေကြေးအထောက်အပံ့ ပြည့်စုံမည်ဆိုပါက နိုင်ငံခြားစာမေးပွဲများကို တိုက်ရိုက် ဖြေဆိုနိုင်ပြီး ကျောင်းဆက်တက်နိုင်အောင်အထိ ရည်ရွယ်ပြီး သင်ကြားပေးသည်။
ဆရာ/ဆရာမ အင်အား ။ ။ အင်္ဂလိပ်စာ သင်ကြားပေးသော ဆရာမ နှစ်ဦး၊ ရဟန်းတော် နှစ်ပါး၊ ဗုဒ္ဓဘာသာ သင်္ခန်းစာ သင်ကြားပေးသော ရဟန်းတော် တစ်ပါး၊ ဆရာမ လေးယောက်၊ ပေါင်း အမာခံအင်အား ရှစ်ယောက်ရှိပါသည်။
နယ်ခံ စေတနာ့ဝန်ထမ်းကို စာသင်ပေးနိုင်လောက်သည့်အထိ လေ့ကျင့်သင်ကြားပေးပြီးဖြစ်နေ၍ စေတနာ့ဝန်ထမ်းအင်အား (၃၀)ရရှိထားပြီးဖြစ်သည်။
ကျောင်းဖွင့်ရက်/အချိန် ။ ။သင်တန်းကျောင်းသည် နှစ်ရှည်စီမံကိန်းဖြစ်သော ကြောင့် အများစု ရုံးပိတ်ရက် (တနင်္ဂနွေ)ကို ရွေးချယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။ ကလေးငယ်များနှင့် ကျောင်းသား ဆရာမများ ကျောင်းချိန်နှင့်လည်း လွတ်အောင် အားလပ်ရက်လည်း ရှိအောင် စီစဉ်ခြင်းဖြစ်၍ တနင်္ဂနွေနေ့တိုင်းဖြစ်သည်။
သင်ကြားမည့်အချိန် ။ ။နံနက် ၆:၃၀ နာရီမှ နေ့လည် ၁၂ : ၀၀ နာရီအထိ ဖြစ်သည်။ ကိုးနာရီခွဲတွင်မုန့်စားကျောင်း ဆင်းပေးမည်။
အားလပ်ချိန်အစီအစဉ် ။ ။ အားလပ်ချိန် မုန့်စားကျောင်း ဆင်းချိန်တွင် ကလေးငယ်များ ကျောင်းအပြင်သို့ မထွက်စေဘဲ ကျောင်းထဲမှာပင် ပျော်ရွှင်စွာ ဆော့ကစားစေသည်။ အာဟာရ ပြည့်ဝသော မုန့် စားဖွယ်များကိုလည်း သင့်တော်သလို အပတ်စဉ် စီစဉ်ပေးသည်။
လိုအပ်ချက်များ ။ ။ ကလေးငယ်များ၏ စာရေးကိရိယာ၊ သင်ထောက်ကူပစ္စည်းများ(မိတ္တူစက်၊ ကွန်ပြူတာ၊ ပရိုဂျက်တာ၊ မီးစက်၊) တနင်္ဂနွေကျောင်းသူ ကျောင်းသားများ၏ တူညီ ၀တ်စုံများ၊ သင်ကြားမူ စာအုပ်များ၊ ဆရာ/ ဆရာမများ၏လစဉ် လမ်းစရိတ် စသည်တို့ ဖြစ်သည်။ သင်ထောက်ကူ ပစ္စည်းများ မပါလျှင် တစ်လ မဖြစ်မနေ ကုန်ကျစရိတ် (တစ်သိန်းခွဲ) ခန့် ဖြစ်သည်။
မျှော်မှန်းထားသော ရည်ရွယ်ချက်များ
(၁) နာဂစ်ဒေသခံ ကလေးငယ်များကို ဘာသာရေးစိတ်ဓာတ်ဖြင့် အကြောက်တရားမှ ကင်းဝေးစေရန်၊
(၂) ယိုင်လဲသွားသော ပညာရေးပန်းတိုင်ကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း၊ လူမှုဝန်ထမ်းများက အချိန်မှီ ထူထောင်ရာတွင် အထောက်အကူ ဖြစ်စေရန်၊
(၃) အနာဂတ် နိုင်ငံ ထူထောင်ရာတွင် လိမ်မာ၍ ပညာတတ်သော လူငယ်များ တိုးပွါးလာစေရန်၊ လူမိုက်များ ကင်းဝေးစေရန်၊(အေးချမ်းသာယာ၊ နိုင်ငံတော်သစ်ရဲ့ ဖေါင်ဒေးရှင်း)
(၄) မိမိရပ်ရွာအကျိုး သာသနာအကျိုးကို တိုးတက်သော ခေတ် စံနစ်နှင့်အညီ သယ်ပိုး ထမ်းရွက်နိုင်ရန် ၊
(၅) လူသားချင်း စာနာထောက်ထားခြင်းအားဖြင့် ပညာရေး၊ ဘာသာရေး ချို့ယွင်းနေမှုများအား နိုင်သရွေ့ ထောက်ပံ့ပေးခြင်းဖြင့် သာသနာပြု ကုသိုလ်ထူး ရယူရန် ရည်ရွယ်ပါသည်။
(က) ပညာရေးချို့ယွင်းမှု ဆိုရာဝယ်----------
နာဂစ် ရာသီဥတု ဆိုးရွားမှုကြောင့် စည်းစိမ်များ ပျက်စီး၍ လေ့လာဆဲ ပညာရေး ပန်းတိုင် ပျောက်နေသော ကျောင်းသား ကျောင်းသူများနှင့်၊ ပင်ကိုယ် ဆင်းရဲ၍ ပညာရေး စရိတ် မတက်နိုင်သောကြောင့် ပညာရေးကို ဆက်လက် မဆည်းပူးနိုင်သော ကျောင်းသား/ ကျောင်းသူများကို ဆိုလိုပါသည်။
(ခ) ဘာသာရေး ချို့ယွင်းမှု ဆိုရာဝယ်
မိမိလူမျိုးများအတွင်းမှ ဆင်းရဲငတ်မွတ်မှုကြောင့် အခြားဘာသာဝင်တို့၏ အထောက်အပံ့များကို ရယူကြရ၍ ကျေးဇူးတရားများကို ထောက်ဆကာ အမှန် အမှား မခွဲခြားနိုင်ပဲ လက်တလော စားဝတ်နေရေးကြောင့် ဘာသာခြားအဖြစ်သို့ ကူးပြောင်းရခြင်းဆိုသော ဘာသာရေး ယုတ်လျော့ ချို့ယွင်းမှု၊ အခြားဘာသာဝင်များနှင့် အကြောင်းနီးစပ်ကာ ပေါင်းဖက်ဆုံမိကြရ၍ ယုတ်လျော့နေသော ဘာသာရေးချို့ယွင်းမှု၊ အခြားဘာသာ ၀င်များက မိမိဘာသာကို စိတ်ဝင်စား၍ သော်လည်းကောင်း၊ မိမိဘာသာဝင်များနှင့် အကြောင်းဆုံမက် ပေါင်းဖေါ်မိကြခြင်းကြောင့် ကိုးကွယ်မှု ပြောင်းလိုသော ပုဂ္ဂိုလ်များအားလည်းကောင်း၊ သူတို့၏ဘ၀ လုံခြုံမှုရရှိစေရန် ကာကွယ်ပေးခြင်း၊ ကာကွယ်ပေးနိုင်ရန် ဆိုလိုပါသည်။
ထောက်ပံ့ပေးမည့်အစီအစဉ်များ
မြို့ပေါ်ရပ်ကွက်များတွင် ဆင်းရဲသားမိဘများ များစွာရှိကြသည်။ ထိုမိဘများတွင် ကျောင်းထားနိုင်သည့်အရွယ်ကလေးများ ရှိကြမည်။ ထိုမိဘများထံမှ ကျောင်းနေအရွယ် ကလေးများကို သက်ဆိုင်ရာ အာဏာပိုင်များ၏ အကူအညီကို ရယူကာ ပထမအဆင့်တွင် မူလတန်း အဆင့် (၄)တန်းအထိ ကျောင်းစားရိတ်အားလုံးကို ထောက်ပံ့ပေးမည်။ သို့ရတွင် ထို အထောက်အပံ့ကို ရယူလိုသော မိဘများသည် ဦးဇင်းများ ဦးစီးဖွင့်လှစ်သော တနင်္ဂနွေကျောင်းသို့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ကျောင်းချိန်အမှီ ပို့ဆောင်ပေးရမည်ဟူသော ကတိ ၀န်ခံချက်ကို ရယူမည်ဖြစ်သည်၊ ပေးရမည်ဖြစ်သည်။ ဆိုလိုသည်မှာ တနင်္ဂနွေကျောင်းကို စိတ်ပါဝင်စားလာအောင် ဆွဲဆောင်၍ ဘာသာရေးစိတ်ဓာတ် မြှင့်တင်ပေးလိုသော သဘောဖြစ်သည်။ တနင်္ဂနွေကျောင်းတွင် တက်ရောက်နေကြသော မူလတန်းအရွယ် ကလေးငယ် များ အတွင်းတွင် ဆင်းရဲသားမိသားစုများ ပါဝင်နေ၍ ထိုမိသားစု ထိုကျောင်းသားငယ်၏ ပညာရေး အနာဂတ် ခိုင်မာအောင် တာဝန်ယူ ဆောင်ရွက်ပေးမည်ဖြစ်သည်။
ကျောင်းခွဲများအတွက် ထောက်ပံ့ရေးအစီအစဉ်
မြို့ပေါ်ကျောင်းတိုင်းနှင့် ရွာစဉ် ဘုန်းတော်ကြီးကျောင်းများတွင် ကိုယ်ပိုင် ဖွင့်လှစ်လိုသော ဆရာတော်များအား လိုအပ်သော အင်္ဂလိပ်စာ သင်ကြားမှုပိုင်းဆိုင်ရာ ဆရာ /မ များ၊ သင်ကြားမူ စာအုပ် ၊ စာရွက်စာတမ်းများနှင့် တနင်္ဂနွေကျောင်း တူညီ ၀တ်စုံ များကို၊ လိုအပ်သလို ပံ့ပိုး၊ လေ့ကျင့်သင်ကြား၊ ထောက်ပံ့ပေးခြင်းဖြင့် တနင်္ဂနွေ ကျောင်း ကျယ်ပြန့်စေလိုခြင်းများလည်း ရှိမည်၊ ဤအစီအစဉ်သည် တနင်္ဂနွေကျောင်း နှစ်ပတ်လည် အစီအစဉ်ပြည့်မှ ကျောင်းခွဲဖွင့်ခွင့်ပေးမည်ဖြစ်သည်။ လိုအပ်သည်များကိုလည်း ကျောင်းခွဲများသို့ ပြည့်စုံအောင် ထောက်ပံ့ပေးမည်ဖြစ်သည်။
တနင်္ဂနွေကျောင်း၏ တွဲဖက် အနာဂတ်သာသနာရေးလုပ်ဆောင်ချက်များ
(၁) တနင်္ဂနွေနေ့တိုင်း မြို့ပေါ် ရပ်ရွာရှိ လူငယ်(အနာဂတ် သားကောင်းရတနာ)များအား ယဉ်ကျေးမှု ဆိုင်ရာ ဗုဒ္ဓဘာသာ သင်္ခန်းစာများ ပို့ချပေးခြင်း၊ လက်တွေ့အသုံးချ အင်္ဂလိပ်စာ ဘာသာရပ်များပို့ချပေးခြင်း၊
(၂) ထို ကျောင်းနှင့် တွဲဘက်၍ နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းများ ပို့ချပေးခြင်း။
(၃) လူကြီးများအတွက် လက်တွေ့အသုံးချ ဗုဒ္ဓအဘိဓမ္မာသင်တန်းများ ပို့ချပေးခြင်း၊
(၄) အခါအားလျော်စွာ စာပေဟောပြောပွဲများ စီစဉ်ပေးခြင်း၊
(၅) ၀ိပဿနာ သင်တန်းများ(လူငယ်/လူကြီး) ပို့ချပေးခြင်း တို့ဖြစ်ကြသည်။


