Showing posts with label သီဟိုဠ်တစ်ခွင် လှည့်လည်စဉ်. Show all posts
Showing posts with label သီဟိုဠ်တစ်ခွင် လှည့်လည်စဉ်. Show all posts

Sunday, January 4, 2009

စတုတ္ထနေ့ ခရီးစဉ်






စတုတ္ထနေ့၊ ဆိဂီရိယတောင်၊ နန်းတော်ရာဟောင်းတစ်ခု။

နံနက် မိုးလင်းတယ်ဆိုရင်ပဲ မြို့ဟောင်း ခေတ္တ နားခိုရာ နေရာကနေ သုံးနာရီခန့် မောင်းရတယ်၊ တောင် ခြေ ရောက်တယ်ဆိုရင်ပဲ ရှေးမင်းတွေ တည်ထားခဲ့တဲ့ နန်းတော်ရာ ထပ်တွေ့ပြန်ပါတယ်၊ ဒီတစ်ခါ တွေ့တဲ့ နန်းတော်ရာကတော့ အရင် ရောက်ခဲ့တဲ့ နန်းတော်ရာနဲ့တော့် ပုံစံခြင်းတူပေမယ့် နောက်ခံ ဇာတ်လမ်းခြင်း အတော့်ကို ကွာခြားပါတယ်၊
တောင်ခြေ ပတ်ပတ်လည်မှာ နန်းတော် တည်ထားတယ်၊ နောက် ဟိုး တောင်ပေါ် မီတာ (၂၀၀)ခန့် မြင့်တဲ့ တောင် စောက်စောက် လုံးပတ် ကြီးကြီး ပေါ်မှာ ဘုရင်က အပန်းဖြေ စခန်းတစ်ခု ဖန်တီးထားတယ်၊ အတော့်ကို မြင့်ပါတယ်၊ မြင့်တာထက် ပြေပြေ ရှောရှော တက်ရ လွယ်ကူတဲ့ ပုံစံမရှိဘဲ မက်မက်ပုံစံဖြစ်နေတာပါ၊ အဲဒီဘုရင်က အဲဒီတောင်ပေါ်ကို သီးသန့် သူ့အတွက် အပန်းဖြေစခန်းတစ်ခု ဖန်တီးထားခဲ့တာပါ၊ အဲဒါကိုမှ အခုခေတ်လူတွေ (ဦးဇင်းတို့အပါအ၀င်)ပေါ့ ဘုမသိ၊ ဘမသိ အပင်ပန်းခံ တက်လိုက်ရတာ၊ ချေသလုံး ကြွက်သားတွေကို ဆက်ဆက် တုံလို့၊ အပေါ်ရောက်ကာနီး တစ်ဆင့်အလို သူများတွေတော့မသိဘူး၊ ဦးဇင်းကိုယ်တိုင်တော့ လက်လျှော့ဖို့ စိတ်ကူးမိခဲ့တယ်၊ ဒါပေမယ့် ကလေးတွေက အစ တက်နေကြတော့၊ ယောင်္ကျားတို့ဇွဲ သေမှ လျှော့မယ်ဆိုတဲ့ မဟာဇနကမင်းသားထုံး နှလုံးမူပြီး အားခဲကာ ဆက်တက်လိုက်တော့ တောင်ကြီး ဖ၀ါးအောက်ဆိုသလို ရောက်ခဲ့ပါတယ်၊ အပေါ်ရောက်၊ ဓာတ်ပုံရိုက်၊ ပြီးမှ သမိုင်း သုတေသီတွေ ရေးထားတဲ့စာကို ဖတ်လိုက်ရတော့ ရင်မောစရာပါ၊ ဒီနေရာမှာ ဘုရင်က အပျိုတော်လေးတွေ ခြံရံ၊ ရေကန်တွေဖန်တီး၊ လူသူမနီးတဲ့ တောင်ပေါ်မှာ မိဖုရားပေါင်း မြောက်များစွာခြံရံပြီး ပျော်တော်ဆက် အပန်းဖြေရာ နေရာပါတဲ့၊ ကဲ၊ ဘယ့်နှယ့်ရှိစ၊ ရှင်ဘုရင် ပွေ ရှုပ်တဲ့ နေရာကို အပင်ပန်းခံပြီး တက်ခဲ့သမျှ အမောစို့ရပြန်ပေါ့၊ ဒါပေမယ့်-----
အမြင့်ရောက်လေ အောက်က အရာတွေကို ပိုမြင်ရလေပါ၊ အဲဒီလို အမြင့်ရောက်နေတဲ့သူတွေတိုင်း အောက်မှာ ဘာတွေ ဖြစ်နေသလဲ၊ ဘယ်သူမှားလို့ ဘယ်သူမှန်သလဲ ဆိုတာတွေ၊ ဘယ်အရာက သင့်တော်လို့ ဘယ်အရာက မသင့်တော်ဆိုတဲ့ ပုံစံမျိုးတွေ၊ တရားဘာဝနာ အားထုတ်ကြတဲ့ သူတွေကတော့ ပိုပြီး မြင့်တဲ့ တရားထူးတွေကို ရလေ နိမ့်ကျတဲ့သူများကို ပိုပြီး ဂရုဏာ သက်မိလေ စတဲ့ ဥပမာ ခံစားချက်မျိုး၊ အတွေးမျိုး ရရှိခဲ့ပါတယ်။

