Saturday, January 24, 2009

ကြုံရခဲတဲ့ ဒုလ္လဘပွဲ(စင်္ကာပူ)



ကြုံရခဲတဲ့ ဒုလ္လဘ ပွဲ

နေရာ၊ ဓာတ်တော်ကျောင်း စင်္ကာပူနီုင်ငံ
အချိန် ညနေ သုံးနာရီခွဲ
မြန်မာလူမျိုးတို့အတွက် အလေးထား ကိုးကွယ်ရာဟာ ဗုဒ္ဓ သာသနာပါ၊ ကြုံလာသည့်ပွဲကို လက်မလွတ်တမ်း ဆင်နွဲချင်တဲ့ စေတနာဟာလည်း မြန်မာသာမက ကမ္ဘာကပါ အံ့သြရလောက်အောင် ထူးကဲပါတယ်၊ ကိုယ့်အိုး ကိုယ့်အိမ် ကိုယ်နေရာ ကိုယ့်ဒေသမှာ ဘာသာရေးဆိုင်ရာပွဲတစ်ခု ဆင်နွဲဖို့အတွက် ခဲယဉ်းမှု မရှိပေမယ့် ရေခြားမြေခြားမှာ ပြုလုပ်ရတဲ့ ပွဲလောက် ခတ်ခဲမယ် မထင်ပါဘူး၊ ဒါ့ကြောင့် ဒုလ္လဘ ဒုလ္လဘလို့ နှစ်ခွန်းတပ် ခေါ်ချင်ခဲ့တာပါ၊
စင်္ကာပူကို အလည်သဘော ရောက်ရှိခဲ့တယ်၊ ဓာတော်တိုက်လို့ခေါ်တဲ့ မြန်မာ ဘုန်းတော်ကြီးကျောင်းမှာ တည်းခိုခွင့်ရတယ်၊ ငယ်ဆရာကဲ့သို့ ဖြစ်နေတော့ ဧည့်သည်လို မနေဘဲ လိုအပ်တဲ့ အကူအညီတွေ ပေးနေခဲ့တယ်လေ။ စင်္ကာပူမှာ ရောက်ရှိနေတဲ့ ရွှေမြန်မာ တို့အဖို့ နေ့စဉ်နဲ့အမျှ လုပ်ငန်းခွင်နဲ့ အိမ် အိမ်နဲ့ လုပ်ငန်းခွင် နေ့စဉ်နီးပါး ငွေရှာနေကြရတာပါ၊ အချိန်သည် ငွေပဲ ဆိုတဲ့ စကား ဒီနေရာမှာ အတော့်ကို မှန်နေမှာပါ၊ ဘာ့ကြောင့်လဲ ဆိုရင် အလုပ်သမားခ ရှင်းကတည်းက နာရီနဲ့ တွက်ပြီး ရှင်းတာပါ၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု ရှိသလောက် အသုံးပြုရတဲ့စားရိတ်၊ နေထိုင်စားရိတ်၊ သွားလာရတဲ့ စားရိတ်တွေက အတော့်ကို မြင့်ပါတယ်၊ တနေ့ အလုပ်မရှိရင် တနေ့ သိသာတဲ့ နေရာပါ၊ ၀င်ငွေလည်းလျော့၊ ထွက်ငွေကလည်း ဝေါ ကနဲ ဆိုတော့ မလွယ်ကြဘူးပေါ့။။။ ဒီလိုနဲ့ တစ်ပတ်ကို အချို့ နှစ်ရက်၊ (ရုံးပိတ်ရက်)နားရတယ်၊ အချို့ တနင်္ဂနွေနေ့ တစ်နေ့သာ နားရတယ်၊ တစ်ခါတလေ အိုဗာတိုင် ဆင်းရတဲ့ ရက်က ရှိသေး၊ ကုန်ကျထားတဲ့ ငွေလေး ကာမိအောင် ပြန်လည် ရှာဖွေ ရတဲ့အင်အား မသေးလေတော့ စိတ်မပါလည်း လုပ်၊ စိတ်ပါလည်း လုပ် ဆိုတဲ့သဘောပါ။