သင်တန်းကျောင်း ဖြစ်ပေါ်ခြင်း၏ အခြေခံ အကြောင်းအရင်းများ
ဗုဒ္ဓမြတ်စွာသည် သတ္တ၀ါတို့၏ ချမ်းသာဖို့အကျိုးငှာ ပွင့်တော်မူလာသည်။ ချမ်းသာ ဟု ဆိုရာတွင် နောက်ဘ၀ရောက်မှ ရရှိမည့် ချမ်းသာမျိုးသာမက ဤဘ၀တွင်ပင် ရနိုင်သော ချမ်းသာမျိုးလည်း ပါဝင်သည်။
ခေတ်လူအချို့က ဗုဒ္ဓမြတ်စွာ၏ တရားတော်သည် ဟိုဟာမလုပ်ရ၊ သည်ဟာ မလုပ်ရ ဟူသော ပညတ်ချက်တွေကြောင့် လူကို မတက်ကြွစေဘဲ ထုံထိုင်း ဖျင်းအ အောက်ကျ နောက်ကျဖြစ်စေသည် ဟု ယူဆ၍ တိုင်းပြည်ထူထောင်ရာတွင် ဗုဒ္ဓတရားတော်ကို ကြဉ်ဖယ်လိုကြသည်။
ထိုသူတို့အား ဗိမ္ဗိသာရမင်း၊ ဓမ္မာသောကမင်း၊ ဒုဋ္ဌဂါမဏိမင်း တို့နှင့် သီဟ စစ်သူကြီး ၊ မင်းကြီးရန်နောင်စသော ဗုဒ္ဓဘာသာခေါင်းဆောင်တို့ကို ညွှန်ပြလိုပါသည်။
ဗိမ္ဗိသာရမင်း။ ။ ဗိမ္ဗိသာရမင်းသည် မိမိကိုယ်တိုင် သောတာပန်ဖြစ်ပြီးလျှင် ဘုရားရှင်ကို ဝေဠုဝန်ကျောင်း ကျောင်းတော်တွင် ကိုးကွယ်ကာ ကြီးစွာသော စစ်တပ်ဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပါသည်။
ထိုမင်းလက်ထက်တွင်
(က) သူပုန်ထသောကြောင့် စစ်တပ်ကိုလွှတ်ရသောကိစ္စ
(ခ) သူပုန်အနှိမ်သွားခါနီးမှ ရဟန်းပြုကြသောစစ်သားအချို့၏ မတရားမှုကြောင့် ဥပဒေပြုရသောကိစ္စ၊
(ဂ) အခါကြီး နေ့ကြီးများတွင် သားငါးမသတ်ရ ဟု ကြွေးကြော်ရသောကိစ္စ၊ဤကိစ္စကို ထောက်ထား၍ နေ့ကြီး ရက်ကြီးမဟုတ်သောနေ့များတွင် သားငါးနှင့် စပ်၍ ဖြစ်ပုံကို စဉ်းစားနိုင်သည်၊ ဤကိစ္စများဖြစ်ခဲ့ရသည့် အပြင်
(ဃ) တရားသူကြီးတို့က ရာဇ၀တ်သားကို တံကျင်လျှို၍ သတ်ရမည် ဟု အမိန့်ချသောကြောင့် ကာက၀လ္လိယဇာတ် ဟု သိနေကြသော ကာဠ ၀ဠိယ ဇာတ်လည်း ထိုဗိမ္ဗိသာရမင်း၏ လက်ထက်မှာပင် ဖြစ်ခဲ့ရသည်။
ဒုဋ္ဌဂါမဏိမင်း။ ။ ဒုဋ္ဌဂါမဏိ အဘယမင်းကား မိမိကိုင်နေကျ လှံထိပ်ဝယ် ဗုဒ္ဓမြတ်စွာ၏ ဓာတ်တော်ကို ဌာပနာထားလေသည်။ ထိုမင်းသည် သာသနာ့အဆောက်အအုံတွေကို ဖျက်စီးနေသော သာသနာ့ ရန်သူများကို စစ်ထွက်ကာနီးဝယ် အရွယ်ကောင်းသော ရဟန်းတော်ငါးရာတို့ကို ပင့်၍ သွားလေသည်။ ထိုအခါတွင် အမြဲ အဓိဋ္ဌာန်သော ဆောင်ပုဒ်ကား
ငါ့တွက်များမြောက် ချမ်းသာရောက်ဖို့
ခုလောက်ကြိုးကုတ် အားမထုတ်ဘူး၊
ဗုဒ္ဓမြတ်စွာ သာသနာ၏
ရှည်ကြာအဓွန့် ရောင်လျှံကွန့်ဖို့
စွန့်စွန့်စားစား ငါကြိုးစားသည်
ငါ့အားစိတ်ဝယ် အမြဲတည်း။
ဓမ္မာသောကမင်း။ ။ ဓမ္မာသောကမင်းကား ဗုဒ္ဓတရားတော်ကို ယုံကြည်၍ သာသနာပြုမင်းဖြစ်သော အခါ လူနှင့်ဆိုင်သော ကိုယ်ကျင့်တရားကို အနှံ့အပြား ကျောက်တိုင်စိုက်စေပြီးခါမှ တိုင်းပြည်အုပ်ချုပ် ရာဝယ် ရှေးကထက် လွယ်ကူကြောင်းကို တွေ့ရပါသည် ဟု ဆိုသည်။
စစ်သူကြီးနှင့် မင်းကြီး။ ။ သီဟ မည်သော စစ်သူကြီးကား မိမိက သောတာပန်ဖြစ်သော်လည်း စစ်သေနာ ပတိအဖြစ်ဖြင့် စစ်တပ်ကို ဦးစီး ခဲ့ပါသည်။ မင်းကြီးရန်နောင်၏ သာသနာဖျက် သူပုန်မင်းကို ဘာသာဝင် မူးမတ်များနှင့်အတူ နှိမ်နှင်း၍ ဗုဒ္ဓဘာသာကို ကယ်တင်ခဲ့ခြင်းမှာလည်း ရာဇ၀င်အထင်အရှားပင်ဖြစ်သည်။
ဤသို့ ရှေးဗုဒ္ဗဘာသာဝင်တို့၏ တိုင်းပြည်အုပ်ချုပ်၍ အလုပ် လုပ်ပုံကို လေ့လာကြည့်သောအခါ ရှေးရှေး ဓမ္မသတ်ဥပဒေအတိုင်း အုပ်ချုပ်ရာတွင်လည်းကောင်း၊ ကယ်တင်မှု လုပ်ရတွင်လည်းကောင်း၊ ဗုဒ္ဓဘာသာက အနှောက်အယှက် မပေးခဲ့ကြောင်းကို တွေ့ရပါသည်။
ခေတ်လူငယ်အချို့ကား ဗုဒ္ဓတရားတော်သည် လောကီဘက်က တိုးတက်နေသော ယခု ကမ္ဘာဝယ် လိုက်မမှီနိုင်တော့ဟု ယူဆကြ၏။ ဗုဒ္ဗမြတ်စွာ၏ တရားတော်တွင် မည်သည့် တရားတော်က လောကီကြီးပွါး ရေးကို တားမြစ်ပါသနည်း။ မင်္ဂလာတရားဟူသည် ခုဘ၀ နောက်ဘ၀ နှစ်ဌာနလုံးတွင်ပင် ကြီးပွါးချမ်းသာကြောင်း တရားဖြစ်ပါသည်။။ ထိုမင်္ဂလာတရားတော်တွင်
(က) ဗာဟုဿစ္စဉ္စ-အကြားအမြင် အတွေ့အကြုံ များရခြင်း ဟု ပါရှိသည်။ ယခုခေတ် သုတေသန လုပ်ခြင်းမျိုးပင် ဖြစ်ပါသည်။ ထို ဗာဟုဿစ္စဉ္စ မင်္ဂလာသည် မည်ရွေ့မည်မျှသော သုတေသန လုပ်ရမည်ဟု ကန့်သက်ချက် မရှိရကား သုတေသန လုပ်ရာတွင် ခေတ်အလိုက် ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ကြောင်း သိသာပါသည်။ ထို့ကြောင့် ယခုအခါတွင် ကောင်းကင်သို့ ဂြိုလ်တု လွှတ်၍ သုတေသနပြုခြင်း၊ မြေရေ တို့တွင် သုတေသနပြုခြင်းများသည် ဗာဟုဿစ္စဉ္စ မင်္ဂလာပေတည်း။
(ခ) သိပ္ပဉ္စ-သိပ္ပံပညာ အဖြာဖြာကိုတက်ရခြင်း ဟုလည်း ပါရှိသည်။ ထို သိပ္ပံပညာတက်မြောက်ခြင်း မင်္ဂလာသည်လည်း မည်သည့်သိပ္ပံပညာဟု ပိုင်းခြား ကန့်သက်ချက်မရှိ၊ ခေတ်အလိုက်ပေါ်ပေါက်လာသော ပညာအရပ်ရပ်ကိုပင် တက်မြောက်ရခြင်း ဟု ဟောတော်မူလိုရင်ပင် ဖြစ်သည်။
ဗုဒ္ဓ မြတ်စွာတရားတော်သည် လောက ကြီးပွါးရေးကို မတားမြစ်သည့်အပြင် စနစ်တကျ အားပေးသော တရားဖြစ်ကြောင်းကို ဗုဒ္ဓ၏ ကြီးပွါးရေးနှင့်ပက်သက်သော တရားတော်တို့ကို လေ့လာခြင်းအားဖြင့် သိနိုင်ပါသည်။
ထိုကဲ့သို့ ယခုဘ၀ကြီးပွါးရေးကို အားပေးရုံသာမက သတ္တိနှင့် ဇွဲကိုလည်း အမြဲအားပေးရာ ရောက်ပါသည်။ ထင်ရှားစွာ ပြရမည်ဆိုလျှင်- ဗုဒ္ဓတရားတော်များတွင် အလောင်းတော်ဘ၀တုံးက (အများသိဖြစ်သော မဟောသဓာတို့လို ဘ၀တုံးက) မကြောက်မရွံ့ ရဲဝံ့သောသတ္တိ၊ နောက်မဆုတ်သော လုံ့လ ၀ီရိယဇွဲတို့ကို ကြားဖူးနေရသောကြောင့်လည်းကောင်း၊ အမရာဒေ၀ီ မဒ္ဒီမိဖုရားတို့လိမ္မာပုံ၊ သတ္တိရှိပုံကို ကြားနေရသောကြောင့်လည်းကောင်း၊ ထိုအလိမ္မာ ထိုသတ္တိများ ကူးစက်နေရကား ဗုဒ္ဗဘာသာဝင် အမျိုးသား အမျိုးသမီးတို့တွင် အလိမ္မာနှင့် ဇွဲသတ္တိမှာ အခြားဘာသာဝင်များထက် များသော အားဖြင့် သာတက်ပါသည်။
ဗုဒ္ဓဘာသာဝင်တို့၏ အားအရဆုံးသတ္တိကား အကောင်း အဆိုး လောကဓံနှစ်မျိုးနှင့် တွေ့ကြုံလာလျှင် ခံနိုင်ခြင်း၊ သေရမည်ကို လွန်လွန်ကဲကဲ မကြောက်တက်ခြင်းတည်း။ ထိုသို့ သတ္တိရှိခြင်း မှာလည်း မိမိတွင်ရှိသော သီလ ဒါနတို့ကို အားကိုးသည့်အပြင် အားလုံး အရာဝတ္ထု ရုပ်နာမ်အစုသည် ပျက်စီးရမည့် အနိစ္စတရားချည်းသာ ဖြစ်၏ ဟု ကြားသိနေရသော မိရိုးဖလာဘာဝနာကြောင့်လည်းဖြစ်သည်။
ဤသို့လျှင် ဗုဒ္ဓဘာသာဝင်ဖြစ်သူသည် တရားပြည့်ဝလေ သတ္တိထက်လေဖြစ်၍ ဗုဒ္ဓတရား တော်သည် အလျော့ဘက် အပျော့ဘက်ကို အားမပေးဘဲ စာရိတ္တနှင့်တကွ အတင်းဘက် အတိုးဘက်ကိုသာ အားပေးပါသည်။
သို့ပါလျက် ဗုဒ္ဓ၏အလိုတော်ကို မသိသောလူအများသည် မိခင်ဖြစ်သော ဗုဒ္ဓတရားတော်ကို ကျော်၍ ဒွေးတော်ဝါဒတို့ဖြင့် လွတ်လပ်ပြီး နိုင်ငံကို ထူထောင်လာခဲ့ကြရာ ယခုတိုင်အောင် အသားမကျသေးဘဲ စာရိတ္တပျက်မှုတည်းဟူသော ဆူးငြောင့်တွေသာ ပြန့်ကြဲနေပါတော့သည်။
ထို့ကြောင့် နိုင်ငံကိုထူထောင်ထိန်းသိမ်းရာဝယ် အထောက်အကူရပါစေတော့ ဟု သဘောထား၍ ကြီးမားသော အမျှော်အမြင်ဖြင့် စီစဉ် ရေးသားထားအပ်သော ဆရာတော် အရှင်ဇနကာဘိဝံသ၏ ကျမ်းစာ အမှတ်(၂၆) ဗုဒ္ဓဘာသာ သင်္ခန်းစာကို အမှီပြု၍လည်းကောင်း၊ သီဟိုဠ်(သီရိလင်္ကာ)နိုင်ငံ၏ လူငယ်များအပေါ် (နိုင်ငံ့သားကောင်းရတနာများအပေါ်) ဘာသာရေးအုတ်မြစ် ခိုင်မာအောင် စွမ်းဆောင်နိုင်ကြသော သီဟိုဠ်သံဃာတော်များ၏ Sunday School တည်ထောင်နည်းစံနစ်၊ သင်ကြားပုံနည်းစံနစ်များကို အခြေခံ၍လည်းကောင်း ဤ တနင်္ဂနွေကျောင်းကို ဖွင့်လှစ်နိုင်အောင် ကြိုးစားခဲ့ခြင်းဖြစ်ပါသည်။
ဘ၀ထိုထို တောင်းဆု ဆိုစကား
ဤကဲ့သို့ ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ်ပိုင်သာသနာပြု လုပ်ငန်း အစစ်အမှန်ကို ပြုလုပ်ရသော ကုသိုလ်ကံ စေတနာကြောင့် ယခုဘ၀မှ စ၍ နိဗ္ဗာန်မရောက်မီ ဘ၀ ကာလအတွင်း မြတ်စွာဘုရားရှင် အထူး ချီးမွန်း၊ အားပေး၊ ကိုယ်တိုင်လည်း စွမ်းစွမ်းတမံ ပြုလုပ်တော်မူခဲ့သော ပရဟိတ(အများအကျိုးဆောင်ရွက်ခြင်း) လုပ်ငန်းကို ကိုယ်ကျိုးမဖက်၊ သက်သက်သော စေတနာဖြင့် ဘ၀ဆက်တိုင်း ဆောင်ရွက်ခွင့် ရပါလို၏။ ဆောင်ရွက်တိုင်းလည်း သူတော်ကောင်းများ၏ အထောက်ပံ့ကို ရရှိကာ လုပ်ငန်းတိုင်းကို အောင်မြင်စွာ ပြုလုပ်ခွင့်ရပါလို၏။ ထင်ပေါ် ကျော်ကြားလာမည့် ဂုဏ်ပကာသနကို အရင်းမှီ၍ ပေါ်ပေါက်လာသော မာနတရား ကင်းဝေးရပါလို၏။ ကလေးငယ်၊ ကျောင်းသားငယ်တို့အပေါ်ဝယ် ထားရှိသော စေတနာ မေတ္တာတရား၊ တိုင်းပြည်နှင့် လူမျိုးအပေါ် ထားရှိသော မေတ္တာ ဂရုဏာတရားများ တိုးပွါးရပါလို၏။ တိုင်းသူပြည်သားများအား တရားသော မင်း စောင့်ရှောက်ပါစေ။ စီးပွါးရေးလုပ်ငန်းများလည်း အောင်မြင် တိုးတက်ကြပါစေ။ ပကတိစိတ်အေးချမ်းမှု လမ်းစဉ်ကို ကောင်းစွာ ညွှန်ပြ ဆိုဆုံးမထားသော ဗုဒ္ဓမြတ်စွာ သာသနာသည်လည်း တည်တံ့နိုင်သရွေ့ တည်တံ့နိုင်ပါစေ။
မျိုးချစ်စိတ်ဓာတ် အမှန်စကား ဆိုရပါမူ
ဒို့ဘိုး ဒို့ဘွား၊ ဒို့မျိုးများက၊ ဒို့သွေး ဒို့သား၊ ဒို့မျိုးများအတွက်၊ ကျောင်းကန် ဘုရား၊ စေတီများနှင့်၊ ကိုးကွယ်ဖို့ရာ၊ သာသနာကို၊ ကောင်းစွာစဉ်ဆက် ပေးအပ်ခဲ့၊ ကောင်းစွာစဉ်ဆက်ပေးအပ်ခဲ့၍၊ ဒို့လက်ရောက်လာ ဒို့ဘာသာကို၊ ညီညာဖြဖြ စောင့်ထိန်းကြမှ အမျိုးဘာသာ သာသနာသည်၊ ကောင်းစွာတည်တံ့ နိုင်လိမ့်သတည်း၊

သာသနာချစ်စိတ်ဓာတ် ထက်သန်တော်မူကြသည့် ရဟန်းတော်များ ဦးစီး ဖွင့်လှစ်သည့် အနာဂတ် သားကောင်း ရတနာများ ပေါ်ထွက်စေသော တနင်္ဂနွေကျောင်း ကုသိုလ်စစ် လုပ်ငန်းကို တည်ထောင် ဖန်းဆင်းခြင်းဆိုသော သာသနာပြုလုပ်ငန်းတွင် ပါဝင်ကုသိုလ် ပြုလိုပါလျှင်-----
(၁) တူညီ ကျောင်းဝတ်စုံ အစုံရေ-၅၀၀ (နှစ်ဆယ့်ငါးသိန်း) ၅၀၀၀-နှုန်း
(၂) ဗုဒ္ဓဘာသာ သင်္ခန်းစာ စာအုပ်များ အုပ်ရေ-၅၀၀ ၂၅၀၀၀၀(နှစ်သိန်းခွဲ) ၅၀၀-နှုန်း
(၃) အင်္ဂလိပ်စာ သင်င်္ခန်းစာ စာအုပ်များ အုပ်ရေ-၅၀၀ (ဆယ့်ငါးသိန်း) ၃၀၀၀-နှုန်း
(၄) စာရေးကိရိယာများ(ဗလာစာအုပ်၊ခဲတံ) အစုံရေ-၅၀၀ (တစ်သိန်း) ၂၀၀-နှုန်း
(သီးသန့် စာအုပ် တစ်အုပ်ချင်း၊၀တ်စုံ တစ်စုံချင်း ဓမ္မဒါနကုသိုလ်ကိုလည်း နိုင်သရွေ့ ပြုနိုင်မည်)
လစဉ်ကုန်ကျစရိတ်အတိုင်း လှူဒါန်းလိုလျှင်
(၁) တနင်္ဂနွေကျောင်းနှင့် တွဲဖက်၍ ဖွင့်လှစ်သော အဘိဓမ္မာ သင်တန်း၊ ယဉ်ကျေးမှု သင်တန်း၊ အင်္ဂလိပ်စာ သင်တန်းများ၏ ကုန်ကျစရိတ် အပါအ၀င် ၂ သိန်း ခန့်ဖြစ်သည်။

မှတ်ချက်။ ။ လစဉ် အသုံးစရိတ် ကုန်ကျမှု ရှင်းတမ်းများကိုလည်းကောင်း ရရှိသော အလှူငွေ စာရင်းများကိုလည်းကောင်း သက်ဆိုင်ရာ ကျောင်းအုပ် ဆရာတော်နှင့် တာဝန်ခံဆရာတော်များထံတွင် လျှောက်ထား မေးမြန်း၍ ကုသိုလ် ယူနိုင်ပါသည်။

ဆက်သွယ်လှူဒါန်းနိုင်ရန် လိပ်စာများမှာ-----
ဘဒ္ဒန္တတေဇနိယ (ဒု-နာယက ဆရာတော်) မင်္ဂလာမှန်ကျောင်း၊ ဓမ္မိကာရုံ(ဒွါရ)ကျောင်းတိုက်၊ ဘိုကလေးမြို့။
ဦးဓမ္မကိတ္တိ (ကျောင်းအုပ်ဆရာတော်)ဇေယျဝတီကျောင်း၊ ဓမ္မိကာရုံ(ဒွါရ)ကျောင်းတိုက်၊ ဘိုကလေးမြို့။
အရှင်ပဏ္ဍိတ (ပညာရေးတာဝန်ခံဆရာတော်၊ (096819286) ။ ။ ။
ဦးတင်မောင်ပြုံး (ဘဏ္ဍာရှာဖွေရေးမှူး) ၊ အမှတ်(၄၂)ရွှေဝါထွန်းလမ်း(၂)ရပ်ကွက်၊ ဘိုကလေးမြို့။
ဖုန်းနံပါတ်။ ။ ၀၄၅-၄၅၂၂၁ (ဦးတင်မောင်ပြုံး) ၀၄၅၄၅၁၀၈ ( ဆရာတော်များ၊ ဓမ္မိကာရုံကျောင်း၊)

တနင်္ဂနွေကျောင်းဖြစ်မြောက်ရေးအဖွဲ
တနင်္ဂနွေလူငယ်များအသင်း
ဘိုကလေးမြို့။
သင်တန်းအခြေအနေအားလုံးကို အတိုချုပ် တင်ပြခဲ့ချင်ပါတယ်။ ယခုဆိုရင် နွေရာသီ သင်တန်းနှင့် Sunday School သင်တန်းဟာ Summer Course နှင့် ပေါင်းပြီး သင်တန်း ဆင်းထားခဲ့ပါတယ်၊ ခဏ နားထားရပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်များနဲ့ ညှိုနှိုင်းခြင်း၊ ပညာရေးမှူးများနှင့် တိုင်ပင်ခြင်းနဲ့ Sunday School ၏ long term Project ကို ထူထောင်ခြင်း၊ လိုအပ်သည့် Fund များကို ရှာဖွေခြင်း၊ အရေးကြီးဆုံးလိုအပ်ချက်မှာ သက်ဆိုင်ရာ သင်တန်းဖွင့်မည့်ကျောင်းမှ ဆရာတော်၏ ရေရှည် ခွင့်ပြုချက်ကို တိုင်ပင် လျှောက်ထားနေ၍ ဖြစ်ပါတယ်။ နောက်ပြီး နိုင်ငံရေးအခြေအနေ၏ မရေရာသော အနာဂတ်ကို ရင်ဆိုင်ရင် စွမ်းအား နည်းနေခြင်းကိုလည်း ၀န်ခံအပ်ပါတယ်။ ကျောင်းများကိုလည်း တစ်ပတ် ခြောက်ရက် သင်မည်ဆိုသော Order ကိုကြားသိရခြင်းကြောင့် Sunday School အတွက် လက်တလော အခြေအနေ ခဏ ရပ်ထားရခြင်းဖြစ်ပါတယ်။ ၀ါကျွတ်ကာလ မှာ လုပ်ငန်းအားလုံးကို လည်ပတ်နိုင်အောင် အထူးကြိုးစား ဆောင်ရွက်နေပါတယ်။ သင်တန်းကာလ အစမှ အဆုံးတိုင် ကုန်ကျစားရိတ်ဟာ ၃၆ သိန်းဝန်းကျင်ဖြစ်ပါတယ်။ မြို့ခံအင်အားအနေနဲ့ ထောက်ပံ့လှူဒါန်းငွေ ဟာ ဆယ့်သုံးသိန်း ကျော်ဖြစ်ပြီး၊ ကျန်ငွေများကို ကိုယ်ပိုင်ငွေ၊ ပက်သက်ရာ ရဟန်းဒါယကာ ဒါယိကာမများငွေဖြင့် (မည်သည့် NGO အဖွဲ့အစည်းများ၏ ထောက်ပံ့ငွေမျှ မပါသေးဘဲ) သင်တန်းကိုအောင်မြင်စွာ ခေတ္တ အဆုံးသတ်နိုင်ခဲ့ပါတယ်။ စာရင်း အသေးစိတ်များကိုလည်း သက်ဆိုင်ရာ လိပ်စာများ ပါအတိုင်း စုံစမ်း မေးမြန်းခြင်း ကုသိုလ် ရယူနိုင်ပါတယ်။ ရှေ့ဆက်သွားမယ့် Sunday School လုပ်ငန်းအတွက် လစဉ် ကုန်ကျစားရိတ်၊ သင်တန်းသားအားလုံး၏ သင်ကြားမူ စာအုပ်၊ သင်ထောက်ကူပစ္စည်းများ လုပ်ငန်းဖေါင်ဒေးရှင်း အတွက် ထာဝရ ငွေပဒေသာပင်များကိုလည်း Sunday School Project တွက် လူသားအကျိုးပြု လုပ်ငန်း လုပ်ဆောင်နေကြသော မည်သည့် NGO အဖွဲ့အစည်းများမှ မဆို အကူအညီ ပေးနိုင်ကြောင်းကိုလည်း အထူး အလေးအနက် ၀န်ခံ တောင်းဆိုအပ်ပါတယ်။
သင်တန်းကာလရဲ့ အသေးစိတ် မှတ်တမ်းများကိုလည်း တောင်းခံ၊ ကြည့်ရှု့၊ ကုသိုလ် ပွားနိုင်ပါတယ်။
အရှင်ပဏ္ဍိတဘိက္ခု (Sunday School) ပညာရေးတာဝန်ခံ

