Thursday, June 11, 2009

Project Summary Of my Goal!


ဒို့ဘိုး ဒို့ဘွား၊ ဒို့မျိုးများက၊ ဒို့သွေး ဒို့သား၊ ဒို့မျိုးများအတွက်၊ ကျောင်းကန် ဘုရား၊ စေတီများနှင့်၊ ကိုးကွယ်ဖို့ရာ၊ သာသနာကို၊ ကောင်းစွာစဉ်ဆက် ပေးအပ်ခဲ့၊ ကောင်းစွာစဉ်ဆက်ပေးအပ်ခဲ့၍၊ ဒို့လက်ရောက်လာ ဒို့ဘာသာကို၊ ညီညာဖြဖြ စောင့်ထိန်းကြမှ အမျိုးဘာသာ သာသနာသည်၊ ကောင်းစွာတည်တံ့ နိုင်လိမ့်သတည်း၊
Project Summary
တည်ထောင်သောနေရာ ။ ။ ဓမ္မိကာရာမ(ဒွါရ)ကျောင်း၊ မြို့မ (၄) ရပ်ကွက်၊ ဘိုကလေးမြို့။
ဖွင့်လှစ်သော ကျောင်းအမည် ။ ။ တနင်္ဂနွေကျောင်း၊ Sunday School
နေရာ သတ်မှတ်ချက် ။ ။ နာဂစ် မုန်တိုင်းသင့် ဒေသ၏ အချက်အခြာ ကျသော မြို့ဖြစ်သည့် ဘိုကလေးမြို့ပေါ်တွင်ဖြစ်သည်။ ဤတနင်္ဂနွေကျောင်းသည် မြို့ပေါ်နှင့် နီးစပ်ရာ ရွာစဉ်တွင်ရှိသော ဘုန်းတော်ကြီးကျောင်းများ အားလုံးတွင် သက်ဆိုင်ရာ ၀ါသနာတူ ကျောင်းထိုင် ဆရာတော်များ နှင့် တိုင်ပင် ညှိုနှိုင်း၍ ဖွင့်လှစ်ပေးနိုင်အောင် ရည်ရွယ်သည်။
ကျောင်းသား အရေအတွက် ။ ။အများဆုံး ငါးရာ အရေ အတွက်အထိ သတ်မှတ်ထားသည်။ အခြေခံ အဆင့်ကျောင်းသားများအတွက် ရည်ရွယ်သည် ဟု ဆိုသော်လည်း မူလတန်း ကလေးငယ်များသာ ဦးစားပေး လက်ခံ သင်ကြားပေးမည်။ ကျား မ မရွေး စာရင်း လက်ခံသည်။
စတင်သည့်ရက် ။ ။ မတ်လ (၁၄)ရက် တနင်္ဂနွေနေ့
သင်ကြားမည့် ဘာသာရပ်များ ။ ။ ဘာသာရေးကျောင်းနှင့် Language School နှစ်ခု ပေါင်းစပ် ဖွင့်လှစ်သည်ဖြစ်၍ ဗုဒ္ဓဘာသာ သင်္ခန်းစာနှင့် လက်တွေ့သုံး အင်္ဂလိပ်စာ အခြေခံများမှာအဓိက ပါဝင်ပြီး အခြား ကလေးငယ်များနှင့် လျော်ညီသော သင်္ချာ ဘာသာရပ်၊ ဥာဏ်ရည် ထက်မြက်စေသော နည်းပညာများ ပါဝင်သည့် နိုင်ငံခြားမှ တိုက်ရိုက် ထုတ်ဝေသော စာအုပ်နှင့် သင်္ခန်းစာများ ပါဝင်သည်။ ဗုဒ္ဓဘာသာ သင်္ခန်းစာဟု ဆိုရာတွင် ရှေးရိုး သင်နည်းစံနစ်မဟုတ်ဘဲ ခေတ်လူငယ်တို့နှင့် သင့်တော်သော ခေတ်အမြင် ခေတ်အတွေး နိုင်ချိန်ဆနိုင်အောင်၊ မိမိကိုယ်တိုင် တွေးခေါ် ကြံဆ နိုင်အောင် စီစဉ်ထားသော နည်းစံနစ်များဖြင့် သင်ကြားပေးပြီး ထိုနည်းတူ အင်္ဂလိပ်စာကိုလည်း တန်းကျောင်းသင်နည်းစံနစ်နှင့် မတူပဲ ကိုယ်တိုင် လက်တွေ့ သဘောပေါက် နားလည်ပြီး အင်္ဂလိပ်လူမျိုး၊ နိုင်ငံခြားသားများကို အခါအခွင့်သင့်လျှင် သင့်တော်သလို ဖိတ်ကြားပြီး ကလေးငယ်များ ပြောရဲ ဆိုရဲ ရှိအောင် လေ့ကျင့်သင်ကြားပေးမည်။ သင်ကြားမှုပိုင်းဆိုင်ရာတွင် သင်ထောက်ကူပစ္စည်းများစွာ (ကွန်ပျူတာ၊ ဗီဒီယို၊ ပရိုဂျက်တာ၊ ပုံပြ အဘိဓာန်) ပါဝင်သည်။ တနင်္ဂနွေကျောင်းတွင် သက်မှတ်ထားသော ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း အောင်မြင်ပြီးသော ကျောင်းသား ကလေးများသည် ငွေကြေးအထောက်အပံ့ ပြည့်စုံမည်ဆိုပါက နိုင်ငံခြားစာမေးပွဲများကို တိုက်ရိုက် ဖြေဆိုနိုင်ပြီး ကျောင်းဆက်တက်နိုင်အောင်အထိ ရည်ရွယ်ပြီး သင်ကြားပေးသည်။