Wednesday, December 31, 2008

ခရီးစဉ်(၂)








ဒုတိယနေ့ ခရီးစဉ်မှတ်တမ်း ထပ်မံ စလိုက်ကြရအောင်၊ မနေ့က အဆုံးသတ်ခဲ့တဲ့ စိတ္တရပဗ္ဗတ တောင်ကနေ ကီလိုမီတာ (၁၇၅)ခရီးကိုတစ်နေကုန်ခရီးဆက်လက် မောင်းနှင်ခဲ့ကြတယ်၊ ညကတည်းကိုက ကားဆရာကို ကြိုတင် မေးမိတယ်၊ မနက် သွားမယ့် ခရီးကိုသွားဖို့ လမ်း ဘယ်နှစ်လမ်းရွေးချယ်ရမလဲပေါ့၊ နှစ်လမ်းရှိတယ်တဲ့။ တစ်လမ်းက ခရီးတို နောက်တစ်လမ်းကို ခရီးရှည်၊ ခရီးရှည်က တောင်တွေပေါ်ကို ပတ် သွားရမယ့် ခရီးဖြစ်ကြောင်းပြောပြတယ်၊ လမ်းခရီမှာ ရေတံခွန်၊ စမ်းချောင်း၊ သဘာဝအလှ ရှုခင်း၊ လွင်ပြင်ဒေသ၊ မြန်မာပြည် ရှမ်းပြည်လိုပဲ အရမ်း အေးတဲ့နေရာ၊ ဘေးမဲ့ ဥယျာဉ် စသည်တွေ တွေ့ရမယ် ဆိုလို့ ရွေးချယ်ခဲ့ကြတယ်၊ ခရီးစဉ်အားလုံး အရမ်းကိုပျော်ရွှင်ဖို့ကောင်းခဲ့ပါတယ်၊ ပိုပြီး စိတ်ဝင်စားဖွယ် ကောင်းတာကတော့ တောင်များရဲ့ ထင်ရှားလှတဲ့ သမိုင်းနောက်ခံပါ၊ သီဟိုဠ်ရာဇ၀င်မှာရော မြန်မာတွေ အသိများတဲ့အကြောင်းတွေပါ၊ ရာမ ဇာတ်တော်ဆိုရင် ကလေးကအစ သိနိုင်ကြပါလိမ့်မယ်၊ ဒသဂိရိ ဆိုတဲ့ အချစ်လူကြမ်းကြီးနဲ့ မယ်သီတာဆိုတဲ့ ကုလား မင်းသမီးချောလေးရဲ့ ဇာတ်လမ်းက အခု ဦးဇင်းတို့ ဖြတ်သန်းခဲ့ရတဲ့ တောင်များနဲ့ အများကြီး ဆက်ဆက် နေပါတယ်၊ ဒသ=တဆယ်၊ ဂိရိ=တောင်၊ တောင်ဆယ်လုံးကို အစိုးရတဲ့ ရုပ်ဆိုးဆိုး အချစ်လူကြမ်းကြီး အုပ်စိုးခဲ့တဲ့ နေရာပေါ့၊ တောင်ဆယ်လုံးမက အဲဒီတောင်များကို ချန်ရံထားတဲ့ တောင်ငယ်လေးတွေပါမကျန် ရောက်ခဲ့ကြပါတယ်၊ ရေတံခွန်နေရာကတော့ ရာမ မင်းသားက ဒသဂိရိထံက မယ်သီတာကို ပြန်ပြီး လုတဲ့ နေရာလို့ အပြော များကြ ပါတယ်။