Thursday, March 12, 2009

သင်တန်းဖွင့်ပွဲ)(သို့)အောင်မြင်မှု၏လမ်းစ






















လောက လူသားအကျိုးကို တက်နိုင်သလောက် သယ်ပိုးတဲ့ လုပ်ငန်းကို ပရဟိတ လို့ ဘုရားရှင် ဟောကြားတော်မူခဲ့တယ်။ သူကိုယ်တိုင်လည်း နိုင်သလောက် စွမ်းဆောင်ခဲ့တယ်။ ကိုယ်တိုင်လည်း ပြုလုပ်သလို ဘယ်လို လုပ်ရမယ်ဆိုတဲ့ လမ်းညွှန်ချက် တွေကိုလည်း ချမှတ်ပေးတော် မူခဲ့တယ်၊ ဆရာတစ်ဆူသဖွယ် သင်ပြ ပေးတော်မူခဲ့တယ်၊ ရှေ့ဆောင် လမ်းပြသဖွယ် တကယ့်အရှိတရား(ပရမတ္ထသစ္စာ) တရား ကို ကိုယ်တိုင်လည်း ကျင့်ဆောင် နည်းလမ်းတွေကိုလည်း ညွှန်ပြတော်မူခဲ့လို့ ဆရာ(သတ္ထာ)ဆိုတဲ့ ဘွဲ့ထူးကို အားလုံးက တညီတည်း ပေးခြင်းကို ခံခဲ့ရတယ်၊ အတုမရှိ တဲ့ ဂုဏ်နဲ့ ပြည့်စုံတဲ့ ဆရာတစ်ဆူပါ။
ပြည်ပမှာ ပညာသင်ယူ ဆည်းပူးခွင့်ရရှိခဲ့တဲ့ ရဟန်းတစ်ပါးအနေနဲ့ လူသာမာန်တို့လို ရည်ရွယ်ချက် တူညီ မှာ မဟုတ်ပါဘူး။ သူတို့တွေက မိမိ စီးပွါးအတွက် ပညာသင်ကြ၊ စွန့်စားပြီး စီးပွါးရှာကြတာပါ။ ရဟန်းတော်တွေအတွက်ကတော့ လောက လူသားအကျိုးကို ဘုရားရှင်ရဲ့ သားတော်ပီပီ သယ်ပိုးနိုင်ဖို့၊ လောက သဘာဝ အရှိတရား တွေကို ခေတ်နဲ့အညီ၊ ခေတ်ရေစီးကြောင်းကို လိုက်ပြီး လူသားတွေကို ညွှန်ပြနိုင်ဖို့ စွန့်စားပြီး ပညာ သင်ယူခဲ့ကြတာပါ၊ စာရေးသူလည်း ထိုအထဲက တစ်ယောက်ဆိုတာကို သက်သေ ပြချင်ခဲ့တယ်။ ဒါ့ကြောင့်လည်း ပြည်တော်ကို ပြန်ရောက်ခဲ့ပြီလေ၊
ကိုယ်နဲ့နီးစပ်ရာ အပေါင်းအသင်းတွေ၊ ဒကာ ဒကာမတွေကို ပရဟိတ လုပ်ငန်း အကြောင်း တစေ့ တဆောင်း ရှင်းပြခဲ့တယ်၊ မွန်မြတ်တဲ့ ပညာဒါန ကုသိုလ်ကို ပြုလုပ် ချင်တယ် ဆိုတဲ့အကြောင်းပေါ့၊ မဖြစ်နိုင်ပါဘူးဆိုတဲ့ တီးတိုးစကားတွေ၊ ကြိုးစားကြည့်ပေါ့ ဆိုတဲ့ ခနဲ့တဲ့အသံတွေ၊ မထင်ပါဘူးကွာဆိုတဲ့ အထင်သေးစကားတွေကို တချို့သူတွေက ပြောကြမယ်၊ အများအကျိုး ရွက်သယ်ပိုးက၊ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း မဖဲမဆောင်း၊ ကိုယ့်လမ်းကြောင်းကို ၊ စိတ်ကောင်းနဲ့ယှဉ်၊ ဇွဲနှင့် နှင်လော့ ဆိုတဲ့ ဆရာတော်တွေရဲ့ လမ်းညွှန်မှုအတိုင်း လျှောက်လှမ်းပေါ့ ဆိုတဲ့ ဆုံးမ စကားတွေကိုလည်း ရခဲ့ပါတယ်၊ ဘ ယ် လိုပဲ ဖြစ်ဖြစ် ကိုယ့်ယုံကြည်ချက်ကို ကိုယ်တိုင်လျှောက်လှမ်းချင်တဲ့စိတ်ဓာတ်၊ လူ့ကန့်လန့်စကားပြောရရင် တဇောက်ကန်း လုပ်တက်တယ်ဆိုတဲ့ အကျင့်ဆိုးမျိုး ရှိပေမယ့် ကောင်းတဲ့လုပ်ငန်းကိုပဲ ဇွတ်တရွတ်လုပ်တက်တဲ့ အကျင့်ကိုတော့ ဖျောက်ဖြတ် ပစ်လို့ မရနိုင်တာ ကိုယ့် အားနည်းချက်ပါ၊ ဒါပေမယ့် တစ်ခုတော့ ရှိမယ်၊ ဘာလဲဆိုရင်တော့ ဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက်ပဲ၊ တစ်ခါ တစ်ခါ သူငယ်ချင်းတွေက နိုင်ငံခြားတစ်နေရာကို ပညာသင်ဖို့ ဘာလိုအပ်မလဲ အကြံညဏ်တွေ တောင်းတက်ကြတယ်၊ သွားမယ့်နေရာကရော ကောင်းပါ့မလား၊ အခြေအနေတွေရော ဘယ်လို ရှိမလဲဆိုတဲ့ မေးခွန်းမျိုးလည်း မေးတက်ကြတယ်၊ ဖြေခဲ့မိတာကတော့ တစ်ရွာမပြောင်း သူကောင်းဖြစ်ဆိုတဲ့စကားပုံလိုပေါ့ကွာ၊ နေရာတစ်ခုက ရွေ့သွားရင် အပြောင်းအလဲတစ်ခုတော့ ဖြစ်မှာပါ၊ သွားလိုက်ပါလို့ တိုက်တွန်းလိုက်တယ်။ တစ်ယောက်က ပြောတယ်၊ သေချင်တဲ့ကျား တောပြောင်းဆိုတဲ့ စကားပုံကိုလည်း မေ့မထားသင့်ဘူးတဲ့၊ ဟုတ်ပါတယ်၊ ရွေ့ပြောင်းလိုက်လို့ စံစားရမယ့် ရလာဒ်ကောင်းရှိသလို ခံစားလာရမယ့် ဆိုးကြိုးကလည်း ရှိနေမှာပါ၊ ဒါပေမယ့် အပြောင်းအလဲ တစ်ခုနဲ့ တစ်ခုအကြားမှာ ပေးဆပ်ရမယ့် အရင်းအနှီးဆိုတာ ရှိနေစမြဲပါ၊ အဲဒီ အရင်းအနှီးကိုပေးဆပ်ရဲတဲ့သတ္တိ၊ ၇င်ဆိုင်ရဲတဲ့ သတ္တိတော့ ရှိရမှာပေါ့၊ ရင်ဆိုင်ရဲတဲ့ သတ္တိမှ မရှိရင်တော့ ထိုင်နေတာ အကောင်းဆုံးပါပဲ၊ ရွေ့မသွားဘဲ နေရာမှာပဲ နေလိုက်ပါ၊ ဒါပေမယ့် ရလာဒ်ကတော့ သုညပဲပေါ့၊ အပေါင်းလက္ခဏာတွေမရှိတဲ့လောကကြီးလောက် ပျင်းစရာကောင်းတဲ့ အသက်ရှင်မှု ရှိမယ်မထင်ဘူးလို့တော့ ရာနှုန်းပြည့် ထင်ထားပါတယ်၊
ရင်းနှီးပေးဆပ်မှုဆိုတဲ့ သီဝရီဟာ အရာတိုင်းမှာရှိတယ်၊ ကောင်းတာချည်းပဲ ဖြစ်နေတဲ့လောကကြီးကို ဖန်ဆင်းမပေးနိုင်တဲ့ ဘုရားသခင်လောက် မုန်းစရာကောင်းတာ ရှိမယ်မထင်တော့ဘူး။ ဒါကတော့ အပြောင်းအလဲနဲ့ ဆက်ဆပ်ပြီးမေးတက်ကြတဲ့ လူတိုင်းကိုဖြေလေ့ရှိတဲ့ အဖြေတစ်ခုပါ။
၁ရက်နေ့၊ ဖေဖေါ်ဝါရီလမှာ မြန်မာပြည်ကို ပြန်ရောက်ခဲ့တယ်၊ ရှေ့ဆက်တက်ရမယ့် ကျောင်းအတွက်က မသေချာ မရေရာတဲ့ အနာဂတ်မို့လို့ ခဏ ဘေးချိတ်ထားပြီး လက်တလော လုပ်ဆောင်ရမယ့် တာဝန်ကို စဉ်းစားခဲ့တယ်၊ ဘာလုပ်ရမယ်မှန်း မသိသေးလို့ ကိုယ့် ဇာတိမြေ ဘိုကလေး ကို ခေတ္တ ပြန်ခဲ့တယ်၊ သတင်းတစ်ခု ကြားလိုက်ရတယ်၊ ရန်ကုန်က ဆရာတစ်ယောက် ဘိုကလေးမှာ အင်္ဂလိပ်စာ သင်တန်း ဖွင့်လှစ်နေခြင်းပါ။ ကျောင်းသားတစ်ဦးကို ငါးထောင်မျှဖြင့် တဲ့။ နာဂစ် မုန်တိုင်းအလွန် ကျွန်တော်တို့ ဘိုကလေး မြို့သူမြို့သားတွေ အသက် အိုးအိမ် စည်းစိမ် စွန့်ခဲ့ရသူက စွန့်ခဲ့၊ စီးပွါးရေး ယိုင်လဲသူက လဲပြို၊ ပညာရေး အစဉ်မကျ ဖြစ်ခဲ့ရခြင်းဆိုတဲ့ လောကဓမ်ကို ခံစားပြီးလို့မှ သိပ်မကြာ၊ စီးပွါးရေး ဈေးကွက် ချဲ့တက် ကြတဲ့ လူသားလောဘကို အပြစ်မတင်တော့ပါဘူး၊ ငါ ရဟန်းတော်တစ်ပါးအနေနဲ့ ဘာလုပ်ပေးနိုင်မလဲဆိုတဲ့ အကောင်းမြင်ကိုသာ တွေးခဲ့တယ်၊ နိုင်ငံခြားအဖွဲ့ အစည်းတွေက မြို့ပေါ်မှာ ရုံးတွေ တည်ဆောက်ပြီး မြို့နယ် ကျေးရွာတွေမှာရှိတဲ့ နာဂစ် ဒုက္ခသည်တွေကို ကူညီဖို့အတွက် ရောက်နေကြတယ်လေ၊ ဒေသခံ ဘွဲ့ရ ပညာတက် ကျောင်းသားတွေ အလုပ်ကိုယ်စီ ရခဲ့ကြတယ်၊ နိုင်ငံခြားအဖွဲ့အစည်းတွေရဲ့ ၀န်ထမ်းအပေါ် လိုအပ်ချက်က သူတို့နဲ့ ဆက်သွယ်၊ စကားပြော အလုပ် အတူလုပ်မယ့် ၀န်ထမ်းတွေအားလုံးနီးပါး အင်္ဂလိပ်စကားပြောတော့ မဖြစ်မနေ တက်ရမယ်လေ၊ အစပိုင်းတော့ စကားပြန်နဲ့ ခန့်ပြီး ခိုင်းကြတယ်၊ မရှိ သုံး သဘောမျိုးပါ၊ နောက်ပိုင်း အေးဆေး လုပ်ရမယ့် အပိုင်းရောက်လာလေ အလုပ် ထုတ်ခံရတဲ့ ဒေသခံတွေ ပိုများ လာလေပေါ့၊ အင်္ဂလိပ်စကားမှ အသင့်အတင့် မပြောတက်တော့ သူတို့အတွက်လည်း Instruction ပေးရတာ အခတ်တွေ့နေတယ်လေ၊ ဒါ့ကြောင့် အရေးပေါ် ကယ်ဆယ်ရေး မလိုအပ်တော့ပဲ ပြန်လည်ပြီး နေရချထားရေးဆိုတဲ့ စီမံကိန်းမှာ ပညာရေးလည်း အဓိက ပါဝင်သလို နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ ထိတွေ့ ဆက်ဆံနိုင်ဘို့ ဘာသာစကား တက်မြောက်မှုကလည်း လိုအပ်လာပါတယ်၊ နောက်ပြီး ကျောင်းသားငယ်တွေ ဆရာ ဆရာမတွေကလည်း အင်္ဂလိပ်စာ Language တက်မြောက်မှုဟာ မဖြစ်မနေ လိုအပ် နေပြီ ဆိုတာကိုလည်း သိကုန်ကြပြီလေ၊ အဲဒါကြောင့် နွေရာသီ ကျောင်းပိတ်ရက်မှာ အင်္ဂလိပ်စာ အခြေခံ အရေး၊ အဖတ် ၊ အပြော သင်တန်းနဲ့ ယဉ်ကျေးမှု သင်တန်း တွဲဖတ်ပြီး ဖွင့်နိုင်အောင် ကြိုးစားခဲ့တယ်၊ နီးစပ်ရာ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ဒကာ ဒကာမတွေကိုကလည်း တက်နိုင်သလောက် ကူညီ ခဲ့ကြပါတယ်၊ ၇ ရက် မတ်လ စနေနေ့မှာ သင်တန်းကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့တယ်၊ သင်ကြားမှု ပိုင်းဆိုင်ရာမှာလည်း အခတ်အခဲမရှိ သင်ကြားပေးနိုင်ခဲ့တယ်၊ တစ်ပတ် နှစ်ရက်ပါ၊ စနေ တနင်္ဂနွေ ညနေပိုင်း လေးနာရီကနေ ရှစ်ခွဲအထိ နှစ်ချိန် လူငယ် လူကြီးတန်း ခွဲခြားပြီး ပို့ချပေးပါတယ်၊
အခက်တွေ့ရတဲ့ အရာကတော့ မျှော်လင့်မထားခဲ့တဲ့ ကျောင်းသား အင်အား များပြားမှုပါ၊ စုစုပေါင်း နှစ်ရာလောက် မှန်းထားပြီး စာအုပ် ၊ စာရွက်စာတမ်း၊ သင်ထောက်ကူ ပစ္စည်းတွေ စီစဉ်ထားနိုင်ခဲ့ပေမယ့် ခြောက်တန်းကနေ ဘွဲ့ရ အထိ၊ ဆရာ ဆရာမတွေ အပါအ၀င် ခြောက်ရာ့ ငါးဆယ်လောက်အထိ ရှိခဲ့တယ်၊ အားလုံးကလည်း စိတ်ပါ ၀င်စားစွာနဲ့ သင်ယူနေကြတာကို မြင်ရတော့ ၀င်ခွင့်ဖြေခိုင်းပြီး ကျောင်းသား လျော့အောင် လုပ်ဖို့ စိတ်ကူး ပြက်ပျယ်ခဲ့ရတယ်၊ အားလုံးသော ကျောင်းသားများဟာ အခြေခံ အလွန် နည်းပါးနေတာကိုလည်း တွေ့ခဲ့ရတယ်၊ စိတ်မကောင်းဖြစ်မိခဲ့ပါတယ်၊ ဒါပေမယ့်လည်း ဒီသင်တန်း ပြီးဆုံးသွားရင် စကားလည်း အတော်အသင့် ပြောတက်သွားအောင် အရေးအသားပိုင်းဆိုင်ရာကိုလည်း ကျွမ်းကျင်သွားအောင် သင်ကြားပေးမယ်လို့ ဆုံးဖြတ်ခဲ့တယ်၊ ဖွင့်ပွဲရက် အပါအ၀င် စနေ တနင်္ဂနွေ နှစ်ရက် ပို့ချလို့ ပြီးခဲ့ပါပြီ၊
ဒါဟာ ဦးဇင်းရဲ့ အားလပ်နေတဲ့အချိန်မှာ ကိုယ့်ဇာတိမြေမှာ လိုအပ်နေတဲ့ ပညာရေး အထောက်အကူ တစ်ရပ်အနေနဲ့ ဖြည့်ဆည်းပေးခဲ့တဲ့ ပါရမီ ကုသိုလ် တစ်မျိုးပါ၊ ပါလာတဲ့ ပိုက်ဆံလေးတွေလည်း ကုန်ပါပြီ။ ဤမှန်သော သစ္စာစကားကြောင့် စာဖတ်သူလည်း ပါရမီ ဖြည့်ဆည်းနိုင်ပါစေလို့ ဆုတောင်းနေပါတယ်၊ လိုအပ်တာလေးတွေ မပြောတော့ဘူးလားလို့ မေးလာမှာ စိုးလို့ ပြောထားခဲ့မယ်နော်၊ ၊ ကိုယ့်လိုပဲ ပညာ ပါရမီ ကုသိုလ် ရစေချင်လို့ပါ။
လက်တလော ဖွင့်လှစ်ထားတဲ့ နွေရာသီ ယဉ်ကျေးမှုနှင့် အင်္ဂလိပ်စာ သင်တန်းအတွက် ကျောင်းသားက ခြောက်ရာ့ ငါးဆယ့် လေးယောက်ပါ၊ တစ်ဦးကို သင်ကြားမှု စာအုပ် တစ်အုပ်လျှင် တစ်ထောင်နှုန်းနဲ့ လေးရာ့ ငါးဆယ်အုပ်လောက် လိုအပ်နေပါသေးတယ်၊ သင်ကြားမှု ဆရာတွေကို အဆင့်မနိမ့်ရအောင် ရန်ကုန်က တက္ကသိုလ်ဘွဲ့ရ ဆရာတော်တစ်ပါး၊ language Training Centre က ဆရာတစ်ယောက် ဆရာမ တစ်ယောက်ကလည်း ပါဝင် ပါရမီ ဖြည့်ခွင့်ပြုချင်ပါတယ်ဆိုလို့ အပြင် ဆရာ နှစ်ယောက်၊ စာရေးသူ အပါအ၀င် ပို့ချပေးသူ လေးယောက်ဟာ တစ်ပတ်ကို တစ်ခါ ရန်ကုန်ကနေ ဘိုကလေးကို အသွားအပြန် လမ်းစားရိတ်ချည်းပဲ တစ်ယောက်ကို တစ်သောင်းနဲ့ လေးဦးစာ လေးသောင်းပါ၊ ဆိုတော့ ဆရာတွေရဲ့ လမ်းစားရိတ် တစ်ပတ်လျှင် လေးသောင်း၊ တစ်လကို သိန်း ခြောက်သောင်းကုန်ကျပါတယ်၊ စားစရိတ်ကတော့ ဒေသခံတွေရဲ့ ကောင်းမှုကြောင့် မကုန်ပါဘူး၊ ဒါက နောက်ထပ် လိုအပ်တဲ့ နွေရာသီ သင်တန်းအတွက်ပါ၊
လာမည့်အပတ် တနင်္ဂနွေနေ့ စတင် ဖွင့်လှစ်မယ့် တနင်္ဂနွေကျောင်း (Sunday School) ဗုဒ္ဓဘာသာ သင်ခန်းစာ၊ အင်္ဂလိပ်စာ(သူငယ်တန်းမှ ငါးတန်းအထိ ကလေးငယ်များအတွက် သီးသန့်ကျောင်း)အတွက်တော့ ဒေသခံ ဆရာ ဆရာမတွေက ၀ိုင်းဝန်း သင်ကြားပေးမယ်ဆိုတဲ့ ကုသိုလ်ကြောင့် ကုန်ကျမှု မရှိပါဘူး၊ ဒါပေမယ့် ကလေးငယ်တွေ အင်္ဂလိပ်စာ အခြေခံ ရစေဖို့၊ ငယ်စဉ်ကတည်းက အသံထွက် ပီပီ သသ နည်းစံနစ်မှန်မှန် ရေးတက် ဖတ်တက်ဖို့ နိုင်ငံခြားကျောင်းက ဆရာမ တစ်ယောက်တော့ ငှားဖို့ လိုပါတယ်၊ အဲဒီအတွက်က တစ်လကို လမ်းစားရိတ် အပါအ၀င် လေးသောင်း ဖြစ်ပါတယ်။ အာလုံးပေါင်းလိုက်ရင် ပညာဒါန ပေးလှူကြတဲ့ ဆရာ ဆရာမတွေအတွက် လစဉ် ကုန်ကျမှုဟာ နှစ်သိန်း တိတိပါ။ ယဉ်ကျေးမှု သင်္ခန်းစာ၊ ဗုဒ္ဓဘာသာ သင်္ခန်းစာများ အတွက်တော့ ကိုယ်တိုင် သင်ကြား၊ ရဟန်းတော်များနဲ့တင် ပြီး တဲ့ကိစ္စဆိုတော့ အထူးအထွေ ကုန်ကျမှု မရှိပါဘူး။ ဒါ့ကြောင့် သင် ပါရမီရှင် ကုသိုလ်ရှင်များအတွက် နာဂစ်ဒေသ ဘိုကလေးမြို့မှာ လိုအပ်နေသော ယိမ်းယိုင်နေသော ပညာရေးအတွက် ပညာပါရမီ ကုသိုလ် ရယူလိုပါတယ်ဆိုရင် အရှင်ပဏ္ဍိတဘိက္ခု၊ ဓမ္မိကာရုံ(ဒွါရ)ကျောင်း၊ ပေါ်ဆန်းမွှေးလမ်း၊ ၄ ရပ်ကွက်၊ ဘိုကလေးမြို့၊ ဖုန်း- ၀၄၅၄၅၁၂၅ သို့၎င်း၊ သီရိမင်္ဂလာကျောင်း သာဓုတိုက်၊ နတ်စင်လမ်းမှတ်တိုင်၊ ကြည့်မြင်တိုင်၊ ဖုန်း-၀၉၅၁၁၈၃၉၇(ရန်ကုန် တနင်္လာမှ-ကြာသပတေး-ရှိမည်)သို့၎င်း ဆက်သွယ်၍ ပညာပါရမီ ကုသိုလ် ရယူနိုင်ပါတယ်။

Friday, February 27, 2009

ပြည်သူအတွက် အားတက်ဖွယ် (သို့) ဧရာဝတီတိုင်း၊ ဘိုကလေးမြို့တွင် တနင်္ဂနွေ သင်တန်းကျောင်းဖွင့်ခြင်း




ဗုဒ္ဓမြတ်စွာသည် သတ္တ၀ါတို့၏ ချမ်းသာဖို့အကျိုးငှာ ပွင့်တော်မူလာ၏။ ချမ်းသာ ဟု ဆိုရာတွင် နောက်ဘ၀ရောက်မှ ရရှိမည့် ချမ်းသာမျိုးသာမက ဤဘ၀တွင်ပင် ရနိုင်သော ချမ်းသာမျိုးလည်း ပါဝင်သည်။

ခေတ်လူအချို့က ဗုဒ္ဓမြတ်စွာ၏ တရားတော်သည် ဟိုဟာမလုပ်ရ၊ သည်ဟာ မလုပ်ရ ဟူသော ပညတ်ချက်တွေကြောင့် လူကို မတက်ကြွစေဘဲ ထုံထိုင်း ဖျင်းအ အောက်ကျ နောက်ကျဖြစ်စေ၏ ဟု ယူဆ၍ တိုင်းပြည်ထူထောင်ရာတွင် ဗုဒ္ဓတရားတော်ကို ကြဉ်ဖယ်လိုကြသည်။