ဆရာ/ဆရာမ အင်အား ။ ။ အင်္ဂလိပ်စာ သင်ကြားပေးသော ဆရာမ နှစ်ဦး၊ ရဟန်းတော် နှစ်ပါး၊ ဗုဒ္ဓဘာသာ သင်္ခန်းစာ သင်ကြားပေးသော ရဟန်းတော် တစ်ပါး၊ ဆရာမ လေးယောက်၊ ပေါင်း အမာခံအင်အား ရှစ်ယောက်ရှိပါသည်။
နယ်ခံ စေတနာ့ဝန်ထမ်းကို စာသင်ပေးနိုင်လောက်သည့်အထိ လေ့ကျင့်သင်ကြားပေးပြီးဖြစ်နေ၍ စေတနာ့ဝန်ထမ်းအင်အား (၃၀)ရရှိထားပြီးဖြစ်သည်။
ကျောင်းဖွင့်ရက်/အချိန် ။ ။သင်တန်းကျောင်းသည် နှစ်ရှည်စီမံကိန်းဖြစ်သော ကြောင့် အများစု ရုံးပိတ်ရက် (တနင်္ဂနွေ)ကို ရွေးချယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။ ကလေးငယ်များနှင့် ကျောင်းသား ဆရာမများ ကျောင်းချိန်နှင့်လည်း လွတ်အောင် အားလပ်ရက်လည်း ရှိအောင် စီစဉ်ခြင်းဖြစ်၍ တနင်္ဂနွေနေ့တိုင်းဖြစ်သည်။
သင်ကြားမည့်အချိန် ။ ။နံနက် ၆:၃၀ နာရီမှ နေ့လည် ၁၂ : ၀၀ နာရီအထိ ဖြစ်သည်။ ကိုးနာရီခွဲတွင်မုန့်စားကျောင်း ဆင်းပေးမည်။
အားလပ်ချိန်အစီအစဉ် ။ ။ အားလပ်ချိန် မုန့်စားကျောင်း ဆင်းချိန်တွင် ကလေးငယ်များ ကျောင်းအပြင်သို့ မထွက်စေဘဲ ကျောင်းထဲမှာပင် ပျော်ရွှင်စွာ ဆော့ကစားစေသည်။ အာဟာရ ပြည့်ဝသော မုန့် စားဖွယ်များကိုလည်း သင့်တော်သလို အပတ်စဉ် စီစဉ်ပေးသည်။
လိုအပ်ချက်များ ။ ။ ကလေးငယ်များ၏ စာရေးကိရိယာ၊ သင်ထောက်ကူပစ္စည်းများ(မိတ္တူစက်၊ ကွန်ပြူတာ၊ ပရိုဂျက်တာ၊ မီးစက်၊) တနင်္ဂနွေကျောင်းသူ ကျောင်းသားများ၏ တူညီ ၀တ်စုံများ၊ သင်ကြားမူ စာအုပ်များ၊ ဆရာ/ ဆရာမများ၏လစဉ် လမ်းစရိတ် စသည်တို့ ဖြစ်သည်။ သင်ထောက်ကူ ပစ္စည်းများ မပါလျှင် တစ်လ မဖြစ်မနေ ကုန်ကျစရိတ် (တစ်သိန်းခွဲ) ခန့် ဖြစ်သည်။
မျှော်မှန်းထားသော ရည်ရွယ်ချက်များ
(၁) နာဂစ်ဒေသခံ ကလေးငယ်များကို ဘာသာရေးစိတ်ဓာတ်ဖြင့် အကြောက်တရားမှ ကင်းဝေးစေရန်၊
(၂) ယိုင်လဲသွားသော ပညာရေးပန်းတိုင်ကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း၊ လူမှုဝန်ထမ်းများက အချိန်မှီ ထူထောင်ရာတွင် အထောက်အကူ ဖြစ်စေရန်၊
(၃) အနာဂတ် နိုင်ငံ ထူထောင်ရာတွင် လိမ်မာ၍ ပညာတတ်သော လူငယ်များ တိုးပွါးလာစေရန်၊ လူမိုက်များ ကင်းဝေးစေရန်၊(အေးချမ်းသာယာ၊ နိုင်ငံတော်သစ်ရဲ့ ဖေါင်ဒေးရှင်း)
(၄) မိမိရပ်ရွာအကျိုး သာသနာအကျိုးကို တိုးတက်သော ခေတ် စံနစ်နှင့်အညီ သယ်ပိုး ထမ်းရွက်နိုင်ရန် ၊