အေးချမ်းလှတဲ့ ရာသီဥတုကို အခုမှ အပြည့်အ၀ ခံစားဖူးတာပါ၊ မြန်မာပြည်က ရှမ်းနယ် ဘယ်လောက် အေးသလဲ ကျွန်တော်မသိ၊ မေမြို့ကြီး ဘယ်လောက် သာယာ လှပသလဲ ကျွန်တော်မမြင်၊ ပြင်ဦးလွင် ဘယ်လောက် ခံစားမှု ပေးနိုင်မလဲ၊ မခံစားတက်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် မရောက်ဘူးလို့ပါ။ အခုရောက်နေတဲ့ နေရာတွေကတော့ သမိုင်းကြောင်းအားဖြင့်လဲ စုံလင်၊ သဘာဝအားဖြင့်လဲ့ လှပ၊ ရေမြေသဘာဝကလဲ စိုပြေ၊ အေးချမ်းလှတဲ့ ဒီနယ်မြေကို တစ်သက်တာ လုံးဝ မမေ့ရက်စရာပေါ့။ ဓာတ်ပုံလေးတွေ ကြည့်ပြီး ကိုယ်တိုင် ရောက်နေသလို ခံစားကြည့်ပါနော်၊ အေးချမ်းတဲ့အရသာကို ခံစားကြည်ချင်ရင်တော့ ရေချိုးပြီးကာစ ကြည့်ပေါ့။ ဒီလိုနဲ့ ဒသဂိရိ အုပ်စိုးခဲ့တဲ့ တောင်များ၊ ရှုခင်းများ၊ ဒေသထွက် လဘက်ခင်းများ၊ နွားခြံများကို ကြည့်ရှုရင်း ခရီးတစ်ထောက် နားဖို့ အချိန် ကျရောက်လာခဲ့ကြပြန်တယ်၊
ဘန်ဂလို တစ်လုံးငှား၊ ရေပူရေအေးနဲ့ သန့်စင်၊ အားလုံးပင်ပန်း၊ နားနေခန်းသွားကြကာ၊ အင်တာနက် အပြေးရှာ၊ ယခု post လေးကို တုန်တုန်ရင်ရင်နဲ့ ရေးကာ ရေးကာ ရှမ်းပြည်ကို မှန်းကာလွမ်း၊ အားလုံး အပန်းဖြေနေကြတဲ့အချိန်ရောက်လို့ ခွင့်ပြုပါဦးနော်၊ စာဖတ်သူ သင်တစ်ယောက် ကျွန်ုပ်ရဲ့ ကြုံသလို ရေးချထားတဲ့ ခံစားမှုလေးတွေကို ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးပါလို့ ပြောရင်း၊ နှစ်သစ်မှာ မကောင်းခဲ့တဲ့ စိတ်ညစ်တွေကိုဖျောက်၊ ကောင်းတဲ့ အတွေး ကောင်းတဲ့အကြံ၊ ကောင်းတဲ့ စကား၊ကောင်းသော အမူအရာတွေနဲ့ ပျော်ရွှင်နိုင်ပါစေ၊ ကောင်းတဲ့ အရာတွေအားလုံး နှစ်ဟောင်းမှာကဲ့သလို့ ဆက်လက် လုပ်ဆောင်နိုင်ပါစေလို့ ဆုမွန်ချွေလိုက်ပါရစေ၊ Happy New Year!