ထိုသူတို့အား ဗိမ္ဗိသာရမင်း၊ ဓမ္မာသောကမင်း၊ ဒုဋ္ဌဂါမဏိမင်း တို့နှင့် သီဟ စစ်သူကြီး ၊ မင်းကြီးရန်နောင်စသော ဗုဒ္ဗဘာသာခေါင်းဆောင်တို့ကို ညွှန်ပြလိုပါသည်။

ဗိမ္ဗိသာရမင်း။ ။ ဗိမ္ဗိသာရမင်းသည် မိမိကိုယ်တိုင် သောတာပန်ဖြစ်ပြီးလျှင် ဘုရားရှင်ကို ဝေဠုဝန်ကျောင်း ကျောင်းတော်တွင် ကိုးကွယ်ကာ ကြီးစွာသော စစ်တပ်ဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပါသည်။

ထိုမင်းလက်ထက်တွင်

(က) သူပုန်ထသောကြောင့် စစ်တပ်ကိုလွှတ်ရသောကိစ္စ

(ခ) သူပုန်အနှိမ်သွားခါနီးမှ ရဟန်းပြုကြသောစစ်သားအချို့၏ မတရားမှုကြောင့် ဥပဒေပြုရသောကိစ္စ၊

(ဂ) အခါကြီး နေ့ကြိးများတွင် သားငါးမသတ်ရ ဟု ကြွေးကြော်ရသောကိစ္စ၊ဤကိစ္စကို ထောက်ထား၍ နေ့ကြီး ရက်ကြီးမဟုတ်သောနေ့များတွင် သားငါးနှင့် စပ်၍ ဖြစ်ပုံကို စဉ်းစားနိုင်သည်၊ ဤကိစ္စများဖြစ်ခဲ့ရသည့် အပြင်

(ဃ) တရားသူကြီးတို့က ရာဇ၀တ်သားကို တံကျင်လျှို၍ သတ်ရမည် ဟု အမိန့်ချသောကြောင့် ကာက၀လ္လိယဇာတ် ဟု သိနေကြသော ကာဠ ၀ဠိယ ဇာတ်လည်း ထိုဗိမ္ဗိသာရမင်း၏ လက်ထက်မှာပင် ဖြစ်ခဲ့ရသည်။

ဒုဋ္ဌဂါမဏိမင်း။ ။ ဒုဋ္ဌဂါမဏိ အဘယမင်းကား မိမိကိုင်နေကျ လှံထိပ်ဝယ် ဗုဒ္ဗမြတ်စွာ၏ ဓာတ်တော်ကို ဌာပနာထားလေသည်။ ထိုမင်းသည် သာသနာ့အဆောက်အအုံတွေကို ဖျက်စီးနေသော သာသနာ့ ရန်သူများကို စစ်ထွက်ကာနီးဝယ် အရွယ်ကောင်းသော ရဟန်းတော်ငါးရာတို့ကို ပင့်၍ သွားလေသည်။ ထိုအခါတွင် အမြဲ အဓိဋ္ဌာန်သော ဆောင်ပုဒ်ကား

ငါ့တွက်မြားမြောက် ချမ်းသာရောက်ဖို့

ခုလောက်ကြိုးကုတ် အားမထုတ်ဘူး၊

ဗုဒ္ဗမြတ်စွာ သာသနာ၏

ရှည်ကြာအဓွန့် ရောင်လျှံကွန့်ဖို့

စွန့်စွန့်စားစား ငါကြိုးစားသည်

ငါ့အားစိတ်ဝယ် အမြဲတည်း။

ဓမ္မာသောကမင်း။ ။ ဓမ္မာသောကမင်းကား ဗုဒ္ဗတရားတော်ကို ယုံကြည်၍ သာသနာပြုမင်းဖြစ်သော အခါ လူနှင့်ဆိုင်သော ကိုယ်ကျင့်တရားကို အနှံ့အပြား ကျောက်တိုင်စိုက်စေပြီးခါမှ တိုင်းပြည်အုပ်ချုပ် ရာဝယ် ရှေးကထက် လွယ်ကူကြောင်းကို တွေ့ရပါသတဲ့။

စစ်သူကြီးနှင့် မင်းကြီး။ ။ သီဟ မည်သော စစ်သူကြီးကား မိမိက သောတာပန်ဖြစ်သော်လည်း စစ်သေနာ ပတိအဖြစ်ဖြင့် စစ်တပ်ကို ဦးစီး ခဲ့ပါသည်။ မင်းကြီးရန်နောင်၏ သာသနာဖျက် သူပုန်မင်းကို ဘာသာဝင် မူးမတ်များနှင့်အတူ နှိမ်နှင်း၍ ဗုဒ္ဗဘာသာကို ကယ်တင်ခဲ့ခြင်းမှာလည်း ရာဇ၀င်အထင်အရှားပင်တည်း။

ဤသို့ ရှေးဗုဒ္ဗဘာသာဝင်တို့၏ တိုင်းပြည်အုပ်ချုပ်၍ အလုပ် လုပ်ပုံကို လေ့လာကြည့်သောအခါ ရှေးရှေး ဓမ္မသတ်ဥပဒေအတိုင်း အုပ်ချုပ်ရာတွင်လည်းကောင်း၊ ကယ်တင်မှု လုပ်ရတွင်လည်းကောင်း၊ ဗုဒ္ဗဘာသာက အနှောက်အယှက် မပေးခဲ့ကြောင်းကို တွေ့ရပါသည်။

ခေတ်လူငယ်အချို့ကား ဗုဒ္ဗတရားတော်သည် လောကီဘက်က တိုးတက်နေသော ယခု ကမ္ဘာဝယ် လိုက်မမှီနိုင်တော့ဟု ယူဆကြ၏။ ဗုဒ္ဗမြတ်စွာ၏ တရားတော်တွင် မည်သည့် တရားတော်က လောကီကြီးပွါး ရေးကို တားမြစ်ပါသနည်း။ မင်္ဂလာတရားဟူသည် ခုဘ၀ နောက်ဘ၀ နှစ်ဌာနလုံးတွင်ပင် ကြီးပွါးချမ်းသာကြောင်း တရားဖြစ်ပါသည်။။ ထိုမင်္ဂလာတရားတော်တွင်

(က)ဗာဟုဿစ္စဉ္စ-အကြားအမြင် အတွေ့အကြုံ များရခြင်း ဟု ပါရှိ၏။ ယခုခေတ် သုတေသန လုပ်ခြင်းမျိုးပင်တည်း။ ထို ဗာဟုဿစ္စဉ္စ မင်္ဂလာသည် မည်ရွေ့မည်မျှသော သုတေသန လုပ်ရမည်ဟု ကန့်သက်ချက် မရှိရကား သုတေသန လုပ်ရာတွင် ခေတ်အလိုက် ကျယ်ကျယ်ပြန့်ပြန့်ုလုပ်နိုင်ကြောင်း သိသာပါသည်။ ထို့ကြောင့် ယခုအခါတွင် ကောင်းကင်သို့ ဂြိုလ်တု လွှတ်၍ သုတေသနပြုခြင်း၊ မြေရေ တို့တွင် သုတေသနပြုခြင်းများသည် ဗာဟုဿစ္စဉ္စ မင်္ဂလာပေတည်း။

(ခ) သိပ္ပဉ္စ-သိပ္ပံပညာ အဖြာဖြာကိုတက်ရခြင်း ဟုလည်း ပါရှိသည်။ ထို သိပ္ပံပညာတက်မြောက်ခြင်း မင်္ဂလာသည်လည်း မည်သည့်သိပ္ပံပညာဟု ပိုင်းခြား ကန့်သက်ချက်မရှိ၊ ခေတ်အလိုက်ပေါ်ပေါက်လာသော ပညာအရပ်ရပ်ကိုပင် တက်မြောက်ရခြင်း ဟု ဟောတော်မူလိုရင်ပင် ဖြစ်သည်။

ဗုဒ္ဓ မြတ်စွာတရားတော်သည် လောက ကြီးပွါးရေးကို မတားမြစ်သည့်အပြင် စနစ်တကျ အားပေးသော တရားဖြစ်ကြောင်းကို ဗုဒ္ဓ၏ ကြီးပွါးရေးနှင့်ပက်သက်သော တရားတော်တို့ကို လေ့လာခြင်းအားဖြင့် သိနိုင်ပါသည်။

ထိုကဲ့သို့ ယခုဘ၀ကြီးပွါးရေးကို အားပေးရုံသာမက သတ္တိနှင့် ဇွဲကိုလည်း အမြဲအားပေးရာ ရောက်ပါသည်။ ထင်ရှားစွာ ပြရမည်ဆိုလျှင်- ဗုဒ္ဓတရားတော်များတွင် အလောင်းတော်ဘ၀တုံးက (အများသိဖြစ်သော မဟောသဓာတို့လို ဘ၀တုံးက) မကြောက်မရွံ့ ရဲဝံ့သောသတ္တိ၊ နောက်မဆုတ်သော လုံ့လ ၀ီရိယဇွဲတို့ကို ကြားဖူးနေရသောကြောင့်လည်းကောင်း၊ အမရာဒေ၀ီ မဒ္ဒီမိဖုရားတို့လိမ္မာပုံ၊ သတ္တိရှိပုံကို ကြားနေရသောကြောင့်လည်းကောင်း၊ ထိုအလိမ္မာ ထိုသတ္တိများ ကူးစက်နေရကား ဗုဒ္ဗဘာသာဝင် အမျိုးသား အမျိုးသမီးတို့တွင် အလိမ္မာနှင့် ဇွဲသတ္တိမှာ အခြားဘာသာဝင်များထက် များသော အားဖြင့် သာတက်ပါသည်။

ဗုဒ္ဓဘာသာဝင်တို့၏ အားအရဆုံးသတ္တိကား အကောင်း အဆိုး လောကဓံနှစ်မျိုးနှင့် တွေ့ကြုံလာလျှင် ခံနိုင်ခြင်း၊ သေရမည်ကို လွန်လွန်ကဲကဲ မကြောက်တက်ခြင်းတည်း။ ထိုသို့ သတ္တိရှိခြင်း မှာလည်း မိမိတွင်ရှိသော သီလ ဒါနတို့ကို အားကိုးသည့်အပြင် အားလုံး အရာဝတ္ထု ရုပ်နာမ်အ၀ုသည် ပျက်စီးရမည့် အနိစ္စတရားချည်းသာ ဖြစ်၏ ဟု ကြားသိနေရသော မိရိုးဖလာဘာဝနာကြောင့်လည်းဖြစ်၏။

ဤသို့လျှင် ဗုဒ္ဓဘာသာဝင်ဖြစ်သူသည် တရားပြည့်ဝလေ သတ္တိထက်လေဖြစ်ရကား ဗုဒ္ဓတရား တော်သည် အလျော့ဘက် အပျော့ဘက်ကို အားမပေးဘဲ စာရိတ္တနှင့်တကွ အတင်းဘက် အတိုးဘက်ကိုသာ အားပေးပါသည်။

သို့ပါလျက် ဗုဒ္ဓ၏အလိုတော်ကို မသိသောလူအများသည် မိခင်ဖြစ်သော ဗုဒ္ဓတရားတော်ကို ကျော်၍ ဒွေးတော်ဝါဒတို့ဖြင့် လွပ်လပ်ပြီး နိုင်ငံကို ထူထောင်လာခဲ့ကြရာ ယခုတိုင်အောင် အသားမကျသေးဘဲ စာရိတ္တပျက်မှုတည်းဟူသော ဆူးငြောင့်တွေသာ ပြန့်ကြဲနေပါတော့သည်။

ထို့ကြောင့် နိုင်ငံကိုထူထောင်ထိန်းသိမ်းရာဝယ် အထောက်အကူရပါစေတော့ ဟု သဘောထား၍ ကြီးမားသော အမျှော်အမြင်ဖြင့် စီစဉ် ရေးသားထားအပ်သော ဆရာတော် အရှင်ဇနကာဘိဝံသ၏ ကျမ်းစာ အမှတ်(၂၆) ဗုဒ္ဓဘာသာ သင်္ခန်းစာကို အမှီပြု၍လည်းကောင်း၊ သီဟို(သီရိလင်္ကာ)နိုင်ငံ၏ ဘာသာရေးအုပ်မြစ် ခိုင်မာအောင် စွမ်းဆောင်နိုင်ကြသော သီဟိုဠ်သံဃာတော်များ၏ Sunday School တည်ထောင်နည်းစံနစ်၊ သင်ကြားပုံနည်းစံနစ်များကို အခြေခံ၍လည်းကောင်း ဤ တနင်္ဂနွေကျောင်းကို ဖွင့်လှစ်နိုင်အောင် ကြိုးစားခဲ့ခြင်းဖြစ်ပါသည်။

Monday, February 2, 2009

ဇိတံမေ(အောင်ပြီ)နိဒါန်း

ဇိတံ မေ (ငါ အောင်ပြီ) လို့ ဘုရားရှင်က ကိလေသာမာန် ကိုယ်တွင်းရန်ကို အောင်တော်မူချိန်မှာ ကြွေးကြော်ခဲ့တာပါ၊ ကျွန်တော်လဲအောင်တော့ အောင်ပါပြီ၊ ကိုယ်တွင်းရန်တော့မဟုတ်၊ ရွာတွင်းရန်ပါ၊ ခတ်ခဲလှတဲ့ ၀ဘ်ဆိုဒ် ဖွင့်နည်းကို ကျွန်တော် ရခဲ့တယ်၊ ခုထားတဲ့ တုံးတစ်တုံးကို ကျွန်တော် ကျော်လွှားနိုင်လို့ အခုလို ကြွေးကြော်လိုက်တာပါ၊ နောက်ဆို ရွာအကြောင်း တစေ့တဆောင်း တင်ပြနိုင်အောင် ကြိုးစားပါ့မယ်၊ လောလောဆယ်တော့ ရှိတဲ့အဟောင်းလေးတွေကိုပဲ ပြန်ဖတ်ရင်း စောင့်နေပါဦးလို့၊
ဘိက္ခုပဏ္ဍိ(လင်္ကာဒီပကျောင်းသား)