(၅) လူသားချင်း စာနာထောက်ထားခြင်းအားဖြင့် ပညာရေး၊ ဘာသာရေး ချို့ယွင်းနေမှုများအား နိုင်သရွေ့ ထောက်ပံ့ပေးခြင်းဖြင့် သာသနာပြု ကုသိုလ်ထူး ရယူရန် ရည်ရွယ်ပါသည်။
(က) ပညာရေးချို့ယွင်းမှု ဆိုရာဝယ်----------
နာဂစ် ရာသီဥတု ဆိုးရွားမှုကြောင့် စည်းစိမ်များ ပျက်စီး၍ လေ့လာဆဲ ပညာရေး ပန်းတိုင် ပျောက်နေသော ကျောင်းသား ကျောင်းသူများနှင့်၊ ပင်ကိုယ် ဆင်းရဲ၍ ပညာရေး စရိတ် မတက်နိုင်သောကြောင့် ပညာရေးကို ဆက်လက် မဆည်းပူးနိုင်သော ကျောင်းသား/ ကျောင်းသူများကို ဆိုလိုပါသည်။
(ခ) ဘာသာရေး ချို့ယွင်းမှု ဆိုရာဝယ်
မိမိလူမျိုးများအတွင်းမှ ဆင်းရဲငတ်မွတ်မှုကြောင့် အခြားဘာသာဝင်တို့၏ အထောက်အပံ့များကို ရယူကြရ၍ ကျေးဇူးတရားများကို ထောက်ဆကာ အမှန် အမှား မခွဲခြားနိုင်ပဲ လက်တလော စားဝတ်နေရေးကြောင့် ဘာသာခြားအဖြစ်သို့ ကူးပြောင်းရခြင်းဆိုသော ဘာသာရေး ယုတ်လျော့ ချို့ယွင်းမှု၊ အခြားဘာသာဝင်များနှင့် အကြောင်းနီးစပ်ကာ ပေါင်းဖက်ဆုံမိကြရ၍ ယုတ်လျော့နေသော ဘာသာရေးချို့ယွင်းမှု၊ အခြားဘာသာ ၀င်များက မိမိဘာသာကို စိတ်ဝင်စား၍ သော်လည်းကောင်း၊ မိမိဘာသာဝင်များနှင့် အကြောင်းဆုံမက် ပေါင်းဖေါ်မိကြခြင်းကြောင့် ကိုးကွယ်မှု ပြောင်းလိုသော ပုဂ္ဂိုလ်များအားလည်းကောင်း၊ သူတို့၏ဘ၀ လုံခြုံမှုရရှိစေရန် ကာကွယ်ပေးခြင်း၊ ကာကွယ်ပေးနိုင်ရန် ဆိုလိုပါသည်။
ထောက်ပံ့ပေးမည့်အစီအစဉ်များ
မြို့ပေါ်ရပ်ကွက်များတွင် ဆင်းရဲသားမိဘများ များစွာရှိကြသည်။ ထိုမိဘများတွင် ကျောင်းထားနိုင်သည့်အရွယ်ကလေးများ ရှိကြမည်။ ထိုမိဘများထံမှ ကျောင်းနေအရွယ် ကလေးများကို သက်ဆိုင်ရာ အာဏာပိုင်များ၏ အကူအညီကို ရယူကာ ပထမအဆင့်တွင် မူလတန်း အဆင့် (၄)တန်းအထိ ကျောင်းစားရိတ်အားလုံးကို ထောက်ပံ့ပေးမည်။ သို့ရတွင် ထို အထောက်အပံ့ကို ရယူလိုသော မိဘများသည် ဦးဇင်းများ ဦးစီးဖွင့်လှစ်သော တနင်္ဂနွေကျောင်းသို့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ကျောင်းချိန်အမှီ ပို့ဆောင်ပေးရမည်ဟူသော ကတိ ၀န်ခံချက်ကို ရယူမည်ဖြစ်သည်၊ ပေးရမည်ဖြစ်သည်။ ဆိုလိုသည်မှာ တနင်္ဂနွေကျောင်းကို စိတ်ပါဝင်စားလာအောင် ဆွဲဆောင်၍ ဘာသာရေးစိတ်ဓာတ် မြှင့်တင်ပေးလိုသော သဘောဖြစ်သည်။ တနင်္ဂနွေကျောင်းတွင် တက်ရောက်နေကြသော မူလတန်းအရွယ် ကလေးငယ် များ အတွင်းတွင် ဆင်းရဲသားမိသားစုများ ပါဝင်နေ၍ ထိုမိသားစု ထိုကျောင်းသားငယ်၏ ပညာရေး အနာဂတ် ခိုင်မာအောင် တာဝန်ယူ ဆောင်ရွက်ပေးမည်ဖြစ်သည်။
ကျောင်းခွဲများအတွက် ထောက်ပံ့ရေးအစီအစဉ်