တရုတ်တွေ အများစု နေတဲ့ နိုင်ငံဖြစ်လေတော့ နှစ်သစ်ကူးပွဲတော်ဆိုတာ ရှိစမြဲလေ၊ တစ်နှစ်ကို တစ်ခါ ကျင်းပကြတယ်၊ အဲဒီရက်တွေမှာ ရှိသမျှ အလုပ်အားလုံး ရပ်ဆိုင်းပြီး ပွဲတော် ဆင်နွဲကြတယ်ပေါ့၊ သူတို့ ဆင်နွဲတဲ့အချိန် မြန်မာတွေအအအဖို့ အနားယူဖို့ရက် ရရှိကြတယ်၊ ဒီနှစ်က စနေ တနင်္ဂနွေ ရုံးပိတ်ရက်နဲ့ တိုက်နေတော့ ဆက်တိုက် နားရက်တွေ ပိုကြတယ်၊ သာမာန် တွေးကြမယ်ဆိုရင် ပင်ပန်းသမျှ တနေရာ အပန်းဖြေရာနေရာကို ရွေးပြီး မိသားစုလိုက် ခရီးထွက်သင့်ကြတာပါ၊ ပင်ပန်းသမျှကို အပျော်နဲ့ ဖြေသိမ့်ကြမယ်ပေါ့၊ လူတစ်ရာမှာ ရှစ်ဆယ်ရာနှုန်း ဒီလို အတွေးမျိုး တွေးမိကြမှာပါ။ ထူးခြားတာတစ်ခုက ကျန်တဲ့ နှစ်ဆယ်ရာနှုန်းပါ၊ ဒီလိုနေရာမျိုးမှာ ကိုယ့်အမိမြေမှာလို ကြီးမားတဲ့ ရှင်ပြု ရဟန်းခံပွဲ ဖြစ်နိုင်လိမ့်မယ်လို့ စာရေးသူကိုယ်တိုင် မထင်မိခဲ့။ နိုင်ငံခြားသားတွေအဖို့ ပွဲကြီးကြီးဆင်နွဲဖို့ ခဲယဉ်းတဲ့ နေရာမို့ပါ၊
ကြုံတုံး ဗဟုသုတ သိတာလေး ပြောပြချင်တယ်၊ ပတ်ဝန်းကျင် ဆူညံမှုကို စည်းကမ်းနဲ့ ထိန်းချုပ်တာကို စင်္ကာပူမှာ တွေ့ရတယ်၊ ဘေး ပတ်ချာလည် အိမ်က လူအ၀င်အထွက်များတယ်၊ ဆူညံသံတွေ ပြုလုပ်တယ်ဆိုရင် ကျန်တဲ့ ဘေးအိမ်က မကျေနပ်ရင် တိုင်ကြားလို့ ရတယ်လေ၊ ချက်ချင်းပဲ တာဝန်ရှိသူတွေ လာရောက် သတိပေးတယ်။ သတ်မှတ်တဲ့ အကြိမ်အရေလွန်သည်အထိ တိုင်ကြားမှု ရှိနေမယ်ဆိုရင် အတိုင်ခံရတဲ့ အိမ် အရေးယူ ခံရပါတယ်၊ ဒါကတော့ ဥပဒေကြောင်းအရပါ။ ဒါပေမယ့် ရွှေမြန်မာတွေအဖို့ ကြုံတွေ့နေရာတာက သူတို့ နိုင်ငံသားတွေ ဆူညံ့သံ ပြုရင် ကိုယ်က မှန်နေ ပေမယ့် မတိုင်ရဲဘူးလေ၊ သူတို့ တိုင်ရင်သာ ခံရစမြဲပါ၊ ဧည့်သည်တို့ရဲ့ ဆုံးရှုံးတဲ့ အခွင့်အရေးတစ်ခုပေါ့။ ဒါက စပ်မိလို့။
ဒီလိုနဲ့ နှစ်ကူး အလုပ်ပိတ်ရက်မှာ မြန်မာ ဘုန်းတော်ကြီးကျောင်းမှာ တန်ဘိုးရှိတဲ့ အချိန်တွေကို တန်ဘိုးရှိတဲ့ နေရာမှာ အသုံးချနေတာကို တွေ့ရတယ်၊ ညနေပိုင်းက စလို့ ဆံချခြင်းလုပ်ငန်း စတင်ပါပြီ။ သာသနာ့ဘောင် ရောက်ရှိဖို့ ပထမအဆင့် ဆံ မုတ်ဆိတ် ပယ်တဲ့ ကိစ္စ၊ သင်္ကန်း ၀တ်ရုံရတဲ့ ကိစ္စနဲ့ သရဏဂုံဆောက်တည်ခြင်းဆိုတဲ့ လုပ်ငန်းအပါအ၀င် သုံးမျိုးပြည့်စုံမှ သာသနာမှာနေတဲ့ ရှင်သာမဏေ ဖြစ်ခွင့်ရတာပါ၊၊၊ အိမ်ရှင်မတွေအဖို့ အတော့်ကို ပေးဆပ်ရတဲ့ အလုပ်တစ်ခုပါ၊ ကိုယ့်အိမ်သားရုံးပိတ် နှစ်ကူးအားရက်မှာ ဘယ်လို ပျော်မယ်၊ ဘယ်သွားမယ် ဆိုတဲ့ အတွေးမျိုး ကိုယ်စီ ကိုယ်စီ ကြံရွယ်ထားကြမှာပါ၊ အဲဒီအတွေးတွေကို ရင်ထဲ မျိုသိမ့်၊ ကိုယ့်အတိတ်ကံအားနဲခဲတဲ့ သာသနာ့ဘောင်ဝင်ခွင့်ကို ရအောင် ယူကြမယ်ဆိုတဲ့ ကုသိုလ်အတွေး ကိုယ်စီ မွေးဖွားစေခဲ့ကြတယ်၊ အတော့်ကို ချီးကြူး ထိုက်ပါတယ်၊ လူသာမာန်တို့ ကျင့်နိုင်ခဲ့တဲ့ လုပ်ငန်းအတွက် လူသာမန်တို့ ဖြည့်နိုင်ခဲတဲ့ ပါရမီကို ဖြည့်ဆည်းပေးခဲ့ကြတယ်လေ၊ အမှတ်တရ ဓာတ်ပုံတွေရိုက်ကြ၊ မုဒိတာ ကိုယ်စီ ပွါးခဲ့ကြပြီး ညပိုင်းရောက်တော့ သရဏဂုံဆောက်တည်၊ သင်္ကန်းချည်ကြပြီး သာမဏေရကျင့်ဝတ် ကိုယ်စီ ၀တ်ဆင်ခဲ့ကြတယ်၊
ဖြစ်ချင်တော့ ဇာတ်လမ်းတစ်ခု တင်ပြဖို့ ကြုံလာတယ်၊ ဦးဆောင်တဲ့ ဆရာတော်ရဲ့ အပြစ်ကိုရှု အကောင်းပြုစေချင်တဲ့ စေတနာပေါ်လွင်ခဲ့တယ်၊ သာမာန်ဆိုရင် ဒကာ ဒကာမတို့ရဲ့ ဖိအားလို့ဆိုရမယ့် အပြစ်မြင်တိုင်း မပြောဆိုရဲတဲ့ အားနာမှုက ဆရာတော်တွေအတွက် အခတ် တွေစေတာပါ၊ ဒါပေမယ့် ဓာတ်တော်ဆရာတော်အနေနဲ့ အဲဒီဖြစ်သင့်တဲ့ အပြစ်ကို ရဲဝံ့စွာ ညွှန်ကြားပေးခဲ့တယ်၊ ဒီလိုပါ၊ သရဏဂုံဆောက်တည်နေရင်းနဲ့ ကိုရင်ကြီးတစ်ပါးရဲ့ လက်မှာ လက်သန်းနှစ်ချောင်း ရှည်နေတာတွေ့ခဲ့တယ်၊ ရှင်သာမဏေတို့အတွက် အကျည်းတန်စေတဲ့ အရာတစ်ခုပါ၊ လူကြားထဲမှာ အဲဒီအပြစ်ကို ပြောလိုက်ရင် သူ့ကို အရှက်ခွဲသလို ဖြစ်လိမ့်မယ် ဆိုတဲ့ ပြဿနာကို ကြိုတင် သိမြင်တဲ့အတိုင်း ဘုရားလတ်ထပ်တော်က ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေးကို အရင်ပြောပြလိုက်တယ်။
ပြဿနာက မိန်းခလေးကို အလိုမတူ ပြုကျင့်မှု
ပြုကျင့်သူလို့ စွတ်ဆွဲခံရသူက ရဟန်းငယ်တစ်ပါး
စွတ်ဆွဲကြသူတွေက ရပ်သူ ရွာသားများ။
သင် အတော့်ကို အံ့သြသွားသလား၊ ရဟန်းငယ်တစ်ပါးအနေနဲ့ ဒီလို ပြဿနာမျိုး မဖြစ်သင့် ဘူးလို့ သင် ထင်မှတ်ထားလို့ပါ၊ ဇစ်မြစ်ကို သိရင် ရှင်းသွားမှာပါ။ ထိုရဟန်းငယ် စပြီး ၀တ်ကတည်းက သူ့ရဲ့ လှပတဲ့ လက်သည်းရှည်လေကို မြတ်နိုးလို့ မဖြတ်ပစ်ခဲ့ဘူး။ တရားဘာဝနာမှာ မပျော်မွေ့နိုင်လောက်သည်အထိ အဲဒီလက်သည်းကို