Tuesday, January 27, 2009

ကြုံရခဲတဲ့ ဒုလ္လဘပွဲ(စင်္ကာပူ) ၂





စင်္ကာပူရောက်ခိုက် တရုတ်နှစ်ကူးပွဲနဲ့ တိုက်ဆိုင်၊ တည်းခိုတဲ့ ဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်ကျင်းပတဲ့ မြန်မာ့ရိုးရာ ဒုလ္လဘရဟန်းခံပွဲနဲ့ ဆက်လို့ မှတ်တမ်းသဘောမျိုး ရေးခဲ့တယ်၊ ဒီနေ့ဆိုရင် ဒုလ္လဘရဟန်းတွေ အသီးသီး အိမ်ပြန်ကြတော့မှာပါ၊ နောက်နေ့ဆို ပုံမှန်အတိုင်း လုပ်ငန်းခွင် ပြန်ဝင်ကြရတော့မယ်လေ။ သူတို့တွေရဲ့ ရခဲတဲ့ အားလပ်ရပ်တွေမှာ ရခဲတဲ့ အခွင့်အရေးကို ယူပြီး လူအများစု မလုပ်နိုင်တဲ့ သာသနာ့ တာဝန်ကို ဘယ်လို ထမ်းဆောင်ခဲ့ကြသလဲဆိုတာ အခု ပြောပြပေးမယ်။
အကြောင်းအရာ စပ်မိအောင် ပြန်တွဲပြရမယ်ဆိုရင်တော့ ၂၃ ရက်နေ့ ညနေပိုင်း ဆံချ၊ သင်္ကန်းတောင်း၊ ကိုရင်ဝတ်ကြပြီး နောက်နေ့ ၂၄ရက်နေ့မှာ သိမ်တက်ပြီး မြင့်မြတ်တဲ့ ရဟန်းဘောင်ကို ရောက်ရှိပါတယ်၊ ကိုရင်ဘ၀တုံးကတော့ သရဏဂုံ ဆောက်တည်ပြီး ဆယ်ပါးသီလ ခံယူ၊ ၁၀၉ ပါးသော ရှင့်ကျင့်ဝတ်ကို ဆောက်တည်ရတယ်။ ရဟန်းသိက္ခာတော်တွေကတော့ သီးသန့် ခံယူစရာမလိုတော့ပါဘူး၊ ဒါက ဘုရားရှင်ရဲ့ ချမှတ်တော်မူ ထူးခြားချက် တစ်ခုပါ၊ သိမ်အတွင်းမှာကတည်းက ရဟန်းမဖြစ်ခင် သာမဏေကို မေးမြန်းစရာရှိတဲ့ မေးခွန်းတွေ မေး၊ တာဝန်ယူရမယ့် ဆရာသမားကို အပ်နှံပြီး ကမ္မ၀ါစာ လို့ခေါ်တဲ့ ရဟန်းပြုရမယ့် လုပ်ထုံးလုပ်နည်းကို သံဃာတော်တွေက ရွတ်ဆိုပြီး နောက်ဆုံး ဓာရယာမိ ဆိုတဲ့ စာလုံး ဆုံးတာနဲ့ တပြိုင်နက်ထည်းမှာ ကျင့်သုံးရမယ့် သိက္ခာပုဒ် ၂၂၇(အကျဉ်း)တွေ အလိုအလျှောက် တည်သွားပါပြီ။
ခဏတာ နေရမယ့် ဘုရားသာသနာတော်မှာ လိုက်နာစောင့်ထိန်းရမယ့် စည်းကမ်းတွေ၊ ကျင့်ဆောင်ရမယ့် ၀တ္တရားတွေ၊ အလွန် များလှပါတယ်။ စာပေ ပရိယတ် ကျင့်ကြံပြီး လေ့လာမယ့် သံဃာတော်တွေအတွက် ပရိယတ္တိလုပ်ငန်း၊ တရားဘာဝနာအားထုတ်ပြီး ချမ်းသာကို ရှာကြမယ့် သံဃာတော်တွေအတွက် ပရိပတ္တိလုပ်ငန်းရယ်လို့ အဓိက သာသနာ့တာဝန် နှစ်ခု ရှိတဲ့အနက် သုံးရက်တာ နေစဉ်ကာလအတွင်းမှာ ထိုတာဝန်နှစ်ခုစလုံးကို ထမ်းဆောင်နိုင်အောင် ဓာတ်တော်တိုက် (ရွှေတိဂုံအသင်းတော်)ဆရာတော်ကနေ သေချာ စီစဉ်ပြီး နေ့စဉ်တာဝန်တွေ ချမှတ်ပေးထားခဲ့တယ်၊ ကျင့်ဆောင်ရမယ့် ၀တ္တရားတွေကို မဟာဂန္ဓာရုံဆရာတော်ရဲ့ မူအတိုင်းချမှတ်ပေးခဲ့တယ်၊ ဒါကလည်း တူညီတဲ့ ၀တ္တရားရှိအောင် စီစဉ်ရလို့ပါ၊ တရားအားထုတ်ပုံတွေကတော့ နည်းမျိုးစုံ ဘယ်လိုရှိရှိ၊ ချမ်းသာသလို ကျင့်ဆောင်ဖို့ ခွင့်ပြုထားပါတယ်။ အဓိကကတော့ ဘုရားဟော နည်းအတိုင်းဖြစ်ရမယ်ပေါ့။
ဆရာတော်ကိုယ်တိုင် စီစဉ်ပေးထားခဲ့တဲ့ ဒုလ္လဘ ရှင်ရဟန်းများအတွက် တစ်နေ့တာ ကျင့်စဉ်ကို အကျဉ်းမျှ ဖေါ်ပြရင်--
၁။ နံနက် အိပ်ယာမှ နိုး နိုးခြင်း သတိကို စိတ်မှာကပ် ဗုဒ္ဓါနုဿတိနှင့် ဖြစ်ပျက်ရှုခြင်း။
(တစ်နှစ်ပတ်လုံး လိုချင်မှုလောဘ၊ လိုချင်တာမရလို့ ဖြစ်ပေါ်တက်တဲ့ဒေါသနဲ့ အဲဒီနှစ်ခု လွမ်းမိုးလာရင် အကောင်းအဆို အကြောင်းအကျိုးကို ဘာမှ မမြင်တက်တဲ့မောဟ သဘောတရားတွေဟာ အခု ဒုလ္လဘ ရဟန်းတော်တွေရဲ့ သန္တာန်မှာ ကိန်းအောင်နေမှာပါ၊ အဲဒါတွေကို အခုလို ခဏတာသာသနာ့တာဝန်ကို ထမ်းဆောင်ချိန်မှာ မဖြစ်ပေါ်ရလေအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ အစားထိုးအာရုဏ် တစ်ခု စီစဉ်ပေးထား တယ်လေ၊ ဘုရားရှင်ကို စိတ်ထဲမှာ အမြဲ မြင်နေအောင်၊ ဘုရားရှင်ရဲ့ သတ္တ၀ါတွေအပေါ်ထားရှိတဲ့ ကျေးဇူးတော်တွေရဲ့ ဂုဏ်တော်တွေကို စိတ်ထဲမှာ မြဲနေအောင် ဂုဏ်တော်လေးတွေ ပွါးနေမယ်ဆိုရင် မကောင်းတဲ့ လောဘ ဒေါသ မောဟတွေ နဲနိုင်သမျှ နဲသွားမယ်၊ ကျဲနိုင်သမျှ ကျဲသွားမယ်၊ အဲဒီ ကိလေသာ အပူမီတွေ လျော့လေလေ၊ စိတ်ချမ်းသာမှု ရလေလေပါ၊ စိတ်ချမ်းသာမှု ရမှ တရားထူးဆိုတာ ပေါ်လာမှာပါ။ ဒါ့ကြောင်မို့လို့ ဆရာတော်က အိပ်ယာထလျှင် ဘုရားရှင် ဦးတင်လက်အုပ် ချီရမယ်၊ ချီရင်းချီရင်း ပျက်ယိုယွင်း နာမ်တွင်း သတိထားရမယ် ဆိုတဲ့အတိုင်း အိပ်ယာမှ နိုး နိုးခြင်း ပက်လက်ပဲဖြစ်ဖြစ်၊ စောင်းလျှက်ပဲဖြစ်စေ ၀ိပဿီ၊ သိခီ၊ ဝေဿဘူ၊ ကက္ကုသံ၊ ကောဏာဂုမ်၊ ကဿပ၊ ဂေါတမ ဘုရား (၇)ဆူအား အာရုံပြုပြီးတော့ နဖူးပေါ်(သို့မဟုတ်) ရင်ဘက်မှာ လက်အုပ်ချီပြီး သောဟံ နမော ဘဂ၀တော နမော သတ္တန္နံ သမ္မာ သမ္ဗုဒ္ဓါနံ လို့ ရွတ်ဆိုပြီး ခန္ဓာကိုယ်တွင်း ဖြစ်ပျက်နေတဲ့ နာမ်တရားရုပ်တရားတွေကို ရှုပါ။ သတိထားပြီး အလေ့အကျင့်လုပ်ယူပါ။ နောက်ပိုင်း အလေ့ကျင့်များလာတာနဲ့အမျှ အလိုလို သတိယှဉ်ပြီး ဖြစ်သွားပါလိမ့်မယ်။ လူ့ဘ၀ဆိုတာ တိုတောင်းလှတဲ့ ဘ၀လေးပါ။ အဲဒီဘ၀လေးကို ရခိုက်အချိန်လေးမှာ အခုလို ကောင်းတဲ့ အကျင့်တွေကို ဆက်လက် ပြုကျင့်နိုင်ကြမယ်ဆိုရင် သင်ရဟန်းတို့အတွက် ဘ၀ကောင်းကျိုးတွေ ခံစားလာရမယ်၊ ဧဟိ ပဿိက(လာစမ်းပါ၊ မယုံရင် လက်တွေ အခုဘ၀မှာပဲ လုပ်ကြည့် ကျင့်ကြည့်စမ်းပါ)လို့ ရဲဝံ့တဲ့ မြတ်စွာဘုရားရဲ့ စိန်ခေါ်သံ လို မြတ်စွာဘုရားသားတော်ပီပီ ရဲဝံစွာ အာမခံချက် တစ်ခုပါ။ လို့ နံပါတ်တစ် နေ့စဉ်ကျင့်ဝတ်ကို ချမှတ်ပေးထားတယ်လေ။
၂။ ကိုယ်လက် မျက်နှာ သန့်ရှင်း၍ သတိထားကာ မေတ္တာ ဘာဝနာ ပွါးများပြီး ဖြစ်ပျက်ရှုခြင်း။
မျက်နှာသစ်လျှင် ရေကိုမြင် ကြည်လင်မေတ္တာ ပွါးရမယ်၊ ပွါးရင်း ပွါးရင်း ပျက်ယိုယွင်း နာမ်တွင်း သတိထားရမယ် ဆိုတဲ့အတိုင်း မျက်နှာသစ်၍ ရေကိုမြင်တိုင်း ရေသည် အေးမြ ကြည်လင်သလို သတ္တ၀ါ အားလုံး ရေလို အေးမြ၍ ကိုယ်ရော စိတ်ပါ ကြည်လင် ချမ်းမြေ့ကြပါစေ ဟု လှိုက်လှိုက်လှဲလှဲ စိတ်ပါ လက်ပါ မေတ္တာ ဘာဝနာ ပွးများပါ။ ပွါးရင်း ပွါးရင်း အခုလေးတင်ပဲ ပွါးနေတဲ့ စိတ်က အခု မရှိတော့ဘူး၊ ပျောက်သွား၊ ပျက်သွားပြီး စသည်ဖြင့် ဖြစ်ပျက်ရှုပါ၊ အဲဒါကြောင့် ဘယ်အရာမှ မမြဲ အနိစ္စပါတကား ဟု ဆင်ခြင်ပွါးများပါ။
ဟုတ်ပါတယ်။ လူဆိုတာ တစ်နေ့တာ ပင်ပန်းကြလို့ အိပ်စက်အနားယူပြီး နောက်တနေ့ ပြန်လည် နိုးထလာကြတိုင်း အညစ်အကြေးတွေကို ဆေးကြောသုတ်သင်၊ လန်းဆန်းသွားအောင် မျက်နှာကို စင်ကြယ်အောင် ရေကို အသုံးပြုကြရပါတယ်။ ရေဆိုတဲ့ ဓာတ်က အေးမြတဲ့သဘောကို ဆောင်တယ်လေ။ နေ့စဉ် ထိတွေ့ရတဲ့ အခါတိုင်းမှာ အဲဒီအချိန်လေးမှာပဲ ရေ အေးသလို သတ္တ၀ါတွေ အားလုံးအေးမြကြပါစေ။ စိတ်ချမ်းသာကိုယ်ကျမ်းမာစွာနဲ့ မိမိတို့ရဲ့ တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင် နိုင်ကြပါစေ လို့ စိတ်ပါ လက်ပါလေး ပို့တက်တဲ့ အလေ့အကျင့် မွေးရမယ်။ ဒီနေရာမှာ မေတ္တာပို့တာနဲ့ ပက်သက်လို့ နှစ်ခု ပြောချင်တယ်၊ ရှေးတုံးက ကပ္ပိယကြီး တစ်ယောက်မေတ္တာပို့သလို ဖြစ်မှာ စိုးလို့ပါ။ နေ့စဉ် ဘုရားရှိခိုးတိုင်း ကြေးစည်လေး တနှောင်နှောင်နဲ့ မေတ္တာပို့နေကျပါ၊ တစ်နေ့တော့ ရွာတောင်ပိုင်းကို သွားရင်း ချက်ကြီးဆိုတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ စကားများ ရန်ဖြစ်လာခဲ့တယ်၊ နောက်နေ့ မိုးလင်း ကြေးစည်တီးပြီး မေတ္တာအပို့မှာတော့ သတ္တ၀ါတွေ အားလုံး ကျမ်းမာ ချမ်းသာ ကြပါစေ၊ ဘေးရန်တွေ အေးချမ်းကြပါစေ စသည် မေတ္တာ ပို့ပြီးအဆုံးမှာ ရွာတောင်ပိုင်းက ချက်ကြီးတစ်ယောက် မပါ လို့ ချွင်းချက် ချန်ထားခဲ့လေရဲ့၊ ဆိုလိုရင်းကတော့ တစ်နေ့တာ ကာလ အချိန်တိုလေးအတွင်းမှာ စီးပွါးရေးကိစ္စ လူမှုရေးကိစ္စတွေနဲ့ လုံးပန်းပြိး မကျေနပ်တာတွေ အဆင်မပြေခဲ့တာတွေ ကိုယ်စီ ရှိခဲ့ကြမှာပါ၊ အဲဒီ မကျေနပ်တာတွေကို မေတ္တာပို့နေစဉ်မှာ မမြင်မိစေဖို့၊ မြင်မိ ကြားမိနေပြီဆိုရင်လည်း အဲဒီလို သူတွေကို ကိုယ့်စိတ်ထဲက ကြေအေး ခွင့်လွှတ်၊ ဖြူစင်တဲ့ စိတ်ကလေးနဲ့ ပို့သလိုက်တဲ့ မေတ္တာကြောင့် သူ ကြားသည် ဖြစ်စေ မကြားသည်ဖြစ်စေ ကိုယ့်စိတ်ထဲမှာတော့ ဒေါသ မာန်မာနဆိုတဲ့ အပူတွေနဲနဲ လျော့သွားလေ၊ စိတ်ချမ်းသာမှုဆိုတဲ့ အေးမြတဲ့ဓာတ်က ပိုကဲ လာလေပါ။ ၀စီကံ မေတ္တာသာ တာဝန်အရ ပို့လွှတ်ပြီး မနောကံ မေတ္တာလို့ ခေါ်တဲ့ စိတ်ထဲက မပါရင် ဆားမပါတဲ့ ဟင်းလို့ ပေါ့ရွှတ်ရွှတ်ပဲ ရှိတော့မှာပေါ့။
နောက်တစ်ခုကတော့ မေတ္တာပို့တဲ့နေရာမှာ အမူအရာ သုံးခုရှိသေးတယ်၊ စကားနဲ့ ရွတ်ဆိုပြီး ပို့ရတဲ့ ၀စီကံမေတ္တာ၊ ကိုယ်ထိလက်ရောက် သတ္တ၀ါတွေ ချမ်းသာစေဖို့ ဆိုပြီး ပို့သတဲ့ ကာယကံမေတ္တာ။ ဥပမာ သတ္တ၀ါတစ်ကောင် ထောင်ခြောက်ထဲမှာ မိနေတာကိုတွေ့တယ်၊ အဲဒါကို ကြည့်ပြီးတော့ ကျမ်းမာပါစေ ချမ်းသာပါစေ၊ ဘေးရန်က လွတ်ပါစေလို့ စိတ်ပါလက်ပါ နှုတ်ကလဲ ရွတ်ပြီး ပို့ပါသော်လည်း ကိုယ် စိတ်ပါတဲ့အတွက် ကိုယ့်အတွက်တော့ အရင်အေးမြတဲ့ သုခ ခံစားရပေမယ့် အဲဒီသတ္တ၀ါအတွက် အချုပ်နှောင်က မလွတ်သေးတဲ့အတွက် ချမ်းသာရာ မရဘူးလေ၊ ဒါ့ကြောင့် ကာယကံမေတ္တာနဲ့ ထိရောက်အောင် လွှတ်ပေးမယ်၊ လွတ်အောင် တနည်းနည်းနဲ့ ကြံဆောင်ပေးမယ်ဆိုရင် တကယ့် လက်တွေ့ ချမ်းသာကို ရမှာပေါ့။ နောက် ဆာလောင်နေတဲ့ သူတစ်ယောက် ကိုယ့်ရှေ့မှောက် ရောက်နေတယ်၊ စားစရာတစ်ခုခု ကျွေးလိုက်ခြင်းဆိုတဲ့ ကာယကံ ကုသိုလ်လေးပါ တွဲလိုက်မယ်ဆိုရင် နှစ်ဦးစလုံး မေတ္တာရဲ့အကျိုးခံစားရမယ်လေ။ အရေးကြီးဆုံးကတော့ ၀စီကံမေတ္တာပို့ပို့၊ ကာယကံမေတ္တာပဲ ပြုပြု စိတ်ပါလက်လက်လေးနဲ့ မနောကံ မဖြစ်မနေ တွဲဖက်ရမယ်လို့ ဆိုလိုပါတယ်။
နောက် အဲဒီလို ပွါးနေရင်းပဲ ပွါးနေတဲ့ စိတ်ကလေးကို ပြန်စစ်ကြည့်၊ ယခင် ပွါးတဲ့စိတ်နဲ့ အခု ပွါးလိုက်တဲ့စိတ် မတူတာကို သမာဓိအားကောင်းရင် ကောင်းသလောက် တွေ့ရမယ်၊ မမြဲတဲ့ အနိစ္စ သဘော၊ ကိုယ့်အလိုကို မဆောင်တဲ့ အနတ္တသဘော၊ ဆင်းရဲခြင်းဆိုတဲ့ ဒုက္ခသဘောလို့ ခေါ်တဲ့ လက္ခဏာရေး သုံးပါးကို ထင်မြင်အောင် နှလုံးသွင်းပါလို့ နံပါတ် (၂) နေ့စဉ်ကျင့်ဝတ်ကို ချမှတ်ပေးပြန်ပါတယ်။
ယခုလို ရှုခြင်းဟာ ရှေးပါရမီ(ယခုလို ပြုခဲ့ဘူးတဲ့ ရှေးကံ)အားနည်း လို့ ရဟန္တာ မဖြစ်သေးသော်လည်း နောက် ဘုရားသာသနာနဲ့ ကြုံတဲ့အခါ ပါရမီ ကုသိုလ်ထူးဖြစ်ပါတယ်။ အခုဘ၀မှာလည်း လောကီဘက်မှာ မေတ္တာအကျိုးအတိုင်း ကောင်းကျိုးခံစားရလိမ့်မယ်။
၃။ ဘုရားမျက်နှာသစ်တော်ရေ၊ သောက်တော်ရေများကို ဆက်ကပ် လှူဒါန်း ကုသိုလ်ယူ၍ ဘုရားဝတ်ပြုခြင်း။
ဒါကတော့ သာသနာ့ ၀န်ထမ်းတွေအတွက် ရှိခိုးရမယ်လို့ ဥပဒေ မချမှတ်ပေမယ့် မဖြစ်မနေ ပြုသင့်တဲ့ ကျင့်ဝတ် တစ်ခုပါ၊ ဘုရားရှင်ကသာ ဒါကတော့ ကုသိုလ် ဒါကတော့ အကုသိုလ် စသည် ဟောကြားမထားခဲ့ရင်၊ ကုသိုလ်ရဲ့ ကောင်းကျိုး အကုသိုလ်ရဲ့ မကောင်းကျိုးတွေကို ဒကာ ဒကာမတွေကို ဟောကြား ညွှန်ပြ မဆုံးမခဲ့ရင် ကျန်ခဲ့တဲ့အခု သာသနာမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဟန်းတော်တွေ အဖို့ လှူမယ့် သူ မရှိလို့ တရားအားထုတ်ဖို့ ခဲယဉ်းကြမယ်လေ။ အဲဒီကျေးဇူးလေးကိုပဲ အာရုဏ်ပြုပြီး ရှိခိုး ထိုက်နေပါပြီ။
၎။ သာသနာ့တာဝန် ထမ်းဆောင်နိုင်ရန် မေတ္တာပို့ ဆင်ခြင်၍ အရုဏ်ဆွမ်း ဘုဉ်းပေးကြခြင်း။
ကိုယ်နဲ့ ဆွေမတော် မျိုးမစပ် သဒ္ဓါတရားသက်သက်နဲ့ ဤဆွမ်းနဲ့ ပစ္စည်းလေးပါးကို လှူဒါန်းကြကုန်သော ဒါယကာ ဒါယိကာမ အပေါင်း နတ်အပေါင်းတို့ဘေးရန်ကင်းကွာ ကျမ်းမာ ချမ်းသာ ကြပါစေ။ ဒုက္ခ တွေ ငြိမ်းကြပါစေ၊ စီးပွါးတွေ အဆင်ပြေကြပါစေ၊ စသည်ကို ဆွမ်းအလှူခံနေစဉ်မှာပဲ မျက်လုံးကို မှိတ်ပြီး လှိုက်လှိုက်လှဲလှဲ မေတ္တာ ပို့သပြီး ဆင်ခြင် အမျှကြရမယ်။ နောက်ပြီး ဤဆွမ်းကို ဘုဉ်းပေးခြင်းဟာ ဆာလောင် မွတ်သိတ်ခြင်းကို ပယ်ဖျောက်ရုံ သာသနာ့တာဝန်ကို ထမ်းဆောင်နိုင်ဖို့သာ ရည်မှန်းပြီး သုံးဆောင်ပါ့မယ်လို့ အဓိဋ္ဌာန်ပြုကြရတယ်။ ပြုပြုသမျှ ကုသိုလ်အဖို့ကိုလည်း မိဘ ဆရာ သံဃာတော်ပေါင်း ဒါယကာ ဒါယိကာမ အပေါင်း နတ်အပေါင်းတို့အားလည်း အမျှ ပေးဝေကြဖို့ ကိုလည်း ချမှတ်ပေးပါတယ်။
၅။ ကျောင်းနဲ့ ပတ်ဝန်းကျင်ကို သန့်ရှင်း သေနာသန ကျင့်ဝတ်ကို ဖြည့်ကျင့်၍ ကုသိုလ်ပါရမီ ရယူခြင်း။
စိတ်ချမ်းသာမှုကို ပေးစေတဲ့အထဲမှာ ပတ်ဝန်းကျင် သန့်ရှင်းရေးက အဓိက ပါဝင်ပါတယ်၊ ခေတ္တခဏ ကျောင်းမှာ နေတုံး ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးကို ပြုလုပ်ရင်း ကုသိုလ်ရစေချင်တာလဲ နံပါတ် ၅ အချက်ပါ။
၆။ ခေတ္တ ဆင်ခြင်ပွါးများ အနားယူခြင်း။
ခြင်္သေ့ဆိုတဲ့ သတ္တ၀ါဟာ ရှေ့က သားကောင်းကို ဖမ်းဖို့အတွက် အားယူဖို့ နောက်ကို တစ်လှမ်း ဆုတ်တက် ပါတယ်၊ ကိလေသာတိုက်ပွဲဝင် ရှင်ရဟန်းတို့အတွက်လဲ အင်အားဖြစ်စေဖို့ အနားယူ ကျိန်းဆက် ကြတဲ့အချိန်ကလဲ မဖြစ်မနေ ချမှတ်ပေးရတဲ့သဘောပါ။
၇။ (၉း၀၀)မှ (၁၀း၀၀)ထိ တရားထိုင် ရှုပွါးနည်းကို နာယူ ပွါးများခြင်း။ (ပရိပတ္တိလုပ်ငန်း)
၈။ (၁၀း၀၀)မှ (၁၀း၃၀)ထိ ကျက်မှတ်စရာရှိသော ဗုဒ္ဓစာပေများကို ကျက်မှတ်ခြင်း။(ပရိယတ္တိလုပ်ငန်း)
၉။ ရေချိုးခြင်း(၁၀း၃၀)မှ (၁၁း၀၀)ထိ ရေချိုးတိုင်း ဤရေသည် အေးမြပြီး ကိုယ် လက် စသည်ကို သန့်ရှင်းကြည်လင်စေသလို သတ္တ၀ါများလည်း ရေလို အေးမြပြီး ကိလေသာ အညစ်အကြေးမှ ကင်း၍ ကိုယ်ရောစိတ်ပါ ကြည်လင် သန့်ရှင်းကြပါစေ ဟု မေတ္တာပွါး၍ ဖြစ်ပျက်ရှုခြင်း။
၁၀။ (၁၁း၁၅)မှ (၁၂း၀၀)ထိ သာသန တာဝန် ထမ်းဆောင်နိုင်ရန် မေတ္တာပို့ ဆင်ခြင် အမျှဝေ၍ နေ့ဆွမ်းဘုဉ်းပေးခြင်း။ (အရုဏ်ဆွမ်းဘုဉ်းပေးနည်းတူ မေတ္တာပွါးခြင်း)
(အစ္ဆရသင်္ဃာတမတ္တမ္ပိ ဘိက္ခဝေ မေတ္တစိတ္တံ ဘာဝေထ၊ ရဋ္ဌပိဏ္ဍံ ဘုဉ္ဇတိ)
၁၁။ (၁၂း၀၀) မှ (၁၂း၃၀)အထိ ဆင်ခြင်ပွါးများ၍ အနားယူခြင်း။
၁၂။ (၁း၀၀)မှ (၂း၀၀)အထိ မိမိ သင့်လျော်အဆင်ပြေမည့် နေရာမှာ သင့်လျော်သလို ဗုဒ္ဓစာပေများကို လေ့လာကျက်မှတ်ခြင်း။
၁၃။ (၂း၀၀) မှ (၃း၃၀) သက်သာသလို တရားနှလုံးသွင်း ပွါးများခြင်း။
၁၄။ (၃း၃၀)မှ (၅း၀၀)အထိ ဗုဒ္ဓစာပေများကို ကျက်မှတ်ခြင်း(ပရိယတ္တိလုပ်ငန်း)
၁၅။ (၅း၀၀)မှ (၆း၀၀)အထိ သမဂ္ဂအချင်းချင်း အကျိုးရှိမည့်အပြစ်မရှိသော စကားပြောဆိုဆွေးနွေးခြင်း။
၁၆။ (၆း၀၀)မှ (၇း၃၀)အထိ ကျောင်းနှင့် ပတ်ဝန်ကျင်ကို သန့်ရှင်းခြင်းသေနာသန၀ကျင့်ဝတ်ကို ဖြည့်ကျင့်၍ ကုသိုလ် ပါရမီကို ရယူခြင်း။
၁၇။ သာသနာ့တာဝန်ကို ထမ်းဆောင်နိုင်ရန် ဆေးအဖြစ် မေတ္တာပို့ ဆင်ခြင် အမျှဝေ၍ ဖျော်ရည် ဘုဉ်းပေးခြင်း။ အလှူရှင်တို့ကို မေတ္တာပို့ အမျှဝေခြင်း။
၁၈။ (၇း၃၀)မှ (၈း၀၀)အထိ ဆင်ခြင်ပွါးများ ခေတ္တ အနားယူခြင်း။
၁၉။ (၈း၀၀)မှ (၉း၀၀)အထိ ဘုရားဝတ်ပြုရှိခိုးခြင်း။
၂၀။ (၉း၀၀)မှ (၁၀း၀၀)ထိ စင်္ကြန်လျှောက်၍ တရားနှလုံးသွင်း ပွါးများခြင်း။
၂၁။ (၁၀း၀၀)မှ စ၍ တရားနှလုံးသွင်း ဆင်ခြင်၍ အိပ်စက် အနားယူခြင်း။ စတဲ့ နေ့စဉ်တာဝန်တွေနဲ့ သုံးရက်တာ ကုသိုလ်လုပ်ငန်းတွေ လုပ်ခွင့်ရအောင် စီမံပေးထားပါတယ်။ အလေ့အကျင့်မရှိတော့ အစပိုင်း ဘာပဲလုပ်လုပ် ပင်ပန်းကြမယ်၊ ပုံမှန် သုံးနပ် စားသုံးနေကြတဲ့ သူတွေအတွက် ညနေစာ တစ်နပ် လျော့သွားတော့ စိတ်ထဲ ကသိကအောက် ဖြစ်ကြမယ်ပေါ့၊ ဒါပေမယ့် ဒါလည်း အလေ့အကျင့်တစ်ခုပါ။ စားနေကျ မို့လို့ စားချင်နေတာ၊ ခန္ဓာကိုယ်ရဲ့ အလိုကို လိုက်နေလို့ လိုချင် တောင့်တ နေတာပါ။ ထမင်း တစ်နပ် စားရဖို့အတွက် ပြုလုပ်ရတဲ့ တာဝန်တွေ ဘယ်လောက်များတယ်ဆိုတာ သေချာတွေးကြည့်ရင် သိပါတယ်၊ အရင်ဆုံးရှာရ ဖွေရတဲ့ တာဝန်တွေ၊ ရရှိလာပြန်တော့လည်း စီမံရတဲ့ တာဝန်တွေ ၊ ချက်ရ ပြုတ်ရတဲ့တာဝန်တွေ၊ ပေးလိုက်ရတဲ့အချိန်တွေ မနဲပါဘူး။ သာသနာ့တာဝန်ကို ထမ်းဆောင်မယ်လို့ ရည်ရွယ်သူတွေအတွက် ဘုရားရှင်က တာဝန် တစ်ခု ပေါ့အောင် စောင့်ထိန်းခိုင်းခြင်းပါ။
ဒီလိုနဲ့ ယနေ့ဆို သုံးရက် ပြည့်မြောက်လို့ နောက်ရက်တွေဆို မိသားစုတာဝန်၊ အလုပ်တာဝန်တွေ ထမ်းဆောင်ရတော့မယ်၊ ခေတ္တ ကြုံရခဲတဲ့ ဒုလ္လဘ ကုသိုလ်ကို ယူကြပြီးတော့ လူ့လောကထဲ ပြန်ဝင်ကြတော့မယ့် ဒုလ္လဘရဟန်းတွေ လူဝတ်လဲကြတော့မယ့်နေ့ပေါ့။ ရဟန်းဝတ်နေစဉ်အတွင်း ဘယ်လောက်ပဲ ကာယကံ ၀စီကံ မနောကံတွေကို စောင့်ထိန်းခဲ့ စောင့်ထိန်းခဲ့ ပုထုဇဉ်တို့ သဘာဝ အမှားဆိုတာ မကင်းနိုင်ကြဘူး၊ လစ်ဟင်းတဲ့တာဝန်တွေလည်း ရှိခဲ့မယ်၊ ပြုကျင့်ရမယ့် ၀တ္တရားတွေလည်း ကျန်ခဲ့လိမ့်မယ်၊ ဒါတွေကို မြင်လို့ ဆရာတော်က ရဟန်း သိက္ခာချပြီး ချက်ခြင်း လူဝတ်လဲမပေးပဲ သာမဏေ ဘ၀နဲ့ ကျောင်းရဲ့ သန့်ရှင်းရေးတွေကို ထပ်မံ လုပ်ခိုင်းတယ်။ ကျောင်းရှိ သံဃာတော်တွေထံ အပြစ်တွေ ပြေလျော့ဖို့ ၀န်ချ တောင်းပန်ခိုင်းတယ်၊ ပြန်ပြီး အပ်ထားခဲ့မယ့် သင်္ကန်းတွေကိုလည်း လျှော်ဖွတ်သန့်စင်ပြီးမှ သာမဏေကနေ လူဝတ် လဲစေတယ်၊ ငါးပါးသီလကို လည်း ခါးဝတ်ပုဆိုးကဲ့သလို့ လုံခြုံအောင် စောင့်ထိန်းဖို့ အထပ်ထပ် မှာကြား၊ ရခဲတဲ့ ကုသိုလ်ကို နောက်ထပ် ယူတက်အောင် လေ့ကျင့် သင်ကြား၊ သုံးရက်တာ ထမ်းဆောင်ခဲ့တဲ့ သာသနာ့ တာဝန်တွေကို ညနေပိုင်းမှာ အဆုံးသတ်စေခဲ့ပါတယ်။
မိမိတို့အဖို့ သာသနာမှာ တစ်မိနစ်ပဲ နေခဲ့ နေခဲ့၊ တစ်နာရီပဲ ကြာခဲ့ကြာခဲ့၊ မိမိအတွက်လည်း ကောင်းကျိုးဆောင်ရွက်နိုင်ပြီး သူတစ်ပါးအတွက်လည်း ကောင်းကျိုးဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင် ကြည်နှုးစရာပါ။ ငါတော့ဖြင့် သုံးရက်ထဲ နေနိုင်ခဲ့တယ်၊ သူကတော့ဖြင့် တစ်လ။ အချို့များဆို နှစ်နဲ့ချီပြီး ကြာခဲ့တာ ဆိုပြီး ၀မ်းနည်း ၀မ်းသာ ဖြစ်စရာ မလိုပါဘူး၊ နေထိုင်တဲ့အချိန်လေးမှာ နေထိုင်နိုင် သလောက်ကလေးပဲ ကောင်းအောင် နေနိုင်ခဲ့မယ်ဆိုရင် ဘ၀ နောင်ရေး စိတ်အေးရပါတယ်။ အကောင်းဆုံး အချိန်မှာ အကောင်းဆုံးအချိန်လေးတွေနဲ့ အကောင်းဆုံး အခွင့်အရေးတွေကို ယူတက်ဖို့၊ တိုတောင်းလှတဲ့ လူ့ဘ၀မှာ ရခဲလှတဲ့ အခွင့်အရေးကို အသုံးချတက်ဖို့ အရေးကြီးဆုံးဆိုတာ သိလိုက်မယ်ဆိုရင် ကျေနပ် နိုင်ကြပါတယ်။ နောင် အားလပ်ရက်များ ရရှိတဲ့အချိန်မှာ ကျောင်းတိုက်ရဲ့ ဝေယျာဝေစ္စတွေကို လာရောက် ကုသိုလ်ပြုနိုင်ကြပါစေ၊ မိမိတို့ရဲ့ သားသမီးတွေကိုလည်း သာသနာ့ တန်ဘိုးကို မိမိသိသလောက် ပြောပြပြိး ဖြန့်ဝေနိုင်ကြပါစေ။ သာသနာ့အမွေတွေကိုလည်း လက်ဆင့်ကမ်း ဖြန့်ဝေနိုင်ကြပါစေ၊ တန်ဘိုးရှိလှတဲ့ သာသနာတော်ကြီးကို တန်ဘိုးရှိလှတဲ့ လူ့ဘ၀ကြုံခိုက် အရှည့်ခန့် တည်တန့်ဘို့ ထောက်ပံ့လှူဒါန်း နိုင်ကြ ပါစေလို့ စာရေးသူအနေနဲ့ ဘ၀ကောင်းကျိုး မျှော်ကိုးပြီး ဆုတောင်းပေးလိုက်ပါတယ်။
ဘိက္ခုပဏ္ဍိ(လင်္ကာဒီပကျောင်းသား)