မြို့ပေါ်ကျောင်းတိုင်းနှင့် ရွာစဉ် ဘုန်းတော်ကြီးကျောင်းများတွင် ကိုယ်ပိုင် ဖွင့်လှစ်လိုသော ဆရာတော်များအား လိုအပ်သော အင်္ဂလိပ်စာ သင်ကြားမှုပိုင်းဆိုင်ရာ ဆရာ /မ များ၊ သင်ကြားမူ စာအုပ် ၊ စာရွက်စာတမ်းများနှင့် တနင်္ဂနွေကျောင်း တူညီ ၀တ်စုံ များကို၊ လိုအပ်သလို ပံ့ပိုး၊ လေ့ကျင့်သင်ကြား၊ ထောက်ပံ့ပေးခြင်းဖြင့် တနင်္ဂနွေ ကျောင်း ကျယ်ပြန့်စေလိုခြင်းများလည်း ရှိမည်၊ ဤအစီအစဉ်သည် တနင်္ဂနွေကျောင်း နှစ်ပတ်လည် အစီအစဉ်ပြည့်မှ ကျောင်းခွဲဖွင့်ခွင့်ပေးမည်ဖြစ်သည်။ လိုအပ်သည်များကိုလည်း ကျောင်းခွဲများသို့ ပြည့်စုံအောင် ထောက်ပံ့ပေးမည်ဖြစ်သည်။
တနင်္ဂနွေကျောင်း၏ တွဲဖက် အနာဂတ်သာသနာရေးလုပ်ဆောင်ချက်များ
(၁) တနင်္ဂနွေနေ့တိုင်း မြို့ပေါ် ရပ်ရွာရှိ လူငယ်(အနာဂတ် သားကောင်းရတနာ)များအား ယဉ်ကျေးမှု ဆိုင်ရာ ဗုဒ္ဓဘာသာ သင်္ခန်းစာများ ပို့ချပေးခြင်း၊ လက်တွေ့အသုံးချ အင်္ဂလိပ်စာ ဘာသာရပ်များပို့ချပေးခြင်း၊
(၂) ထို ကျောင်းနှင့် တွဲဘက်၍ နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းများ ပို့ချပေးခြင်း။
(၃) လူကြီးများအတွက် လက်တွေ့အသုံးချ ဗုဒ္ဓအဘိဓမ္မာသင်တန်းများ ပို့ချပေးခြင်း၊
(၄) အခါအားလျော်စွာ စာပေဟောပြောပွဲများ စီစဉ်ပေးခြင်း၊
(၅) ၀ိပဿနာ သင်တန်းများ(လူငယ်/လူကြီး) ပို့ချပေးခြင်း တို့ဖြစ်ကြသည်။


သင်တန်းကျောင်း ဖြစ်ပေါ်ခြင်း၏ အခြေခံ အကြောင်းအရင်းများ
ဗုဒ္ဓမြတ်စွာသည် သတ္တ၀ါတို့၏ ချမ်းသာဖို့အကျိုးငှာ ပွင့်တော်မူလာသည်။ ချမ်းသာ ဟု ဆိုရာတွင် နောက်ဘ၀ရောက်မှ ရရှိမည့် ချမ်းသာမျိုးသာမက ဤဘ၀တွင်ပင် ရနိုင်သော ချမ်းသာမျိုးလည်း ပါဝင်သည်။
ခေတ်လူအချို့က ဗုဒ္ဓမြတ်စွာ၏ တရားတော်သည် ဟိုဟာမလုပ်ရ၊ သည်ဟာ မလုပ်ရ ဟူသော ပညတ်ချက်တွေကြောင့် လူကို မတက်ကြွစေဘဲ ထုံထိုင်း ဖျင်းအ အောက်ကျ နောက်ကျဖြစ်စေသည် ဟု ယူဆ၍ တိုင်းပြည်ထူထောင်ရာတွင် ဗုဒ္ဓတရားတော်ကို ကြဉ်ဖယ်လိုကြသည်။
ထိုသူတို့အား ဗိမ္ဗိသာရမင်း၊ ဓမ္မာသောကမင်း၊ ဒုဋ္ဌဂါမဏိမင်း တို့နှင့် သီဟ စစ်သူကြီး ၊ မင်းကြီးရန်နောင်စသော ဗုဒ္ဓဘာသာခေါင်းဆောင်တို့ကို ညွှန်ပြလိုပါသည်။
ဗိမ္ဗိသာရမင်း။ ။ ဗိမ္ဗိသာရမင်းသည် မိမိကိုယ်တိုင် သောတာပန်ဖြစ်ပြီးလျှင် ဘုရားရှင်ကို ဝေဠုဝန်ကျောင်း ကျောင်းတော်တွင် ကိုးကွယ်ကာ ကြီးစွာသော စစ်တပ်ဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပါသည်။
ထိုမင်းလက်ထက်တွင်
(က) သူပုန်ထသောကြောင့် စစ်တပ်ကိုလွှတ်ရသောကိစ္စ
(ခ) သူပုန်အနှိမ်သွားခါနီးမှ ရဟန်းပြုကြသောစစ်သားအချို့၏ မတရားမှုကြောင့် ဥပဒေပြုရသောကိစ္စ၊