စွဲလန်းနေခဲ့တယ်။ တစ်နေ့ အဲဒီနေ့က မြိုထဲကို ဆွမ်းခံ တစ်ပါးထည်း ကြွတဲ့နေလေ၊ အဲဒီရဟန်းငယ်ရဲ့ ရူပါရုံကို သူငါထက် တုံနေအောင် နှစ်သက်နေတဲ့ ရွယ်တူ မိန်းခလေးတစ်ဦးရှိခဲ့တယ်၊ အဲဒီမိန်းခလေးက ရဟန်းငယ်နဲ့ တွေ့ခွင့်ကြုံတိုင်း ချစ်ရေးဆိုခဲ့တယ်၊ ရဟန်းငယ်လဲ ငြင်းပယ်နေဆဲပါ။ တစ်နေ့တော့ ဆွမ်းခံကြွတဲ့ အဲဒီအချိန်မှာ မိန်းခလေးက အတင်းအကျပ် တောင်းဆိုပြီလေ၊ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ နေရ ဆိုတဲ့ စကားလဲ ပါမှာပေါ့။ ရဟန်းငယ်က ဒီတစ်ခါတော့ အပြတ် ငြင်းလိုက်တယ်ထင်ပါရဲ့။ နာကြည်းစေမယ့်စကား၊ သူ့အပေါ် စိတ်ပျက်ပြီး လက်လျော့ စေမယ့်စကားကို သုံးလိုက်မိမယ်ထင်တယ်၊ စေတနာနဲ့ ပြောမိတဲ့စကားဖြစ်ပေမယ့် နားလည် နိုင်မယ့် တရားဓာတ်ခံ မရှိလေတဲ့ မိန်းမငယ်မှာတော့ ဒေါသ ပွါးခဲ့တယ်လေ၊ မစာ၇တဲ့ အမဲ သဲနဲ့ ပက်ချင်တဲ့စိတ်အထိ ဖြစ်ခဲ့တယ်၊
ဒါနဲ့ ဒီရဟန်း အရှက်ကွဲစေရမယ်ဆိုတဲ့ အညှိုးနဲ့ လမ်းမှာ ဆုံတုံး သူ့ကိုယ်သူ လက်သဲတွေနဲ့ ချစ်ပြီး သွေးထွက်အောင် ပြု၊ အ၀တ်အစားတွေ ဖယိုဖရဲဖြစ်အောင် ကြံဖန်၊ ဟောဒီရဟန်းလေး လုပ်ကြံ ဖျက်စီးဟန်နဲ့ အော်ဟစ် ငိုကျွေးနေတယ်။ ရှေ့နောက် စဉ်းစားနိုင်တဲ့ ညာဏ် နည်းပါးတဲ့ လူငယ်တွေကတော့ ရဟန်းနဲ့မှ မတန် လုပ်ရက်လေတယ် ဆိုတဲ့အတွေးဆိုးနဲ့ ရဟန်းငယ်ကို ဖမ်းဆီး အပြစ်စီရင်ဖို့အထိ ဖြစ်ခဲ့တယ်၊ ထုထောင်း ရိုက်နှက် ဖမ်းဆီးပြီး အလာ လမ်းမှာ ရပ်ရွာ လူကြီးနဲ့ တွေ့တော့ ပြဿနာ ဇစ်မြစ်ကို မေးကြည့်တယ်၊ အမျိုးသမီးကလည်း မပိုင်ရင် ဘယ်လုပ်ပါ့မလဲ၊ အဲဒီရဟန်းပါ၊ သူ့ကို လက်သည်းနဲ့ ကုတ်ဖဲ့တယ်။ ဖျက်စီးဖို့ ရည်ရွယ်ပြီး ကျွန်မကို စော်ကားပါတယ်၊ ဟော့ဒီမှာ ကြည့်ပါ၊ သူ့မှာ ပါတဲ့ လက်သည်းနဲ့ ကုတ်ချစ်ထားတဲ့ ဒဏ်ရာတွေပါလို့ ပြောတော့ လူကြီးက စဉ်းစားတယ်၊ မဖြစ်သင့်တာ မဖြစ်အောင်ပေါ့။ ရဟန်းငယ်ရဲ့ လက်ကို ကြည့်တော့ ကုတ်ဖဲ့ထားတဲ့ သွေးစ မတွေ့၊ မိန်းခလေးရဲ့လက်မှာပဲ တွေ့လေတော့ ပြဿနာကို အားလုံးနားလည်အောင် ရှင်းပြ စေခဲ့တယ်၊