30 နေ့မှ ဓာတ်ပုံများ





Type your summary here.

Type the rest of your post here.

Tuesday, December 30, 2008

ခရီးစဉ်(၁)

ပထမနေ့=၃၀ရက်၊ ဒီဇင်ဘာလ၊ ၂၀၀၈
စာမေးပွဲပြီး အားလုံး သူငယ်ချင်း ဦးဇင်းတွေ တပျော်တပါး ဒေသန္တရ ဗဟုသုတ ရစေဖို့ သီဟိုဠ် (သီရိလင်္ကာ)ကျွန်းတစ်ပတ် ခရီးလှည့်လယ် ကြပါတယ်၊ ဒီနေ့ဟာဆိုရင် ပထမနေ့ပါ၊ ကိုလံဘို ကနေ နံနက် ငါးနာရီ ထွက်ခွါခဲ့ကြပါတယ်၊ အားလုံး သံဃာ နှစ်ဆယ့်သုံးပါး၊ သီလရှင် ဆရာလေး နှစ်ပါး စုစုပေါင်း နှစ်ဆယ့် ငါးဦးပါ၊ ပထမဦးဆုံး ကိုလံဘိုရဲ့ အနောက်ဘက် ယွန်းယွန်ုးကို ကီလိုမီတာ (45) ခရီး ရောက်တယ်ဆိုရင်ပဲ သမိုင်းဝင် သီဟိုဠ် မော်ကွန်းဝင် ဖြစ်တဲ့ ဗောဓိပင်ပွါး စေတီ တစ်ဆူကို ရောက်ပါတယ်၊ သီဟိုဠ်နိုင်ငံမှာ ချစ်ဖို့ကောင်းတဲ့ ယဉ်ကျေးမှုတစ်ခုလို့ပဲ ဆိုရမလား၊ တဖက်သက် တယူသန်တယ်ပဲ ဆိုရမလား ဆိုတာတော့ မပြောတက်ဘူး၊ ဘာလဲဆိုတော့၊ ဗောဓိပင်ကို ဘုရားအဖြစ်နဲ့ ကိုးကွယ် ပူဇော်ရာမှာတော့ ဗုဒ္ဓဘာသာနိုင်ငံတွေထဲမှာ စံပြပါပဲ။ ယုံကြည်မှုကတော့ ဗောဓိပင် ရှိရင် ဗုဒ္ဓ သာသာနာ ဘယ်တော့မှ ကွယ်ပျောက်မှာ မဟုတ်ပါဘူးတဲ့။ နောက်တစ်ခုက ဗုဒ္ဓ မြတ်စွယ်တော်ပါ ၊ အဲဒါကတော့ ကန္ဒီလို့ခေါ်တဲ့ မြို့မှာပါ၊ အခု သွားနေတဲ့ ခရီးနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတော့ ပြောပြဖို့ရန် စောသေးတယ်လေ၊
အဲဒီ ဗောဓိပင်ကိုပဲ ပူဇော်ကြ၊ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြပြီး၊ ခရီးဆက်ခဲ့ကြတယ်၊ နောက် တစ်နေရာကတော့၊ သမိုင်းဝင်တော့ မဟုတ်ပါဘူး၊ ဒါပေမယ့် မြန်မာနိုင်ငံ ခြောက်ထပ်ကြီးဘုရား၊ ပဲခူး ရွှေသာလျောင်း၊ စိန်သာလျောင်းဘုရားတို့လို ရုပ်ဆင်းတု အကြီးဆုံးပါ၊ ပူဇော်ခဲ့ကြတယ်၊ ထုံးစံအတိုင်း ဓာတ်ပုံရိုက်ခဲ့ကြတယ်၊ ဓာတ်ပုံတွေကို သီးသန့် တင်ပေးမယ်နော်။ နောက် တစ်နေရာ ဆက်ကြပြန်ပေါ့။
အဲဒီနေရာကတော့ ပြောပြရင် နဲနဲတော့ ရှည်သွားမယ်၊ အတိုဆုံးကို ချုံးပြရရင်တော့ သီဟိုဠ်ရဲ့ သမိုင်းစာမျက်နှာ နှစ်ပေါင်း ငါးရာလောက်ကို ပြန်လှန်ပြမယ်ပေါ့၊ နယ်ချဲ့ ကိုလိုနီ၊ ပေါ်တူဂီ၊ ဒက်ခ်ျ စသည်တို့ရဲ့ နယ်ချဲ့ လွှမ်းမိုးမှုကို ခံခဲ့ရပါတယ်၊ နိုင်ငံခြားသားတွေ အများစု စိတ်ဝင်စားတဲ့ နေရာဖြစ်တယ်။ အိန္ဒိယ သမုဒ္ဒရာရဲ့ အလယ်တဲ့တဲ့ အတော်လည်း လှပ၊ ပုလဲသဖွယ်လို့တောင် တင်စား၊ နေရာကလည်း အချက်အခြာကျလေတော့ ရှေးယခင် နယ်ချဲ့ချင်ကြတဲ့ အနောက်တိုင်း လူမျိုးစုတွေ မျက်စိကျစရာ နေရာတစ်ခု ဖြစ်ခဲ့တယ်ပေါ့။