(ဂ) အခါကြီး နေ့ကြီးများတွင် သားငါးမသတ်ရ ဟု ကြွေးကြော်ရသောကိစ္စ၊ဤကိစ္စကို ထောက်ထား၍ နေ့ကြီး ရက်ကြီးမဟုတ်သောနေ့များတွင် သားငါးနှင့် စပ်၍ ဖြစ်ပုံကို စဉ်းစားနိုင်သည်၊ ဤကိစ္စများဖြစ်ခဲ့ရသည့် အပြင်
(ဃ) တရားသူကြီးတို့က ရာဇ၀တ်သားကို တံကျင်လျှို၍ သတ်ရမည် ဟု အမိန့်ချသောကြောင့် ကာက၀လ္လိယဇာတ် ဟု သိနေကြသော ကာဠ ၀ဠိယ ဇာတ်လည်း ထိုဗိမ္ဗိသာရမင်း၏ လက်ထက်မှာပင် ဖြစ်ခဲ့ရသည်။
ဒုဋ္ဌဂါမဏိမင်း။ ။ ဒုဋ္ဌဂါမဏိ အဘယမင်းကား မိမိကိုင်နေကျ လှံထိပ်ဝယ် ဗုဒ္ဓမြတ်စွာ၏ ဓာတ်တော်ကို ဌာပနာထားလေသည်။ ထိုမင်းသည် သာသနာ့အဆောက်အအုံတွေကို ဖျက်စီးနေသော သာသနာ့ ရန်သူများကို စစ်ထွက်ကာနီးဝယ် အရွယ်ကောင်းသော ရဟန်းတော်ငါးရာတို့ကို ပင့်၍ သွားလေသည်။ ထိုအခါတွင် အမြဲ အဓိဋ္ဌာန်သော ဆောင်ပုဒ်ကား
ငါ့တွက်များမြောက် ချမ်းသာရောက်ဖို့
ခုလောက်ကြိုးကုတ် အားမထုတ်ဘူး၊
ဗုဒ္ဓမြတ်စွာ သာသနာ၏
ရှည်ကြာအဓွန့် ရောင်လျှံကွန့်ဖို့
စွန့်စွန့်စားစား ငါကြိုးစားသည်
ငါ့အားစိတ်ဝယ် အမြဲတည်း။
ဓမ္မာသောကမင်း။ ။ ဓမ္မာသောကမင်းကား ဗုဒ္ဓတရားတော်ကို ယုံကြည်၍ သာသနာပြုမင်းဖြစ်သော အခါ လူနှင့်ဆိုင်သော ကိုယ်ကျင့်တရားကို အနှံ့အပြား ကျောက်တိုင်စိုက်စေပြီးခါမှ တိုင်းပြည်အုပ်ချုပ် ရာဝယ် ရှေးကထက် လွယ်ကူကြောင်းကို တွေ့ရပါသည် ဟု ဆိုသည်။
စစ်သူကြီးနှင့် မင်းကြီး။ ။ သီဟ မည်သော စစ်သူကြီးကား မိမိက သောတာပန်ဖြစ်သော်လည်း စစ်သေနာ ပတိအဖြစ်ဖြင့် စစ်တပ်ကို ဦးစီး ခဲ့ပါသည်။ မင်းကြီးရန်နောင်၏ သာသနာဖျက် သူပုန်မင်းကို ဘာသာဝင် မူးမတ်များနှင့်အတူ နှိမ်နှင်း၍ ဗုဒ္ဓဘာသာကို ကယ်တင်ခဲ့ခြင်းမှာလည်း ရာဇ၀င်အထင်အရှားပင်ဖြစ်သည်။
ဤသို့ ရှေးဗုဒ္ဗဘာသာဝင်တို့၏ တိုင်းပြည်အုပ်ချုပ်၍ အလုပ် လုပ်ပုံကို လေ့လာကြည့်သောအခါ ရှေးရှေး ဓမ္မသတ်ဥပဒေအတိုင်း အုပ်ချုပ်ရာတွင်လည်းကောင်း၊ ကယ်တင်မှု လုပ်ရတွင်လည်းကောင်း၊ ဗုဒ္ဓဘာသာက အနှောက်အယှက် မပေးခဲ့ကြောင်းကို တွေ့ရပါသည်။
ခေတ်လူငယ်အချို့ကား ဗုဒ္ဓတရားတော်သည် လောကီဘက်က တိုးတက်နေသော ယခု ကမ္ဘာဝယ် လိုက်မမှီနိုင်တော့ဟု ယူဆကြ၏။ ဗုဒ္ဗမြတ်စွာ၏ တရားတော်တွင် မည်သည့် တရားတော်က လောကီကြီးပွါး ရေးကို တားမြစ်ပါသနည်း။ မင်္ဂလာတရားဟူသည် ခုဘ၀ နောက်ဘ၀ နှစ်ဌာနလုံးတွင်ပင် ကြီးပွါးချမ်းသာကြောင်း တရားဖြစ်ပါသည်။။ ထိုမင်္ဂလာတရားတော်တွင်