အဲဒီပြဿနာ ဘုရားထံပါးထိရောက်သွားတော့၊ ရဟန်း သာမဏေများ လက်သည်းရှည် မထားရလို့ စည်းကမ်း သတ်မှတ်ခဲ့တယ်၊ ဒီပြဿနာကို ဘုရားရှင်တို့အဖို့ ကြိုသိပြီးသားပါ၊ အကြောင်းအရာ မပေါ်ပဲ သတ်မှတ်မယ်ဆိုရင် စည်းကမ်းတွေများလို့ ဆိုပြီး သာသနာကို ၀င်ရောက်ဖို့ တွန့်ဆုတ်နေကြမယ်၊ မကြူးလွန်ဘဲနဲ့ ကြိုသတ်မှတ်ရင် ကျန်တဲ့ သံဃအဖွဲ့အ၀င်တွေကို ဆော်ကားရာ ကြမယ်လေ။ ဒါ့ကြောင့် ဘုရားရှင်တိုင်း အကြောင်းအရာ မပေါ်ပဲ စည်းကမ်း မသတ်မှတ်ခဲ့ကြဘူး။ ဒါ့ကြောင့်မို့လိုကွယ်၊ အခု ကို၇င် ၀တ်မယ့် ညီငယ်မှာ ရှိတဲ့ လက်သည်းရှည်လေး မသင့်တော်လို့ ညှပ်ပေးပါလို့ မေတ္တာဓာတ်ခံ ပါတဲ့ စကား မိန့်ကြားတော့ နာခံသူလည်း ကျေနပ်သွားတယ်လေ။
ဒီလိုနဲ့ ဆယ်ပါးသီလ ဆောက်တည်ကြ၊ တရားနာနေကြတဲ့ မိသားစုတွေရဲ့ အပူဇော်ကိုခံ၊ လိုက်နာရမယ့် ကျင့်ဝတ်တွေ ဆောင်ထားပြီး ပထမနေ့ ရှင်ပြုပွဲ ပြီးဆုံးခဲ့တယ်၊ နောက်နေ့ သိမ်ဝင်ပြီး ရဟန်းဖြစ်ကြတော့မယ့် သာမဏေတွေကို တစ်ညတာ ကုသိုလ်ကောင်းမှုတွေ တွေးပီး ပီတိ ဖြစ်စေတော့မယ်။
ဆိုလိုရင်းကတော့ ရောက်တဲ့နေရာမှာ သာသနာရဲ့ ကျေးဇူးကို မမေ့ကြဖို့၊ တက်နိုင်ရင် ရခဲတဲ့ မြင့်မြတ်တဲ့နေရာမှာ အခွင့်သာတုံး နေကြည့်ကြဖို့၊ ပါရမီဖြည့်ပေးသူတို့အဖို့လည်း ကိုယ်မတက်နိုင်ပေမယ့် လုပ်နိုင်သူတို့ကို သူတော်ကောင်းစိတ်မွေးပြီး ထောက်ပံ့ကြဖို့၊ ရဲဝံသူတို့ လျှောက်လှမ်းတဲ့လမ်းကို ကောင်းမွန်စွာလျှောက်လှမ်းစေအောင် တိုက်တွန်းကြဖို့၊ အမျိုးဂုဏ်၊ ကိုးကွယ်တဲ့ ဘာသာဂုဏ်တွေကို ရောက်ရာအရပ်မှာ ရဲဝံ့စွာ စောင့်ထိန်းဖို့ အရေးကြီးဆုံးပါဆိုတာ ဒီနေရာမှာ အထူးတင်ပြလိုတယ်၊ ဦးဆောင်သူ အပူဇော်ခံထိုက်တဲ့ ဆရာသမားတွေအတွက်လည်း အပြစ်မြင်ရင် ပြင်ပေးနိုင်တဲ့သတ္တိ ရှိကြဖို့ ဆိုတာတွေဟာ ဒီရဟန်းခံပွဲမှာ သင်္ခန်းစာ ရရှိခဲ့တယ်။ စာဖတ်သူ အနေနဲ့လဲ ဒီကြုံခဲ ပြုနိုင်ခဲတဲ့ အလှူပွဲကို သာဓုခေါ်လိုက်ပါ၊ သင်လည်း ထပ်တူ ရရှိခံစားနိုင်မှာပါ ဆိုတဲ့ စကား လတ်ဆောင်တစ်ခု ထားခဲ့ပါ့မယ်၊ ထပ်တူကုသိုလ် ရနိုင်စေလိုတဲ့ စေတနာ မျှဝေပါရစေ။
ဘိက္ခုပဏ္ဍိ(လင်္ကာဒီပကျောင်းသား)

0 comments:

Template by : kendhin x-template.blogspot.com