Sunday, January 25, 2009

Chinese New Year of Ox


Chinese New Year of Ox
Chinese have a unique way of representing the New Year through animals. They have 12 different animals to represent each year of the 12 year -cycle and the order remains the same throughout with the year of the rat beginning the cycle and the year of the boar/ pig ending the same. As the Chinese year 2008 was signified as the year of the rat, the following year, 2009, is going to be the year of the ox. Chinese New Year of OX, 2009 will fall on January 26th and will mark the 15 day long festivities beginning on the said date and going on till the 9th February.

Preparations for the Chinese New Year of Ox, 2009 will begin months in advance so that the celebrations be observed in the highest magnitude and splendor. As the different years of the 12 year cycle are characterized by different animals, people born on the different years also feature different traits and characters and most often then not, they are believed to be influenced and inspired by the animals of the particular year they are born in. With this article on Chinese New Year of Ox, 2009 we strive to hold forth the interesting characteristics and features of the Ox and how babies born in this year can be expected to display similar traits.

All years ending in an odd number are Yin and the ones with an even number ending are considered to be the Yang forms according to the Chinese methods of the calender cycle. Therefore the Ox year 2009 will have Yin forms along with the character of the Ox. Ox characterizes a dependable, patient, methodical and calm, hardworking, materialistic as well as an ambitious character. The Ox years so far have been 1901, 1913, 1925, 1937, 1949, 1961, 1973, 1985, 1997 and now 2009 followed by 2021 (according to the 12 year cycle).

People born in the Chinese New Year of Ox, 2009 will preponderantly have the below mentioned traits in their character: Leadership qualities, dependable, great organizers, loyal, patient as well as strong and responsible. They are also some of the best people one can have as colleagues in the work place as they are believed to posses strong work ethics and display their creative side as well, especially when it comes to decorating their home.

Since the people born in the Ox year are also trusted to be reliable and logical, people generally turn towards them for suggestions and guidance. Their honesty and eye for details also helps them to prove their worth both in the workplace as well as in their personal lives.

However there are a few negative traits associated with the character of the Ox that also is reflected through the people born in the ox years. Attributes like being narrow minded, stubborn, with low public relations skills and also very far from being emotional are generally associated with people born in this year.

With these and many more fascinating elements, Chinese New Year of Ox, 2009 is just about to arrive. So get set to welcome the year and have a very prosperous New Year ahead.

Saturday, January 24, 2009

ကြုံရခဲတဲ့ ဒုလ္လဘပွဲ(စင်္ကာပူ)