အချိန်ကလည်း တရွေ့ရွေ့ကုန်ဆုံး၊ ဆယ့်တစ်နာရီ ဆုံးဆယ်ခန့်လောက် ဆက်လက် မောင်းပြီးထွက်လာခဲ့တာ၊ ဆွမ်းစားချိန်တောင် ကပ်လို့နေပေါ့၊ ခရီးတစ်ထောက် တစ်နေရာ နားဖို့အတွက် အရိပ်ကောင်းတဲ့ ကျောင်းတစ်ခု ရှာကာ နားကြပြန်တယ်၊ ခေါင်းဆောင် ကိုယ်တော် အပင်ပန်းခံကာ စီစဉ်လာခဲ့တဲ့အတိုင်း မြေပဲကြော်၊ ငံပြာရည်ကြော်နဲ့ အသားကြော်နဲနဲ မျှဝေကာ ခဲလိုက်ကြတော့ တစ်ပွဲစာ ဒုက္ခ ငြိမ်းသွားပြန်တာပေါ့၊ ခရီးစဉ်က စပြီး ထွက်တဲ့ နေ့ပဲ အတော့်ကို ပင်ပန်းစေပါတယ်၊ နားဖို့ အချိန်ကို မရခဲ့ပါဘူး၊ ညပိုင်း အနားယူး ကျိန်းစက်ရမယ့် နေရာကို အရောက်သွားရင် လမ်းမှာရှိတဲ့ ပင်လယ်ရှုခင်းကို အားရအောင် ကြည့်၊ ဖြတ်သန်းတိုက်ခတ်လာတဲ့ လေပြေ လေအေး နုနုလေးတွေကို အားရအောင်ကိုရှုရှိုက်၊ ပါလာတဲ့ ရေတွေ တစ်ကြိုက်သောက်လိုက်ရင်း ဖြတ်သန်းလာခဲ့ရာ၊ တစ်ခေါက် နားခိုရာ နေရာကို ရောက်ခဲ့ကြတယ်၊ ဘေးမဲ့တော တစ်ခုပါ၊ ဆင်၊ ကျား၊ သမင်၊ဒရယ်၊ အိုးဝေ(ခ)ဥဒေါင်း၊ အတောင်ညောင်းရင် နားတက်တဲ့ ငှက်ပေါင်းစုံ ပျော်စံရာ တော တစ်နေရာမှာပေါ့၊ လွန်ခဲ့တဲ့ နှစ်များစွာက ဒီနေရာ ဒီဒေသ ဘယ်လောက် ဆိုးရွားခဲ့သလဲဆိုတာကို ပေါ်လွင်စေတဲ့သဘောလား၊ အစိုးရ ရုံးကိစ္စတွေ ပေါများရာကို ပြသတဲ့သဘောလားမသိ၊ စစ်ဆေးရေးဂိတ်တွေ အနည်းဆုံး ဆယ်ခုထက်မနဲ ဖြတ်သန်းခဲ့ရတယ်၊ သို့သော်လည်း၊ ဗုဒ္ဓမြတ်စွာရဲ့ သားတော်တွေ ပီပီ၊ ဗုဒ္ဓဘာသာနိုင်ငံမှာ(သီဟိုဠ်) မျက်နှာပန်းလှလှ ဖြတ်သန်းကြရပြန်တယ်၊ အစဉ်အလာ မေတ္တာ ကြီးမားတဲ့ သီဟိုဠ် ဆရာတော်မှန်း သိသာလေအောင် တောတွင်းပေါက်ဖွား သားရိုင်းတိရစ္ဆာန်ဖြစ်ကြတဲ့ သားမင်၊ ဆင်၊ စသည့် သားကောင်များ လူတွေနဲ့ ရင်းနှီးစွာ နေထိုင်နေနိုင်ကြတာကို တည်းခိုမယ့် ကျောင်းမှာ တွေ့မြင်ရတော့ အတော်ပင် ပီတိ ဖြာမိခဲ့ပါသေးတယ်၊ နောက်တော့မှ သိတယ်၊ ဒီလောက်ဝေးတဲ့နေရာ၊ လမ်းပန်းဆက်သွယ် နဲတဲ့နေရာ ဘာများရှိသလဲလို့ နောင်တော်တွေကို မေးလိုက်တော့၊ ဤတောင်မှာ ရဟန္တာ တစ်သောင်းကျော် သီတင်းသုံးနေထိုင်ခဲ့ဘူးတယ်၊ သီဟိုဠ်မှာ ၀ဋဂါမဏိ အဘယမင်းလက်ထက် တစ်ဆယ့်နှစ်နှစ်ကျော်ကြာ ငတ်မွတ်ခေါင်းပါဘေး ဆိုက်ရောက်တော့ ထို ရဟန္တာ မထေရ် အရှင်မြတ်များ အစာရေဆာ ခတ်ခဲမှုကြောင့် စုပေါင်း ပရိနိဗ္ဗာန် ပြုခဲ့ကြတယ်၊ နောက်ပိုင်းလည်း ရဟန္တာအစဉ်အဆက် သီတင်းသုံးနေထိုင်ကြတယ်ဆိုတဲ့ အကြောင်းကတစ်ခု။