(က) ဗာဟုဿစ္စဉ္စ-အကြားအမြင် အတွေ့အကြုံ များရခြင်း ဟု ပါရှိသည်။ ယခုခေတ် သုတေသန လုပ်ခြင်းမျိုးပင် ဖြစ်ပါသည်။ ထို ဗာဟုဿစ္စဉ္စ မင်္ဂလာသည် မည်ရွေ့မည်မျှသော သုတေသန လုပ်ရမည်ဟု ကန့်သက်ချက် မရှိရကား သုတေသန လုပ်ရာတွင် ခေတ်အလိုက် ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ကြောင်း သိသာပါသည်။ ထို့ကြောင့် ယခုအခါတွင် ကောင်းကင်သို့ ဂြိုလ်တု လွှတ်၍ သုတေသနပြုခြင်း၊ မြေရေ တို့တွင် သုတေသနပြုခြင်းများသည် ဗာဟုဿစ္စဉ္စ မင်္ဂလာပေတည်း။
(ခ) သိပ္ပဉ္စ-သိပ္ပံပညာ အဖြာဖြာကိုတက်ရခြင်း ဟုလည်း ပါရှိသည်။ ထို သိပ္ပံပညာတက်မြောက်ခြင်း မင်္ဂလာသည်လည်း မည်သည့်သိပ္ပံပညာဟု ပိုင်းခြား ကန့်သက်ချက်မရှိ၊ ခေတ်အလိုက်ပေါ်ပေါက်လာသော ပညာအရပ်ရပ်ကိုပင် တက်မြောက်ရခြင်း ဟု ဟောတော်မူလိုရင်ပင် ဖြစ်သည်။
ဗုဒ္ဓ မြတ်စွာတရားတော်သည် လောက ကြီးပွါးရေးကို မတားမြစ်သည့်အပြင် စနစ်တကျ အားပေးသော တရားဖြစ်ကြောင်းကို ဗုဒ္ဓ၏ ကြီးပွါးရေးနှင့်ပက်သက်သော တရားတော်တို့ကို လေ့လာခြင်းအားဖြင့် သိနိုင်ပါသည်။
ထိုကဲ့သို့ ယခုဘ၀ကြီးပွါးရေးကို အားပေးရုံသာမက သတ္တိနှင့် ဇွဲကိုလည်း အမြဲအားပေးရာ ရောက်ပါသည်။ ထင်ရှားစွာ ပြရမည်ဆိုလျှင်- ဗုဒ္ဓတရားတော်များတွင် အလောင်းတော်ဘ၀တုံးက (အများသိဖြစ်သော မဟောသဓာတို့လို ဘ၀တုံးက) မကြောက်မရွံ့ ရဲဝံ့သောသတ္တိ၊ နောက်မဆုတ်သော လုံ့လ ၀ီရိယဇွဲတို့ကို ကြားဖူးနေရသောကြောင့်လည်းကောင်း၊ အမရာဒေ၀ီ မဒ္ဒီမိဖုရားတို့လိမ္မာပုံ၊ သတ္တိရှိပုံကို ကြားနေရသောကြောင့်လည်းကောင်း၊ ထိုအလိမ္မာ ထိုသတ္တိများ ကူးစက်နေရကား ဗုဒ္ဗဘာသာဝင် အမျိုးသား အမျိုးသမီးတို့တွင် အလိမ္မာနှင့် ဇွဲသတ္တိမှာ အခြားဘာသာဝင်များထက် များသော အားဖြင့် သာတက်ပါသည်။
ဗုဒ္ဓဘာသာဝင်တို့၏ အားအရဆုံးသတ္တိကား အကောင်း အဆိုး လောကဓံနှစ်မျိုးနှင့် တွေ့ကြုံလာလျှင် ခံနိုင်ခြင်း၊ သေရမည်ကို လွန်လွန်ကဲကဲ မကြောက်တက်ခြင်းတည်း။ ထိုသို့ သတ္တိရှိခြင်း မှာလည်း မိမိတွင်ရှိသော သီလ ဒါနတို့ကို အားကိုးသည့်အပြင် အားလုံး အရာဝတ္ထု ရုပ်နာမ်အစုသည် ပျက်စီးရမည့် အနိစ္စတရားချည်းသာ ဖြစ်၏ ဟု ကြားသိနေရသော မိရိုးဖလာဘာဝနာကြောင့်လည်းဖြစ်သည်။
ဤသို့လျှင် ဗုဒ္ဓဘာသာဝင်ဖြစ်သူသည် တရားပြည့်ဝလေ သတ္တိထက်လေဖြစ်၍ ဗုဒ္ဓတရား တော်သည် အလျော့ဘက် အပျော့ဘက်ကို အားမပေးဘဲ စာရိတ္တနှင့်တကွ အတင်းဘက် အတိုးဘက်ကိုသာ အားပေးပါသည်။
သို့ပါလျက် ဗုဒ္ဓ၏အလိုတော်ကို မသိသောလူအများသည် မိခင်ဖြစ်သော ဗုဒ္ဓတရားတော်ကို ကျော်၍ ဒွေးတော်ဝါဒတို့ဖြင့် လွတ်လပ်ပြီး နိုင်ငံကို ထူထောင်လာခဲ့ကြရာ ယခုတိုင်အောင် အသားမကျသေးဘဲ စာရိတ္တပျက်မှုတည်းဟူသော ဆူးငြောင့်တွေသာ ပြန့်ကြဲနေပါတော့သည်။