ကြုံရခဲတဲ့ ဒုလ္လဘ ပွဲ

နေရာ၊ ဓာတ်တော်ကျောင်း စင်္ကာပူနီုင်ငံ
အချိန် ညနေ သုံးနာရီခွဲ
မြန်မာလူမျိုးတို့အတွက် အလေးထား ကိုးကွယ်ရာဟာ ဗုဒ္ဓ သာသနာပါ၊ ကြုံလာသည့်ပွဲကို လက်မလွတ်တမ်း ဆင်နွဲချင်တဲ့ စေတနာဟာလည်း မြန်မာသာမက ကမ္ဘာကပါ အံ့သြရလောက်အောင် ထူးကဲပါတယ်၊ ကိုယ့်အိုး ကိုယ့်အိမ် ကိုယ်နေရာ ကိုယ့်ဒေသမှာ ဘာသာရေးဆိုင်ရာပွဲတစ်ခု ဆင်နွဲဖို့အတွက် ခဲယဉ်းမှု မရှိပေမယ့် ရေခြားမြေခြားမှာ ပြုလုပ်ရတဲ့ ပွဲလောက် ခတ်ခဲမယ် မထင်ပါဘူး၊ ဒါ့ကြောင့် ဒုလ္လဘ ဒုလ္လဘလို့ နှစ်ခွန်းတပ် ခေါ်ချင်ခဲ့တာပါ၊
စင်္ကာပူကို အလည်သဘော ရောက်ရှိခဲ့တယ်၊ ဓာတော်တိုက်လို့ခေါ်တဲ့ မြန်မာ ဘုန်းတော်ကြီးကျောင်းမှာ တည်းခိုခွင့်ရတယ်၊ ငယ်ဆရာကဲ့သို့ ဖြစ်နေတော့ ဧည့်သည်လို မနေဘဲ လိုအပ်တဲ့ အကူအညီတွေ ပေးနေခဲ့တယ်လေ။ စင်္ကာပူမှာ ရောက်ရှိနေတဲ့ ရွှေမြန်မာ တို့အဖို့ နေ့စဉ်နဲ့အမျှ လုပ်ငန်းခွင်နဲ့ အိမ် အိမ်နဲ့ လုပ်ငန်းခွင် နေ့စဉ်နီးပါး ငွေရှာနေကြရတာပါ၊ အချိန်သည် ငွေပဲ ဆိုတဲ့ စကား ဒီနေရာမှာ အတော့်ကို မှန်နေမှာပါ၊ ဘာ့ကြောင့်လဲ ဆိုရင် အလုပ်သမားခ ရှင်းကတည်းက နာရီနဲ့ တွက်ပြီး ရှင်းတာပါ၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု ရှိသလောက် အသုံးပြုရတဲ့စားရိတ်၊ နေထိုင်စားရိတ်၊ သွားလာရတဲ့ စားရိတ်တွေက အတော့်ကို မြင့်ပါတယ်၊ တနေ့ အလုပ်မရှိရင် တနေ့ သိသာတဲ့ နေရာပါ၊ ၀င်ငွေလည်းလျော့၊ ထွက်ငွေကလည်း ဝေါ ကနဲ ဆိုတော့ မလွယ်ကြဘူးပေါ့။။။ ဒီလိုနဲ့ တစ်ပတ်ကို အချို့ နှစ်ရက်၊ (ရုံးပိတ်ရက်)နားရတယ်၊ အချို့ တနင်္ဂနွေနေ့ တစ်နေ့သာ နားရတယ်၊ တစ်ခါတလေ အိုဗာတိုင် ဆင်းရတဲ့ ရက်က ရှိသေး၊ ကုန်ကျထားတဲ့ ငွေလေး ကာမိအောင် ပြန်လည် ရှာဖွေ ရတဲ့အင်အား မသေးလေတော့ စိတ်မပါလည်း လုပ်၊ စိတ်ပါလည်း လုပ် ဆိုတဲ့သဘောပါ။
တရုတ်တွေ အများစု နေတဲ့ နိုင်ငံဖြစ်လေတော့ နှစ်သစ်ကူးပွဲတော်ဆိုတာ ရှိစမြဲလေ၊ တစ်နှစ်ကို တစ်ခါ ကျင်းပကြတယ်၊ အဲဒီရက်တွေမှာ ရှိသမျှ အလုပ်အားလုံး ရပ်ဆိုင်းပြီး ပွဲတော် ဆင်နွဲကြတယ်ပေါ့၊ သူတို့ ဆင်နွဲတဲ့အချိန် မြန်မာတွေအအအဖို့ အနားယူဖို့ရက် ရရှိကြတယ်၊ ဒီနှစ်က စနေ တနင်္ဂနွေ ရုံးပိတ်ရက်နဲ့ တိုက်နေတော့ ဆက်တိုက် နားရက်တွေ ပိုကြတယ်၊ သာမာန် တွေးကြမယ်ဆိုရင် ပင်ပန်းသမျှ တနေရာ အပန်းဖြေရာနေရာကို ရွေးပြီး မိသားစုလိုက် ခရီးထွက်သင့်ကြတာပါ၊ ပင်ပန်းသမျှကို အပျော်နဲ့ ဖြေသိမ့်ကြမယ်ပေါ့၊ လူတစ်ရာမှာ ရှစ်ဆယ်ရာနှုန်း ဒီလို အတွေးမျိုး တွေးမိကြမှာပါ။ ထူးခြားတာတစ်ခုက ကျန်တဲ့ နှစ်ဆယ်ရာနှုန်းပါ၊ ဒီလိုနေရာမျိုးမှာ ကိုယ့်အမိမြေမှာလို ကြီးမားတဲ့ ရှင်ပြု ရဟန်းခံပွဲ ဖြစ်နိုင်လိမ့်မယ်လို့ စာရေးသူကိုယ်တိုင် မထင်မိခဲ့။ နိုင်ငံခြားသားတွေအဖို့ ပွဲကြီးကြီးဆင်နွဲဖို့ ခဲယဉ်းတဲ့ နေရာမို့ပါ၊
ကြုံတုံး ဗဟုသုတ သိတာလေး ပြောပြချင်တယ်၊ ပတ်ဝန်းကျင် ဆူညံမှုကို စည်းကမ်းနဲ့ ထိန်းချုပ်တာကို စင်္ကာပူမှာ တွေ့ရတယ်၊ ဘေး ပတ်ချာလည် အိမ်က လူအ၀င်အထွက်များတယ်၊ ဆူညံသံတွေ ပြုလုပ်တယ်ဆိုရင် ကျန်တဲ့ ဘေးအိမ်က မကျေနပ်ရင် တိုင်ကြားလို့ ရတယ်လေ၊ ချက်ချင်းပဲ တာဝန်ရှိသူတွေ လာရောက် သတိပေးတယ်။ သတ်မှတ်တဲ့ အကြိမ်အရေလွန်သည်အထိ တိုင်ကြားမှု ရှိနေမယ်ဆိုရင် အတိုင်ခံရတဲ့ အိမ် အရေးယူ ခံရပါတယ်၊ ဒါကတော့ ဥပဒေကြောင်းအရပါ။ ဒါပေမယ့် ရွှေမြန်မာတွေအဖို့ ကြုံတွေ့နေရာတာက သူတို့ နိုင်ငံသားတွေ ဆူညံ့သံ ပြုရင် ကိုယ်က မှန်နေ ပေမယ့် မတိုင်ရဲဘူးလေ၊ သူတို့ တိုင်ရင်သာ ခံရစမြဲပါ၊ ဧည့်သည်တို့ရဲ့ ဆုံးရှုံးတဲ့ အခွင့်အရေးတစ်ခုပေါ့။ ဒါက စပ်မိလို့။
ဒီလိုနဲ့ နှစ်ကူး အလုပ်ပိတ်ရက်မှာ မြန်မာ ဘုန်းတော်ကြီးကျောင်းမှာ တန်ဘိုးရှိတဲ့ အချိန်တွေကို တန်ဘိုးရှိတဲ့ နေရာမှာ အသုံးချနေတာကို တွေ့ရတယ်၊ ညနေပိုင်းက စလို့ ဆံချခြင်းလုပ်ငန်း စတင်ပါပြီ။ သာသနာ့ဘောင် ရောက်ရှိဖို့ ပထမအဆင့် ဆံ မုတ်ဆိတ် ပယ်တဲ့ ကိစ္စ၊ သင်္ကန်း ၀တ်ရုံရတဲ့ ကိစ္စနဲ့ သရဏဂုံဆောက်တည်ခြင်းဆိုတဲ့ လုပ်ငန်းအပါအ၀င် သုံးမျိုးပြည့်စုံမှ သာသနာမှာနေတဲ့ ရှင်သာမဏေ ဖြစ်ခွင့်ရတာပါ၊၊၊ အိမ်ရှင်မတွေအဖို့ အတော့်ကို ပေးဆပ်ရတဲ့ အလုပ်တစ်ခုပါ၊ ကိုယ့်အိမ်သားရုံးပိတ် နှစ်ကူးအားရက်မှာ ဘယ်လို ပျော်မယ်၊ ဘယ်သွားမယ် ဆိုတဲ့ အတွေးမျိုး ကိုယ်စီ ကိုယ်စီ ကြံရွယ်ထားကြမှာပါ၊ အဲဒီအတွေးတွေကို ရင်ထဲ မျိုသိမ့်၊ ကိုယ့်အတိတ်ကံအားနဲခဲတဲ့ သာသနာ့ဘောင်ဝင်ခွင့်ကို ရအောင် ယူကြမယ်ဆိုတဲ့ ကုသိုလ်အတွေး ကိုယ်စီ မွေးဖွားစေခဲ့ကြတယ်၊ အတော့်ကို ချီးကြူး ထိုက်ပါတယ်၊ လူသာမာန်တို့ ကျင့်နိုင်ခဲ့တဲ့ လုပ်ငန်းအတွက် လူသာမန်တို့ ဖြည့်နိုင်ခဲတဲ့ ပါရမီကို ဖြည့်ဆည်းပေးခဲ့ကြတယ်လေ၊ အမှတ်တရ ဓာတ်ပုံတွေရိုက်ကြ၊ မုဒိတာ ကိုယ်စီ ပွါးခဲ့ကြပြီး ညပိုင်းရောက်တော့ သရဏဂုံဆောက်တည်၊ သင်္ကန်းချည်ကြပြီး သာမဏေရကျင့်ဝတ် ကိုယ်စီ ၀တ်ဆင်ခဲ့ကြတယ်၊
ဖြစ်ချင်တော့ ဇာတ်လမ်းတစ်ခု တင်ပြဖို့ ကြုံလာတယ်၊ ဦးဆောင်တဲ့ ဆရာတော်ရဲ့ အပြစ်ကိုရှု အကောင်းပြုစေချင်တဲ့ စေတနာပေါ်လွင်ခဲ့တယ်၊ သာမာန်ဆိုရင် ဒကာ ဒကာမတို့ရဲ့ ဖိအားလို့ဆိုရမယ့် အပြစ်မြင်တိုင်း မပြောဆိုရဲတဲ့ အားနာမှုက ဆရာတော်တွေအတွက် အခတ် တွေစေတာပါ၊ ဒါပေမယ့် ဓာတ်တော်ဆရာတော်အနေနဲ့ အဲဒီဖြစ်သင့်တဲ့ အပြစ်ကို ရဲဝံ့စွာ ညွှန်ကြားပေးခဲ့တယ်၊ ဒီလိုပါ၊ သရဏဂုံဆောက်တည်နေရင်းနဲ့ ကိုရင်ကြီးတစ်ပါးရဲ့ လက်မှာ လက်သန်းနှစ်ချောင်း ရှည်နေတာတွေ့ခဲ့တယ်၊ ရှင်သာမဏေတို့အတွက် အကျည်းတန်စေတဲ့ အရာတစ်ခုပါ၊ လူကြားထဲမှာ အဲဒီအပြစ်ကို ပြောလိုက်ရင် သူ့ကို အရှက်ခွဲသလို ဖြစ်လိမ့်မယ် ဆိုတဲ့ ပြဿနာကို ကြိုတင် သိမြင်တဲ့အတိုင်း ဘုရားလတ်ထပ်တော်က ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေးကို အရင်ပြောပြလိုက်တယ်။
ပြဿနာက မိန်းခလေးကို အလိုမတူ ပြုကျင့်မှု
ပြုကျင့်သူလို့ စွတ်ဆွဲခံရသူက ရဟန်းငယ်တစ်ပါး
စွတ်ဆွဲကြသူတွေက ရပ်သူ ရွာသားများ။
သင် အတော့်ကို အံ့သြသွားသလား၊ ရဟန်းငယ်တစ်ပါးအနေနဲ့ ဒီလို ပြဿနာမျိုး မဖြစ်သင့် ဘူးလို့ သင် ထင်မှတ်ထားလို့ပါ၊ ဇစ်မြစ်ကို သိရင် ရှင်းသွားမှာပါ။ ထိုရဟန်းငယ် စပြီး ၀တ်ကတည်းက သူ့ရဲ့ လှပတဲ့ လက်သည်းရှည်လေကို မြတ်နိုးလို့ မဖြတ်ပစ်ခဲ့ဘူး။ တရားဘာဝနာမှာ မပျော်မွေ့နိုင်လောက်သည်အထိ အဲဒီလက်သည်းကို စွဲလန်းနေခဲ့တယ်။ တစ်နေ့ အဲဒီနေ့က မြိုထဲကို ဆွမ်းခံ တစ်ပါးထည်း ကြွတဲ့နေလေ၊ အဲဒီရဟန်းငယ်ရဲ့ ရူပါရုံကို သူငါထက် တုံနေအောင် နှစ်သက်နေတဲ့ ရွယ်တူ မိန်းခလေးတစ်ဦးရှိခဲ့တယ်၊ အဲဒီမိန်းခလေးက ရဟန်းငယ်နဲ့ တွေ့ခွင့်ကြုံတိုင်း ချစ်ရေးဆိုခဲ့တယ်၊ ရဟန်းငယ်လဲ ငြင်းပယ်နေဆဲပါ။ တစ်နေ့တော့ ဆွမ်းခံကြွတဲ့ အဲဒီအချိန်မှာ မိန်းခလေးက အတင်းအကျပ် တောင်းဆိုပြီလေ၊ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ နေရ ဆိုတဲ့ စကားလဲ ပါမှာပေါ့။ ရဟန်းငယ်က ဒီတစ်ခါတော့ အပြတ် ငြင်းလိုက်တယ်ထင်ပါရဲ့။ နာကြည်းစေမယ့်စကား၊ သူ့အပေါ် စိတ်ပျက်ပြီး လက်လျော့ စေမယ့်စကားကို သုံးလိုက်မိမယ်ထင်တယ်၊ စေတနာနဲ့ ပြောမိတဲ့စကားဖြစ်ပေမယ့် နားလည် နိုင်မယ့် တရားဓာတ်ခံ မရှိလေတဲ့ မိန်းမငယ်မှာတော့ ဒေါသ ပွါးခဲ့တယ်လေ၊ မစာ၇တဲ့ အမဲ သဲနဲ့ ပက်ချင်တဲ့စိတ်အထိ ဖြစ်ခဲ့တယ်၊
ဒါနဲ့ ဒီရဟန်း အရှက်ကွဲစေရမယ်ဆိုတဲ့ အညှိုးနဲ့ လမ်းမှာ ဆုံတုံး သူ့ကိုယ်သူ လက်သဲတွေနဲ့ ချစ်ပြီး သွေးထွက်အောင် ပြု၊ အ၀တ်အစားတွေ ဖယိုဖရဲဖြစ်အောင် ကြံဖန်၊ ဟောဒီရဟန်းလေး လုပ်ကြံ ဖျက်စီးဟန်နဲ့ အော်ဟစ် ငိုကျွေးနေတယ်။ ရှေ့နောက် စဉ်းစားနိုင်တဲ့ ညာဏ် နည်းပါးတဲ့ လူငယ်တွေကတော့ ရဟန်းနဲ့မှ မတန် လုပ်ရက်လေတယ် ဆိုတဲ့အတွေးဆိုးနဲ့ ရဟန်းငယ်ကို ဖမ်းဆီး အပြစ်စီရင်ဖို့အထိ ဖြစ်ခဲ့တယ်၊ ထုထောင်း ရိုက်နှက် ဖမ်းဆီးပြီး အလာ လမ်းမှာ ရပ်ရွာ လူကြီးနဲ့ တွေ့တော့ ပြဿနာ ဇစ်မြစ်ကို မေးကြည့်တယ်၊ အမျိုးသမီးကလည်း မပိုင်ရင် ဘယ်လုပ်ပါ့မလဲ၊ အဲဒီရဟန်းပါ၊ သူ့ကို လက်သည်းနဲ့ ကုတ်ဖဲ့တယ်။ ဖျက်စီးဖို့ ရည်ရွယ်ပြီး ကျွန်မကို စော်ကားပါတယ်၊ ဟော့ဒီမှာ ကြည့်ပါ၊ သူ့မှာ ပါတဲ့ လက်သည်းနဲ့ ကုတ်ချစ်ထားတဲ့ ဒဏ်ရာတွေပါလို့ ပြောတော့ လူကြီးက စဉ်းစားတယ်၊ မဖြစ်သင့်တာ မဖြစ်အောင်ပေါ့။ ရဟန်းငယ်ရဲ့ လက်ကို ကြည့်တော့ ကုတ်ဖဲ့ထားတဲ့ သွေးစ မတွေ့၊ မိန်းခလေးရဲ့လက်မှာပဲ တွေ့လေတော့ ပြဿနာကို အားလုံးနားလည်အောင် ရှင်းပြ စေခဲ့တယ်၊
အဲဒီပြဿနာ ဘုရားထံပါးထိရောက်သွားတော့၊ ရဟန်း သာမဏေများ လက်သည်းရှည် မထားရလို့ စည်းကမ်း သတ်မှတ်ခဲ့တယ်၊ ဒီပြဿနာကို ဘုရားရှင်တို့အဖို့ ကြိုသိပြီးသားပါ၊ အကြောင်းအရာ မပေါ်ပဲ သတ်မှတ်မယ်ဆိုရင် စည်းကမ်းတွေများလို့ ဆိုပြီး သာသနာကို ၀င်ရောက်ဖို့ တွန့်ဆုတ်နေကြမယ်၊ မကြူးလွန်ဘဲနဲ့ ကြိုသတ်မှတ်ရင် ကျန်တဲ့ သံဃအဖွဲ့အ၀င်တွေကို ဆော်ကားရာ ကြမယ်လေ။ ဒါ့ကြောင့် ဘုရားရှင်တိုင်း အကြောင်းအရာ မပေါ်ပဲ စည်းကမ်း မသတ်မှတ်ခဲ့ကြဘူး။ ဒါ့ကြောင့်မို့လိုကွယ်၊ အခု ကို၇င် ၀တ်မယ့် ညီငယ်မှာ ရှိတဲ့ လက်သည်းရှည်လေး မသင့်တော်လို့ ညှပ်ပေးပါလို့ မေတ္တာဓာတ်ခံ ပါတဲ့ စကား မိန့်ကြားတော့ နာခံသူလည်း ကျေနပ်သွားတယ်လေ။
ဒီလိုနဲ့ ဆယ်ပါးသီလ ဆောက်တည်ကြ၊ တရားနာနေကြတဲ့ မိသားစုတွေရဲ့ အပူဇော်ကိုခံ၊ လိုက်နာရမယ့် ကျင့်ဝတ်တွေ ဆောင်ထားပြီး ပထမနေ့ ရှင်ပြုပွဲ ပြီးဆုံးခဲ့တယ်၊ နောက်နေ့ သိမ်ဝင်ပြီး ရဟန်းဖြစ်ကြတော့မယ့် သာမဏေတွေကို တစ်ညတာ ကုသိုလ်ကောင်းမှုတွေ တွေးပီး ပီတိ ဖြစ်စေတော့မယ်။
ဆိုလိုရင်းကတော့ ရောက်တဲ့နေရာမှာ သာသနာရဲ့ ကျေးဇူးကို မမေ့ကြဖို့၊ တက်နိုင်ရင် ရခဲတဲ့ မြင့်မြတ်တဲ့နေရာမှာ အခွင့်သာတုံး နေကြည့်ကြဖို့၊ ပါရမီဖြည့်ပေးသူတို့အဖို့လည်း ကိုယ်မတက်နိုင်ပေမယ့် လုပ်နိုင်သူတို့ကို သူတော်ကောင်းစိတ်မွေးပြီး ထောက်ပံ့ကြဖို့၊ ရဲဝံသူတို့ လျှောက်လှမ်းတဲ့လမ်းကို ကောင်းမွန်စွာလျှောက်လှမ်းစေအောင် တိုက်တွန်းကြဖို့၊ အမျိုးဂုဏ်၊ ကိုးကွယ်တဲ့ ဘာသာဂုဏ်တွေကို ရောက်ရာအရပ်မှာ ရဲဝံ့စွာ စောင့်ထိန်းဖို့ အရေးကြီးဆုံးပါဆိုတာ ဒီနေရာမှာ အထူးတင်ပြလိုတယ်၊ ဦးဆောင်သူ အပူဇော်ခံထိုက်တဲ့ ဆရာသမားတွေအတွက်လည်း အပြစ်မြင်ရင် ပြင်ပေးနိုင်တဲ့သတ္တိ ရှိကြဖို့ ဆိုတာတွေဟာ ဒီရဟန်းခံပွဲမှာ သင်္ခန်းစာ ရရှိခဲ့တယ်။ စာဖတ်သူ အနေနဲ့လဲ ဒီကြုံခဲ ပြုနိုင်ခဲတဲ့ အလှူပွဲကို သာဓုခေါ်လိုက်ပါ၊ သင်လည်း ထပ်တူ ရရှိခံစားနိုင်မှာပါ ဆိုတဲ့ စကား လတ်ဆောင်တစ်ခု ထားခဲ့ပါ့မယ်၊ ထပ်တူကုသိုလ် ရနိုင်စေလိုတဲ့ စေတနာ မျှဝေပါရစေ။
ဘိက္ခုပဏ္ဍိ(လင်္ကာဒီပကျောင်းသား)

Wednesday, January 21, 2009

မြှားတစ်စင်းရဲ့ အတ္ထုပ္ပတ္တိ

ပင်လယ်ကို မျှားယူဖို့
ထွက်လာခဲ့ပြီးမှတော့
မြစ်တစ်စင်းကို ထမ်းပြီး
ငါ လှည့်မပြန်ချင်ဘူး.....။

မြှားတစ်စင်းရဲ့ တန်းဖိုးကို
လေးညှို့ရှင် အသိဆုံးပါ
သေချာ ချိန်ရွယ်ပြီးမှ
ပစ်လွှတ်လိုက်တဲ့ မြှား
ပစ်မှတ်ထိမှ ဖြစ်မယ်......။
မိုးတိမ်တွေလို အိမ်အပြန် ၊ ကောင်ကင်ကို ၀တ်ရုံပြီး ၊ ခြင်္သေ့တို့ရဲ့ ကပွဲမှာ ၊ ပန်းပွင့်စည်းဝါးနှင့် ၊ လမင်းကိုတွဲပြီး
ငါ အတူ ကမယ်......။ (အရှင်အစ္ဆရိယ)

အနှိုင်းမရှိသော ပီတိ

ကျွန်တော် ငယ်ရွယ်စဉ်က စလို့ သိတက်ချိန်အထိ စာဖတ်တဲ့အလေ့အကျင့် မရှိခဲ့ဘူး။ စာပေရဲ့ တန်ဘိုးကိုမှ မသိတော့ ဖတ်ချင်စိတ်မရှိတာတော့ မဆန်းဘူးလေ။ နောက် စာမေးပွဲတွေ ဖြေဆို၊ တဆင့်ပြီး တဆင့် အောင်မြင့်လို့၊ အလယ်တန်းအဆင့်ရောက်တော့ စာအုပ်လေး တစ်အုပ် အမှတ်မထင် သူငယ်ချင်းတစ်ယောက်ဆီက ရခဲ့တယ်၊ ပျင်းပျင်းရှိတာနဲ့ လှန်လှော ဖတ်ကြည့်တော့ ဆရာတော်ကြီး တစ်ပါးရဲ့ ဆုံးမ စကား ဖတ်မိတယ်။ စာတစ်လုံး ဘုရားတစ်ဆူလို့ သူသူငှာငှာ ပြောတက်ကြပေမယ့် ဘာကို ဆိုလိုသလဲဆိုတာ မသိခဲ့တာ အမှန်၊ ဆိုလိုရင်းကတော့ဗျာ။ ကိုယ်ဖတ်လိုက်တဲ့ စာတစ်ပိုဒ် နှစ်ခြိုက်ပြီး လိုက်နာ ကျင့်သုံးတက်မယ်ဆိုရင် ဘုရားရှင် တစ်ပါး ကိုယ့်နားလာပြီး ဆုံးမ သလိုပါပဲ ဆိုတာကို တင်စားတာ ဖြစ်နိုင်ပါတယ်။ ဆိုလိုရင်းက အဲဒီ စာတစ်ပိုဒ်ကြောင့်ပဲ လွဲမှားစွာ ရင်ဝယ်ပိုက်ခဲ့တဲ့ အမုန်းတရား တစ်ခု ၊ ဆူးနစ်နေတဲ့ အာဃာတ တရား၊ လူမျိုးများနဲ့ ဘာသာရေး ကွဲကွဲပြားပြား မသိပဲ အသဲထဲ နစ်နေတဲ့ ဆူးတစ်ချောင်း တခဏ ချင်းပဲ ဖယ်စွမ်းနိုင်ခဲ့တယ်၊ ဒါက စကားစပ်မိလို့ပါ။
စာရေးဆရာတွေ ကမ္ဘာမှာ များစွာ ရှိတယ်၊ ၀ါသနာကို အရင်းခံလို့ စီးပွါးရေးနဲ့ စက်နွယ်ပြီး စာတွေ ရေးသားခဲ့ကြတယ်၊ အချို့လည်း ၀ါသနာသက်သက်နဲ့ ရေးကြတယ်၊ အမျိုးမျိုးပေါ့။ သူတို့တွေ နိုင်သလောက် တွေးခေါ်ပြီး ပိုင်သလောက် ရေးစွမ်းသမျှတွေကို စာအုပ်တွေ ရိုက်ထုတ်၊ ဈေးကွက်ကို တင်ကာ ပရိတ်သတ်ဆီ အရောက် ပို့ကြတယ်၊ သူတို့ ရေးတဲ့ စာကို ပြန်ဖတ်ရင်း ပီတိ ပွါးရသလို၊ စာဖတ်ပရိတ်သတ်ရဲ့ အားပေးမှုကို ကြည့်ပြီးတော့လည်း ပီတီ ပွါးကြမှာပေါ့။ ဒါတွေကို သူတို့ ကိုယ်တိုင်ပဲ သိမယ်လေ၊ ဘယ်လို အရသာရှိသလဲဆိုတာ။ ဘယ်လိုပဲ အရသာ ရှိရှိ၊ ခေတ်နဲ့ ညှိုပြီး အဲဒီ ခံစားမှု အရသာ ပြောင်းသွားမှာပါ။ စာဖတ် ပရိတ်သတ် ဘယ်လောက် များသလဲ ကို အခြေခံပြီးမှ သိရတော့ သူတို့ စာအုပ် တွေ ရောင်းထွက်ရုံနဲ့ စာဖတ် ပရိတ် သတ် များမှာတဲ့လား၊ ဆိုပါဆို့၊ ၀ယ်ရုံသာ ၀ယ်ပြီး မဖတ်ဖြစ်ပဲ အိမ်မှာ သောင်တင်နေရင်၊ စာကြည့်တိုက်မှာ သောင်တင်နေရင် လက်တလော မဖတ်နိုင်ကြသေးဘူးပေါ့။ အဲဒါကို အထင်မှားနဲ့ ပီတိ ဖြစ်လဲ ရပါတယ်၊ ဒါပေမယ့် ပီတိ အစစ်မဖြစ်နိုင်။
ခေတ်ဆိုတဲ့ ရေစီးကြောင်း ပြောင်းနေတယ်။ လူငယ်တွေလည်း အဲဒီ ခေတ်နဲ့အညီ စီးမျောနေကြတယ်။ ဒါတွေကို ဆန့်ကျင်ပြီး နောက်ပြန်ဆွဲတက်တဲ့ ရှေးဟောင်းဝါဒီတွေလဲ ရှိသင့်တယ်။ အကြောင်းပြချက်ကတော့ ယဉ်ကျေးမှု အမွေ ပေါ့။ စာရေးတာနဲ့ ပက်သက်ရင် ဟိုတုံးက ခေတ် အတိုင်းအဆို စာအုပ်ကြီးကြီးမားမား၊ ခန့်ခန့်ထည်ထည်၊ အကြောင်းအရာ စုံစုံလင်လင် တင်ပြနိုင်မှ စာအုပ်အဖြစ် ထွက်လာပြီး ပရိတ်သတ် အားပေးနိုင်မှာပါ။ အခု ပြောင်းသွားတဲ့ခေတ်မှာ တပြေးညီ အင်တာနက်တွေ အီးမေးလ်တွေကို တီထွင်သူတွေရဲ့ ကျေးဇူးကြောင့် ခံစားနိုင်ကြပြီလေ၊ အဲဒီလို နည်းပညာ ခေတ်မှာ ရေးကြတဲ့ စာရေးဆရာတွေ မီဒီယာတွေက အရင်ထက် အဆ တစ်ရာမက အခွင့်သာ နေကြပြီ။
ကိုယ့်ရဲ့ ကိုယ်ပိုင် ဗဟုသုတ၊ အတွေးအခေါ်၊ အတွေ့အကြုံ ခရီးသွားမှတ်တမ်း စတာတွေကို အပေါင်းအသင်း ခင်မင်ရင်းနှီးသူတွေထံ မျှဝေနိုင်ကြပြီလေ။ သူ့ထက် ရှေ့ တစ်လှမ်းတိုးပြီး Blog ဆိုတဲ့ စာမျက်နှာ တစ်ခုကိုပါ ယူတက်မယ်ဆိုရင် တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့ အားပေးမှု ခံရတော့မှာပေါ့၊ နည်းပညာရဲ့ အသီးအပွင့် ခေတ်ရဲ့ အလိုဆန္ဒတွေပါ။ ဒါကတော့ ခေတ်နှစ်ခုရဲ့ စာရေးဆရာတွေအပေါ် ပြောင်းလဲ စေတဲ့ အချက်နှစ်ချက်ပါ၊
ကျွန်တော် Blog တစ်ခု ပိုင်ဆိုင်ထားခဲ့တယ်၊စာရေးဆရာမဟုတ်ဘူးနော်။ ဘာရယ်တော့မဟုတ်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်နဲ့ စပ်လို့၊ နေ့စဉ် တွေ့မြင်ရတဲ့ မြင်ကွင်းလေးတွေ၊ ခံစားရတဲ့ အာရုံလေးတွေကိုပေါင်းစု ကောင်းမှုပြုတာလေးတွေ အပါအ၀င် ညီ အစ်ကို မောင်နှမတွေ ဖတ်နိုင်အောင် စာမူလေးတွေရေး၊ ဓာတ်ပုံလေးတွေ စု၊ကြည့်ရှုကောင်းအောင် မွမ်းမံနေတယ်လေ။ စပြီး ရေးကာစတုံးကဆို တစ်နေကုန်လို့ ကိုယ့်စာ တစ်ယောက်မှ လာမကြည့်ကြဘူး၊ ၀မ်းနည်းမိတယ်။ နောက်ပိုင်း စာဖတ်သူ တစ်ယောက် နှစ်ယောက် ဖတ်နေတယ်လို့ သင်္ကေတ ပြတော့ ဘယ်လို မှန်းမသိဘူး၊ ၀မ်းသာမိတယ်။ ကိုယ်ရေးထားတဲ့ အကြောင်းအရာ၊ ကိုယ်တိုင်ဖန်တီးထားတဲ့ စိတ်ကူးယဉ်ပုံရိပ်လေးတွေ၊ သူတို့ သူတို့ ကြည့်နေ၊ ဖတ်နေ၊ လေ့လာနေကြပါလားဆိုတဲ့ အတွေးက အာရုံငါးပါးကို ကျော်လွန်ပြီး အထွဋ်အထိပ် ပီတိ ဆိုတဲ့ အရသာကို ခံစားရတယ်၊ စာဖတ်သူ ရှိနေတယ်ဆိုတဲ့ ပြသတဲ့ သင်္ကေတကို ကြည့်တိုင်း အဲဒီစိတ်က လုံးဝ မကွဲပြားပဲ ဖြစ်မိတာပါ၊ လူ့ရဲ့စိတ်က မတည်ငြိမ်တဲ့ သဘော ရှိပါတယ်၊ ဒါပေမယ့် ကျွန်တော့်အတွက် တူညီတဲ့စိတ် ဖြစ်မိတာ အဲဒီ တစ်ချိန်ပါ။
သင်ရော အဲဒီလို ခံစားဖူးသလား၊ အဲဒီလို ခံစားချင်ပါသလား၊ ကျွန်တော့်လို ဘလော့တစ်ခု ပိုင်ဆိုင်ထားပြီး သင့်ရဲ့ နေ့စဉ် တွေ့ကြုံ ခံစားချက်တွေကို ဖေါ်ပြလိုက်ပါလား၊ အတိုင်းမသိတဲ့ အရသာ ခံစားဖူးပါမှာ။ သင်ကိုယ်တိုင် ခံစားကြည့်စေချင်တယ်။ ပီတိဆိုတာ ကျွန်တော်လဲ အရင်က စာထဲမှာပဲ ဖတ်ဖူးတာ။ အခုမှ ခံစားရလို့ သင့်ကိုလည်း ခံစားကြည့်စေချင်တယ်လေ၊ အေးမြတယ်၊ သာယာဖို့ကောင်းတယ်၊ အပူအပင် လုံးဝမရှိ၊ မာန်မာန လုံးဝ မပါ၊ ဖြူစင်မှု သက်သက်ဖြင့်သာ ဖြစ်ပေါ်တက်တဲ့ ပီတိ သင် ရရှိနိုင်ပါစေ။