မြန်မာနိုင်ငံမှာ တရားအားထုတ်နည်းတွေ များစွာ ပျံ့နှံ့နေတဲ့အထဲက ကနီ တရားအားထုတ်နည်း ဆိုတာလည်း အတော့်ကို ထင်ရှားတဲ့ နည်းတစ်ခုပါ၊ အဲဒီ တရားအားထုတ်နည်းရဲ့ အဓိက ဇစ်မြစ်က ယခု ဦးဇင်းများရောက်ရှိနေရာ ဒေသက ဖြစ်တယ်လို့ ဆိုပါတယ်၊ တိဘက် ရဟန်းတော်တစ်ပါး သျှီဝတိဿ မထေရ်မြတ်တစ်ပါး ဤတောင်မှာ သီတင်းသုံးတော်မူနေခဲ့တဲ့ စိတ္တလမထေရ်မြတ်ထံမှာ နည်းနာ ခံယူရင်း တရားအားထုတ်ခဲ့တယ်၊ နောက်ပိုင်း တရားထူး ရရှိခဲ့တယ်၊ မြန်မာနိုင်ငံသို့ လှည့်လှည် သာသနာပြုရင်း ထို တရားအားထုတ်နည်းကို မျိုးစေ့ချပေးခဲ့တယ်၊ ဒါက ကနီ တရားအားထုတ်နည်းရဲ့ ဇစ်မြစ် အရင်းခံချက်ပါ၊ ထို ရဟန္တာ မထေရ်ရဲ့ အမည်နာမကို အကြောင်းပြုပြီး ယခု ရောက်ရှိနေရာ တောင်ကို စိတ္တလ+ပဗ္ဗတ-တောင်(စိတ္တလ=မထေရ်မြတ်ရဲ့အမည်၊ ပဗ္ဗတ=တောင်၊ စိတ္တလပဗ္ဗတတောင်လို့ အမည်တွင်ရစ် စေခဲ့ပါတယ်၊
့ဒီလိုနဲ့ သူတော်တောင်းတွေ တရားထူးရရှိသွားတဲ့နေရာမှာ အတူလိုက်ပါလာကြတဲ့ သူငယ်ချင်းတွေ အားလုံး စုပေါင်း ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃပူဇာ ပြုလုပ်ခဲ့ကြတယ်၊ အန္တရယ်ကင်းစေဖို့လည်း စုပေါင်း ဆို့တောင်းမေတ္တာ ပို့သ ခဲ့ကြပါသေးတယ်၊ သူတော်ကောင်းတို့ရဲ့ အတု လိုက်ခဲ့ကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ သူတော်ကောင်းတွေဆိုတာ ငါးဖြာအာရုံ ကာမဂုဏ်တွေနဲ့ ဝေးတဲ့ နေရာ ဒေသ တွေကို နှစ်သက်ကြ ပါတယ်၊ အခုလည်း ဒီနေရာ ဒီဒေသတွေဟာ သူတော်ကောင်း၊ တရားအားထုတ်သူတို့ နှစ်သက်နိုင်သေးတဲ့ နေရာတစ်ခုအဖြစ် ရပ်တည်နိုင်ပါသေးတယ်။ သူတော်ကောင်းတို့ သူတော်ကောင်းဖြစ်အောင်းအားထုတ်ချင်သူတို့ အဖို့ စိတ်ကြည်နှုးရတယ်၊ ဂုဏ်ယူမိတယ်၊ ကုသိုလ်ပွါးမိတယ်၊ ဒီနေ့ အဖို့ ဒေသန္တရ ဗဟုသုတ ကျောင်းမှာ နေခဲ့တာနဲ့ စာရင် များစွာရရှိလိုက်ပါတယ်လို့ ပြောရင်း ဒီနေ့အဖို့ ခရီးစဉ်ကို ဒီမှာပဲ အဆုံးသတ်လိုက်မယ်နော်၊ နောက်နေ့ ဆက်ကြတာပေါ့၊ ထပ်တူ ခံစားနိုင်ကြပါစေ။ အခုဆိုရင် ကီလိုမီတာ (၂၈၅)ခရီး ပေါက်နေပါပြီ။

Template by : kendhin x-template.blogspot.com