Tuesday, October 14, 2008





Type your summary here.

Type the rest of your post here.

ဒါပေမယ်-----------

ဒိနေ့ သီတင်းကျွတ် လပြည့်နေလေ၊ ၀ါတွင်းသုံးလပတ်လုံး နတ်ပြည်မှာ မယ်တော်မိနတ်သားကို အဘိဓမ္မာတရား ဟောကြားပြီး လူ့ပြည်ကို မြတ်စွာဘုရား ပြန်လည်း ဆင်းသက်တော်မူလာခဲ့တဲ့နေ့ပါ၊ မြန်မာပြည်မှာဆိုရင် ဒီနေ့ ဒီအချိန်ဆို အတော်စည်ကားနေကြမယ်၊ ဘုရားသွား၊ မိဘတွေကို လတ်ဆောင်ပစ္စည်းများဖြင့် ကန်တော့၊ မီးပုံးပျံလွှတ်တင်ကြ၊ ဆီမီးတွေ ထွန်းညှိကြတယ်လေ၊ အရမ်းကို ကြည်နှုးစရာ အကောင်းဆုံးအချိန်တွေပါ၊ အပျော်ဆုံးအချိန်ဆိုတာ ကိုယ်တိုင် ပါဝင်ဆင်နွှဲမှ မဟုတ်ပါဘူး၊ သူများပျော်နေတာ ဆင်နွှဲနေကြတာကို မြင်ရင်ပဲ ကြည်နှုးလို့ ရနိုင်တဲ့အရာပါ၊ မုဒိတာရဲ့သဘောလေ။ ကိုယ်တိုင်လဲ ပါဝင်ဆင်နွှဲချင်တာပေါ့နော်၊ ဒါပေမယ့် ဒါပေမယ့်-------