Thursday, January 15, 2009

တောသား မြို့ရောက်---

စင်္ကာပူကိုရောက်တာ သုံးရက်ရှိပြီ၊ post တွေလည်း ထွေထွေထူးထူး မတင်ဖြစ်ခဲ့ဘူး။ ဟိုဟို ဒီဒီ သွားဖို့ ကလည်း အဖေါ်မရှိတော့ မထွက်ဖြစ်ခဲ့ဘူး။ မြင်မြင်ကရာကို မှတ်တမ်းတင်ချင်ပေမယ့်လည်း လက်ထဲ ကင်မရာ က မရှိလေတော့ မနေတက်ဘူးဖြစ်နေတယ်။ ဒီနေ့တော့ Shopping ထွက်မယ်လို့ စိတ်ကူးပြီး ဘယ်သူမှ လိုက်မပို့ချင် နေတော့ဆိုပြီး တစ်ယောက်ထဲ ထွက်လာခဲ့တယ်၊
စင်္ကာပူမှာ ကင်မရာတို့ ဟန်းဖုန်းတို့ သူများသုံးပြီးသား အကျ ဈေးပေါပေါနဲ့ ရတဲ့နေရာ တစ်နေရာ ရှိတယ်၊ Mustafa(မူစတာဖာ)ဆိုတဲ့ စင်တာ တစ်ခုပါ၊ ဦးဇင်းနေတဲ့နေရာနဲ့ဆိုရင် အတော် ဝေးပါတယ်၊ ကံကောင်းချင်တော့ အဲဒီနေ့ ညီလေးက အလုပ် အားတာနဲ့ အဖေါ်ရသွားခဲ့တယ်၊ ဒါနဲ့ MRT (မြေအောက်ရထား)ခ ပိုက်ဆံဖြည့်ပြီး ထွက်ခဲ့ကြတယ်၊ လိုက်ပို့တဲ့သူကလည်း အဲဒီနေရာကို မရောက်ဘူး ပါဘူး။ ဒီလိုနဲ့ အူလည်လည် တောသား မြို့တက်သလိုပေါ့၊ ထွက်ခဲ့ကြတယ်။ ညနေ လေးနာရီလောက် ကတည်းက ထွက်ခဲ့တာ ခြောက်နာရီခွဲနေပါပြီ၊ အခုထက်ထိ အဲဒီစင်တာ အကြီးကြီးကို မတွေ့ပါဘူး၊ နောက်တော့ ဟိုမေး ဒီမေးနဲ့ပဲ ကံကောင်းစွာ မျက်စေ့လည်ပြီးရောက်သွားတယ်၊ တွေ့တော့လည်း ကိုယ်တွေ လိုချင်တဲ့ဈေးပေါတဲ့ဆိုင် မတွေ့ပါခဲ့ဘူးလေ။ ဒီလိုနဲ့ အောင်မြင်စွာ ဘာမှ မ၀ယ်ခဲ့ပဲ ပြန်လှည့်ခဲ့ကြတယ်၊
လိုချင်တဲ့အရာကို ငယ်ငယ်ကလေးတည်းက ရအောင် ယူတက်တဲ့ အကျင့် ရှိခဲ့တယ်၊ ကြုံတုံး စပ်မိလို့ ကိုယ့်အကြောင်း ကိုယ်ဖေါ်ရအုံးမယ်၊ ရှစ်နှစ်သားအရွယ်က ဖြစ်မယ်၊ ကျောင်းတက်နေတုံးပေါ့။ ဆရာမက ရှေ့မှာ စာသင်နေတဲ့အချိန်၊ သူငယ်ချင်းသုံးယောက်နဲ့ ဦးဇင်းတို့ နောက်မှာ မုန့်ခိုးစားနေခဲ့တာပါ၊ ဆရာမက သိသွားရော -- ကြိမ်လုံးနဲ့ သုံးချက်စီ အဆော်ခံရခဲ့တယ်၊ မုန့်တွေလည်း အသိမ်းခံခဲ့ရတယ်၊ စားလို့မှ အာသာ မပြေသေးတဲ့အချိန်၊ အရိုက်လဲ ခံရ ဆိုတော့ အတော့ကို ဒေါသ ထွက်ခဲ့ပါတယ်၊ အဲဒီမုန့်ကိုလည်း ပြန်ရအောင် ယူမယ်လို့ စိတ်ကူးခဲ့တယ်၊ အတန်းချိန်ပြီးသွားတော့ သေသေချာချာ လက်ပိုက်ပြီး မတ်တက်ရပ်၊ တစ်တန်းလုံးကြားအောင် အကျယ်ကြီး အော်ပြောလိုက်တယ်၊ ငိုသံလည်း ပါလို့ပေါ့၊ (ဆရာမကြီးကို လမ်းထဲက အစ်ကိုကြီးတစ်ယောက်က အမြဲ နှာဘူးကျပါတယ်) လို့၊ အဲဒီအချိန် မှတ်မိတာ တစ်ခုကတော့ ဆရာမလည်း အတော်ကို ရှက်သွားပါလိမ့်မယ်။ ဦးဇင်းလည်း ကလေးဆိုတော့ ဘာမှ မစဉ်းစားမိခဲ့ဘူးလေ၊ ကိုယ့်ကို ရိုက်ခဲ့တယ်၊ မုန့်လည်း သိမ်းသွားတော့ ဘာမှ မစဉ်းစားတော့ဘူးပေါ့၊ အဲဒီနေ့က စပြီး အဲဒီဆရာမ ကျောင်းနှစ်ရက် ပျက်တယ်၊ သိမ်းသွားတဲ့မုန့်လည်း အတန်းပြီးတာနဲ့ ယူမသွားပဲ ထားခဲ့တယ်၊ နောက်လည်း ဘယ်တော့မှ မဆူရဲတော့ဘူး၊ အိမ်ချင်းကလည်း နီးနေတော့ သူ့အကြောင်းတွေ ပေါ်မှာဆိုးလို့ ထင်ပါရဲ့။
စကားစပ်မိလို့ပါ။ ဒီလိုနဲ့ နောက်တစ်နေ့ အဲဒီ စင်တာကို တစ်ယောက်ထဲပြန်သွားခဲ့တယ်၊ ဒီတစ်ခါတော့ ရထားနဲ့ မဟုတ်ပဲ၊ ကားစီးသွားခဲ့တယ်၊ ရထားစီးရင် မစီးတက်ကာစတော့ နဲနဲ ခတ်မယ်၊မျက်စေ့ လည်မယ်၊ နောက်ပိုင်း မြေပုံကြည့်တက်သွားရင် လွယ်ပါတယ်၊ စီးနေကျလည်း ဖြစ်တော့ သိပ်အခတ်အခဲ မဖြစ်ဘူးပေါ့၊ ဒီနေ့တော့ တစ်ခေါက်ပဲရောက်ဖူးတဲ့ နေရာကို တစ်ခါမှ မစီးဘူးတဲ့ bus car နဲ့ သွားမှာပါ။ ရထားက မှတ်တိုင်ရောက်ရင် အော်တို သတိပေးပါတယ်၊ ကားကတော့ သတိမပေးဘူး၊ ကိုယ့်မှတ်တိုင် ကိုယ့်ဘာသာ ဆင်းရတယ်၊ အဲဒါ ပြဿနာပဲ။ ဘယ်မှတ်တိုင် ဆင်းရမယ် မသိဘူးလေ။ ဒီလိုနဲ့ ဝေးလှတဲ့ခရီးကို အေးအေးဆေးဆေး မစီးခဲ့ရဘူး။ ဘေးနားက လမ်းနာမည်တွေကို လိုက်ပြီးကြည့်နေရတယ်၊ ကိုယ်သွားချင်တဲ့နေရာ ကျော်သွားမှာစိုးလို့။ ကံကောင်းစွာပဲ ဘေးမှာ ကုလားနှစ်ယောက် ပါလာခဲ့တယ်၊ ဖုန်းဖြေသံကိုကြားရတော့ အားတက်မိတယ်၊ ကုလားလိုတော့ နားမလည် ပါဘူး၊ ဒါပေမယ့် တစ်လုံးတော့ သိတယ်လေ၊ မူစတာဖာ တဲ့၊ ဒါဆို သူတို့ပြောနေတာ အဲဒီကို သွားမယ်ပေါ့၊ ဒီလိုပဲ မှတ်လိုက်တယ်၊ ငါလည်း သူတို့ ဆင်းတဲ့နေရာ ဆင်းမယ်ဆိုပြီး လမ်းလည်း မမှတ်တော့ဘူး၊ နောက် ကုလားတွေက ဆင်းတယ်၊နောက်က လိုက်ပြီး ဆင်းလိုက်တယ်၊ သေသေချာချာ ကြည့်လိုက်တော့မှ ကိုယ့်နှာဖူး ကိုယ်ပြန်ရိုက်ချင်ခဲ့တယ်၊ မူစတာဖာတော့ မူစတာဖာပဲ ၊ ဒါပေမယ့် စင်တာ မဟုတ်ဘဲ ဆေးရုံဖြစ်သွားတော့ ကိုယ့်မှတ်တိုင်နဲ့ အတော့်ကို ကျော်သွားခဲ့တာပေါ့၊ ကိုယ့်အပြစ်နဲ့ ကိုယ်ပဲလေ ဆိုပြီး ကားစီးရတာ ဈေးကြီးတော့ လမ်းပြန်လျှောက်ခဲ့ရတယ်၊ နာရီဝက်ကျော်မှ ပြန်ရောက်ခဲ့တယ်။
အရင်အတိုင်းပါပဲ။ လိုချင်တဲ့ပစ္စည်းနဲ့ ပေးနိုင်တဲ့ ဈေး မကိုက်တာနဲ့ မ၀ယ်ခဲ့ရပြန်ဘူး။ ဒါနဲ့ မြန်မာတွေ ပေါပြီး မြန်မာ့ရွာလို့တောင် တင်စားနိုင်တဲ့ နေရာ၊ ဈေးကို ပြန်ေ၇ာက်ခဲ့ပါတယ်၊City Hall ကိုပါ။ အဲဒီမှာ မြန်မာမ လေးတစ်ယောက် မန်နေဂျာဖြစ်ပြီး ကင်မရာဆိုင်မှာ တာဝန်ကျနေတယ်လေ၊ ကိုယ့်မြန်မာလူမျိုးဆိုတဲ့ အသိနဲ့ အားပေးချင်စိတ် ဖြစ်ခဲ့မိတယ်၊ ဒါ့ကြောင့် ဈေးကို သင့်အောင် ညှိုတယ်၊ သူလည်း တက်နိုင်သလောက် သူဋ္ဌေးနဲ့ တိုင်ပင်ပြီး လျှော့ပေးတယ်၊နောက်းဆုံး ၀ယ်ဖို့ ဆုံးဖြတ်လိုက်တယ်၊ စင်္ကာပူ ဒေါ်လာ ခြောက်ရာ့သုံးဆယ်ပါ၊ (ဒေါ်လာ ၄၆၀)နီးပါး ရှိပါတယ်၊ Sony အမျိုးအစား Touch Scream ပါ။ ၀ယ်ဖို့ ဆုံးဖြတ်ပြီးကာမှ ပိုက်ဆံအိပ်ထဲ ကြည့်မိတော့ သုံးရာကျော်ပဲ ရှိတယ်၊ ပါလာတဲ့ ဒေါ်လာ တစ်ရာတန်လေး လဲလိုက်ပြန်တော့လည်း မပြည့်သေး၊ မထူးပါဘူး၊ ဆိုင်ထဲမှာတော့ အရှက်မကွဲရအောင် ကြံဖန်မယ် ဆိုပြီး လေဆိပ်မှာ ပိုက်ဆံစစ်ရင် ဟန်ပြ ကိုင်လို့ရအောင် လုပ်လာတဲ့ ဘဏ်ကဒ်နဲ့ ATM စက်မှာ အကုန်ထုတ်ခဲ့တယ်။ တစ်ရာ့ငါးဆယ် ထွက်လာတယ်၊ နောက် ထပ်မထုတ်ပါတော့နဲ့ဆိုတဲ့ စာရွက်ကလေး အစစ်ပါလာသေးတယ်၊ တော်ပါသေးရဲ့ ၊ ဘေးမှာ ဘယ်သူမှ မရှိလို့ ၊ရှက်စရာကြီးပေါ့၊ ဒါနဲ့ ဆိုင်ကို ခပ်တည်တည် ပြန်လာ၊ ဘဏ်ကဒ်နဲ့ ပိုက်ဆံထုတ်လာတယ်ပေါ့ ဆိုတဲ့အနေအထားနဲ့ ငွေပေးချေခဲ့တယ်။ အပြန်ခရီး MRT စီးဖို့ ကဒ်ထဲ ပိုက်ဆံ စစ်ကြည့်တော့လည်း သုံးကျပ်ခွဲသာ ကျန်တော့တယ်၊ ရင်တမ မ နဲ့ အပြန်ခရီး လှည့်ခဲ့ပါတယ်၊ တော်ကြာ ဆင်းမယ့် ဘူတာရောက်မှာ ပိုက်ဆံယူတဲ့ စက်ပေါ်တင်လိုက်ရင် လုံလောက်တဲ့ ပိုက်ဆံ မရှိတဲ့အခါ တံခါးက ဖွင့်မပေးဘူးလေ၊ အဲဒါကို တွေးပြီးကြောက်တာ၊ တော်ပါသေးရဲ့ ကံကောင်းခဲ့လို့ပေါ့၊ နမို့ဆို တံခါးမပွင့်ရင် လူကြားထဲ အရှက်ကွဲအုံးမှာ။
ကဲ လိုချင်တဲ့ ကင်မရာ။ ပေးလိုက်ရတဲ့ဈေး၊ သူငယ်ချင်းတွေကို ဖုန်းဆက် ကြွားတိုင်း ရူးနေလား ဆိုတဲ့ မေးခွန်းမျိုး အပြောခံလိုက်ရသေး။ ၀ယ်ပေးတဲ့ အစ်မကို ဖုန်းဆက်ပြောပြတော့လည်း တော်သေးတယ် လက်ထဲ ရှုဆေးဘူး အဆင်သင့်ရှိလို့၊ ကိုယ့်အပြစ်နဲ့ ကိုယ်ပဲ ဆိုပြီး ၀ယ်စားချင်တဲ့ မုန့်တောင် မစားနိုင်၊ ရေသောက် ဗိုက်မှောက်ပြီးနေလိုက်ရတယ်။ ဒီတစ်နေ့တော့ ဘယ်မှ မသွားနိုင်တော့ပါဘူး၊ ဓာတ်ပုံလေးတွေ တင်ပေးချင်တဲ့စေတနာ၊ ကိုယ့်အရင်းခံ ၀ါသနာကြောင့် ကိုယ့်အပြစ်နဲ့ ကိုယ် ခံပေးအုံးတော့ ဆိုပြီး ကိုယ့်ကိုကိုယ်ပဲ ဆုံးမ နေလိုက်ပါတယ်၊ နောက်နေ့တွေမှ စာဖတ် ပရိသတ်အတွက် မြင်ကွင်းလှလှလေးတွေ ရိုက်ပြီး တင်ပေးမယ်နော်။ ဒီနေ့တော့ ရေသောက် ဗိုက်မှောက်နေရလို့ ပကာသန မပါတဲ့ ဟော့ဒီ ဗလာ စာသားလေးနဲ့ပဲ ကျေနပ်ကြပါဦးလို့၊ နှုတ်ဆက်ရင်း။
ကျွန်တော် ငမိုက်သား(ကင်မရာရူး)

Template by : kendhin x-template.blogspot.com