ထို့ကြောင့် နိုင်ငံကိုထူထောင်ထိန်းသိမ်းရာဝယ် အထောက်အကူရပါစေတော့ ဟု သဘောထား၍ ကြီးမားသော အမျှော်အမြင်ဖြင့် စီစဉ် ရေးသားထားအပ်သော ဆရာတော် အရှင်ဇနကာဘိဝံသ၏ ကျမ်းစာ အမှတ်(၂၆) ဗုဒ္ဓဘာသာ သင်္ခန်းစာကို အမှီပြု၍လည်းကောင်း၊ သီဟိုဠ်(သီရိလင်္ကာ)နိုင်ငံ၏ လူငယ်များအပေါ် (နိုင်ငံ့သားကောင်းရတနာများအပေါ်) ဘာသာရေးအုတ်မြစ် ခိုင်မာအောင် စွမ်းဆောင်နိုင်ကြသော သီဟိုဠ်သံဃာတော်များ၏ Sunday School တည်ထောင်နည်းစံနစ်၊ သင်ကြားပုံနည်းစံနစ်များကို အခြေခံ၍လည်းကောင်း ဤ တနင်္ဂနွေကျောင်းကို ဖွင့်လှစ်နိုင်အောင် ကြိုးစားခဲ့ခြင်းဖြစ်ပါသည်။
ဘ၀ထိုထို တောင်းဆု ဆိုစကား
ဤကဲ့သို့ ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ်ပိုင်သာသနာပြု လုပ်ငန်း အစစ်အမှန်ကို ပြုလုပ်ရသော ကုသိုလ်ကံ စေတနာကြောင့် ယခုဘ၀မှ စ၍ နိဗ္ဗာန်မရောက်မီ ဘ၀ ကာလအတွင်း မြတ်စွာဘုရားရှင် အထူး ချီးမွန်း၊ အားပေး၊ ကိုယ်တိုင်လည်း စွမ်းစွမ်းတမံ ပြုလုပ်တော်မူခဲ့သော ပရဟိတ(အများအကျိုးဆောင်ရွက်ခြင်း) လုပ်ငန်းကို ကိုယ်ကျိုးမဖက်၊ သက်သက်သော စေတနာဖြင့် ဘ၀ဆက်တိုင်း ဆောင်ရွက်ခွင့် ရပါလို၏။ ဆောင်ရွက်တိုင်းလည်း သူတော်ကောင်းများ၏ အထောက်ပံ့ကို ရရှိကာ လုပ်ငန်းတိုင်းကို အောင်မြင်စွာ ပြုလုပ်ခွင့်ရပါလို၏။ ထင်ပေါ် ကျော်ကြားလာမည့် ဂုဏ်ပကာသနကို အရင်းမှီ၍ ပေါ်ပေါက်လာသော မာနတရား ကင်းဝေးရပါလို၏။ ကလေးငယ်၊ ကျောင်းသားငယ်တို့အပေါ်ဝယ် ထားရှိသော စေတနာ မေတ္တာတရား၊ တိုင်းပြည်နှင့် လူမျိုးအပေါ် ထားရှိသော မေတ္တာ ဂရုဏာတရားများ တိုးပွါးရပါလို၏။ တိုင်းသူပြည်သားများအား တရားသော မင်း စောင့်ရှောက်ပါစေ။ စီးပွါးရေးလုပ်ငန်းများလည်း အောင်မြင် တိုးတက်ကြပါစေ။ ပကတိစိတ်အေးချမ်းမှု လမ်းစဉ်ကို ကောင်းစွာ ညွှန်ပြ ဆိုဆုံးမထားသော ဗုဒ္ဓမြတ်စွာ သာသနာသည်လည်း တည်တံ့နိုင်သရွေ့ တည်တံ့နိုင်ပါစေ။
မျိုးချစ်စိတ်ဓာတ် အမှန်စကား ဆိုရပါမူ
ဒို့ဘိုး ဒို့ဘွား၊ ဒို့မျိုးများက၊ ဒို့သွေး ဒို့သား၊ ဒို့မျိုးများအတွက်၊ ကျောင်းကန် ဘုရား၊ စေတီများနှင့်၊ ကိုးကွယ်ဖို့ရာ၊ သာသနာကို၊ ကောင်းစွာစဉ်ဆက် ပေးအပ်ခဲ့၊ ကောင်းစွာစဉ်ဆက်ပေးအပ်ခဲ့၍၊ ဒို့လက်ရောက်လာ ဒို့ဘာသာကို၊ ညီညာဖြဖြ စောင့်ထိန်းကြမှ အမျိုးဘာသာ သာသနာသည်၊ ကောင်းစွာတည်တံ့ နိုင်လိမ့်သတည်း၊

သာသနာချစ်စိတ်ဓာတ် ထက်သန်တော်မူကြသည့် ရဟန်းတော်များ ဦးစီး ဖွင့်လှစ်သည့် အနာဂတ် သားကောင်း ရတနာများ ပေါ်ထွက်စေသော တနင်္ဂနွေကျောင်း ကုသိုလ်စစ် လုပ်ငန်းကို တည်ထောင် ဖန်းဆင်းခြင်းဆိုသော သာသနာပြုလုပ်ငန်းတွင် ပါဝင်ကုသိုလ် ပြုလိုပါလျှင်-----