ကျွန်တော် သီဟိုဠ်လို့ ခေါ်တဲ့ သီရိလင်္ကာ နိုင်ငံရောက်ခဲ့တာ သိပ်မကြာသေးပါဘူး၊ ယနေ့ ၀ါကျွတ်ပြီလေ၊ အမေ့ကို ကန်တော့ချင်လိုက်တာ၊ ဒါပေမယ့်------ ဆရာသမားတွေကို ပစ္စည်းလတ်ဆောင်လေးတွေနဲ့ ပူဇော်ချင်လိုက်တာ။ ဒါပေမယ်---- သူငယ်ချင်းတွေနဲ့ ဘုရားသွားပြီး လျှောက်လည်ချင်လိုက်တာ။ ဒါပေမယ့်-- မီးပုံးပျံတွေ ပွဲလန်းသဘင်တွေ အို-----စုံလို့ပါပဲ။ ဒါပေမယ့်တွေ များလာတော့မှာ၊ ကျွန်တော့်လိုပဲ နိုင်ငံရပ်ခြား တိုင်းတပါးမှာ မိဝေး ဖဝေး စီပွါးရှာနေကြတဲ့သူတွေ မနည်းပါဘူး၊ နှစ်တွေလည်း ဘယ်လောက် ကြာညောင်းနေကြမလဲ၊ ကျွန်တော့်ထက် ကြာမြင့်စွာ ခွဲခွါ နေထိုင်ကြတဲ့ ညီအစ်ကို မောင်နှမတွေ ဘယ်လောက်များနေကြမလဲ၊ အလွမ်းကိုယ်စီ ဘယ်လောက်ရှိနေကြမလဲ၊ ကိုယ်ချင်းစာကြည့်ပါတယ်ဗျာ။ အစ်ကိုတို့ အစ်မတို့အစား ကျွန်တော် လွမ်းကြည့်ပါတယ်၊ အတော့်ကို လွမ်းဖို့ကောင်းလိုက်တာနော်၊ မျက်ရည်တောင် ၀ဲလာမိတယ်၊
အဲ--အကြံတစ်ခု ရလိုက်တယ်၊ ချက်ခြင်းပဲ ဖယောင်းတိုင် သွားဝယ်လိုက်တယ်။ သူငယ်ချင်းတစ်ယောက်က မေးတယ်၊ ဘာလုပ်ဖို့လဲတဲ့၊ အလွမ်းဖြေမလို့ပါလို့၊-- ဘယ်လို ဘယ်လို၊ ကျွန်တော်လည်း စိတ်ရှည်လတ်ရှည် ပြန်လည် ဖြေကြားလိုက်ပါတယ်- စောင့်ကြည်ပေါ့---လို့။ သူငယ်ချင်းတွေ အားလုံး စုပေါင်းပြီး ကာယကံ ၀စီကံ မနောကံနဲ့ ပြောဆိုပြစ်မှားမိတာတွေ ခွင့်လွှတ်ပေးဖို့ အချင်းချင်း တောင်းပန်လိုက်ကြတယ်၊ နောက် မီးထွန်းပြီး မြန်မာ့ အလွမ်းပြေ ပူဇော်ကြမယ်လို့ စည်းရုံးလိုက်တယ်၊ အပေါင်းအသင်းတွေကလည်း အားတက်သရောပေါ့၊ မင်းဝယ်လိုက်ပါ၊ ငါတို့ လုပ်အားကူညီမယ်တဲ့၊( အတော်ကပ်စေးနှဲလိုက်တာ) စိတ်ထဲက ပြောလိုက်တာပါ၊ ဒီလိုနဲ့ ကျွန်တော်တို့ ဖယောင်းတိုင်လေးတွေ ဗောဓိပင်အောင် လိုက်ပြီး ကိုယ်စီ စိုက်လိုက်ကြတယ်၊ ဖယောင်းတိုင် စိုက်ရင်း စိတ်ကူးနဲ့ ကြည်နှုးနေကြမယ် ဆိုတာ တွေးကြည့် သိနိုင်တယ်လေ၊ ဒီနေ့ ဒီအချိန်-------ဆိုပြိးပေါ့၊ အားလုံး ဖယောင်းတိုင်များစိုက်ပြီးတော့ မီးထွန်းညှိဖို့ အချက်ပေးလိုက်တယ်ဆိုရင်ပဲ--ဂျိန်း--ဂျိန်း-----ဂျိန်း---။ ဟာ သွားပြီ---- ကိုရွှေမိုးရယ် ဘယ်အညှိုးနဲ့ ဒီလောက် ရက်စက်တာလဲကွယ်လို့ မော့ကြည့်ပြီး ပြောလိုက်ကာမှ ပိုလို့တောင် သဲလိုက်သေး၊ အော် အေးချမ်းတဲ့ အဓိပ္ပါယ်ကို ဆောင်တာပါလို့ အကောင်းဘက်က မြင်လိုက်ပါတယ်၊ ကျွန်တော်တို့ရဲ့ မီးထွန်းပွဲ အလွမ်းပြေလေး ငါးမိနစ်အတွင်းမှာပဲ ရေထဲ မျောသွားပါတယ်။ ရည်ရွယ်ချက်ကိုယ်စီ အတွေးကိုယ်စီ ကိုယ်စီ ကိုယ်စီ ပျက်ပြယ်ခဲ့ပြီပေါ့ဗျာ၊
ကျွန်တော် မပြောချင်တဲ့ စကား ဒါပေမယ့်--ဆိုတဲ့ စကားနဲ့ပဲ ကျွန်တော့်ရဲ့ မီးထွန်းပွဲ အလွမ်းပြေ အဆုံးသတ်ရတော့မှာပေါ့၊ အစတော့ ကျွန်တော်က ရွှေမြန်မာများကို မီးထွန်းပွဲ အလွမ်းပြေ အတွေ့အကြုံလေး ဗောဓိပင်အောက်မှာ ကျင်းပရင်း ကိုယ့်လိုပဲ အလွမ်းပြေရအောင် တင်ပြချင်တာပါဗျာ၊ ဒါပေမယ့်--- ဒါပေမယ့်-- ဒါပေမယ့်နဲ့ပဲ ကျေနပ်လိုက်ကြပါတော့လို့ ကျွန်တော် ဒီနေရာက တောင်းပန်လိုက်ပါတော့မယ်၊ ဒါပေမယ့် ---- ကိုရွှေမိုးရယ်-------------------------------------
အခုတော့ ကိုရွှေမိုးက သူမဟုတ်သလိုပါပဲ၊ မြူတိမ်ကင်းစင် ၀င်းပလမင်း ပေါ်ထွက်လာခြင်းနဲ့အတူ ကျွန်တော်တို့ရဲ့ မီးထွန်းပွဲ ပျက်လို့ လွမ်းနေကြတဲ့ ကျောင်းသားလေးတွေကို သူကလည်း မျက်ရည်တွဲလဲနဲ့ ကြိုဆိုသည့်အလားပေါ့၊ ပေါ်ထွက်လာပါတယ်၊ မီးများကို ထွန်းညှိုပူဇော်ကြပါတယ်၊ အမှတ်တရ ဓာတ်ပုံများလည်း ရိုက်ကြပါတယ်၊ စာဖတ်နေတဲ့ သူလည်း ပါဝင် ဆင်နွဲချင်တယ်ဆိုရင် အခုပဲ အရောက်လှမ်းခဲ့ပါနော်၊ နွေးထွေးတဲ့ နှလုံးသားနဲ့ အမြဲ ကြိုဆိုနေပါတယ်ဗျာ။
လင်္ကာဒီပကျောင်းသား


Template by : kendhin x-template.blogspot.com