(၁) တူညီ ကျောင်းဝတ်စုံ အစုံရေ-၅၀၀ (နှစ်ဆယ့်ငါးသိန်း) ၅၀၀၀-နှုန်း
(၂) ဗုဒ္ဓဘာသာ သင်္ခန်းစာ စာအုပ်များ အုပ်ရေ-၅၀၀ ၂၅၀၀၀၀(နှစ်သိန်းခွဲ) ၅၀၀-နှုန်း
(၃) အင်္ဂလိပ်စာ သင်င်္ခန်းစာ စာအုပ်များ အုပ်ရေ-၅၀၀ (ဆယ့်ငါးသိန်း) ၃၀၀၀-နှုန်း
(၄) စာရေးကိရိယာများ(ဗလာစာအုပ်၊ခဲတံ) အစုံရေ-၅၀၀ (တစ်သိန်း) ၂၀၀-နှုန်း
(သီးသန့် စာအုပ် တစ်အုပ်ချင်း၊၀တ်စုံ တစ်စုံချင်း ဓမ္မဒါနကုသိုလ်ကိုလည်း နိုင်သရွေ့ ပြုနိုင်မည်)
လစဉ်ကုန်ကျစရိတ်အတိုင်း လှူဒါန်းလိုလျှင်
(၁) တနင်္ဂနွေကျောင်းနှင့် တွဲဖက်၍ ဖွင့်လှစ်သော အဘိဓမ္မာ သင်တန်း၊ ယဉ်ကျေးမှု သင်တန်း၊ အင်္ဂလိပ်စာ သင်တန်းများ၏ ကုန်ကျစရိတ် အပါအ၀င် ၂ သိန်း ခန့်ဖြစ်သည်။

မှတ်ချက်။ ။ လစဉ် အသုံးစရိတ် ကုန်ကျမှု ရှင်းတမ်းများကိုလည်းကောင်း ရရှိသော အလှူငွေ စာရင်းများကိုလည်းကောင်း သက်ဆိုင်ရာ ကျောင်းအုပ် ဆရာတော်နှင့် တာဝန်ခံဆရာတော်များထံတွင် လျှောက်ထား မေးမြန်း၍ ကုသိုလ် ယူနိုင်ပါသည်။

ဆက်သွယ်လှူဒါန်းနိုင်ရန် လိပ်စာများမှာ-----
ဘဒ္ဒန္တတေဇနိယ (ဒု-နာယက ဆရာတော်) မင်္ဂလာမှန်ကျောင်း၊ ဓမ္မိကာရုံ(ဒွါရ)ကျောင်းတိုက်၊ ဘိုကလေးမြို့။
ဦးဓမ္မကိတ္တိ (ကျောင်းအုပ်ဆရာတော်)ဇေယျဝတီကျောင်း၊ ဓမ္မိကာရုံ(ဒွါရ)ကျောင်းတိုက်၊ ဘိုကလေးမြို့။
အရှင်ပဏ္ဍိတ (ပညာရေးတာဝန်ခံဆရာတော်၊ (096819286) ။ ။ ။
ဦးတင်မောင်ပြုံး (ဘဏ္ဍာရှာဖွေရေးမှူး) ၊ အမှတ်(၄၂)ရွှေဝါထွန်းလမ်း(၂)ရပ်ကွက်၊ ဘိုကလေးမြို့။
ဖုန်းနံပါတ်။ ။ ၀၄၅-၄၅၂၂၁ (ဦးတင်မောင်ပြုံး) ၀၄၅၄၅၁၀၈ ( ဆရာတော်များ၊ ဓမ္မိကာရုံကျောင်း၊)

တနင်္ဂနွေကျောင်းဖြစ်မြောက်ရေးအဖွဲ
တနင်္ဂနွေလူငယ်များအသင်း
ဘိုကလေးမြို့။
သင်တန်းအခြေအနေအားလုံးကို အတိုချုပ် တင်ပြခဲ့ချင်ပါတယ်။ ယခုဆိုရင် နွေရာသီ သင်တန်းနှင့် Sunday School သင်တန်းဟာ Summer Course နှင့် ပေါင်းပြီး သင်တန်း ဆင်းထားခဲ့ပါတယ်၊ ခဏ နားထားရပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်များနဲ့ ညှိုနှိုင်းခြင်း၊ ပညာရေးမှူးများနှင့် တိုင်ပင်ခြင်းနဲ့ Sunday School ၏ long term Project ကို ထူထောင်ခြင်း၊ လိုအပ်သည့် Fund များကို ရှာဖွေခြင်း၊ အရေးကြီးဆုံးလိုအပ်ချက်မှာ သက်ဆိုင်ရာ သင်တန်းဖွင့်မည့်ကျောင်းမှ ဆရာတော်၏ ရေရှည် ခွင့်ပြုချက်ကို တိုင်ပင် လျှောက်ထားနေ၍ ဖြစ်ပါတယ်။ နောက်ပြီး နိုင်ငံရေးအခြေအနေ၏ မရေရာသော အနာဂတ်ကို ရင်ဆိုင်ရင် စွမ်းအား နည်းနေခြင်းကိုလည်း ၀န်ခံအပ်ပါတယ်။ ကျောင်းများကိုလည်း တစ်ပတ် ခြောက်ရက် သင်မည်ဆိုသော Order ကိုကြားသိရခြင်းကြောင့် Sunday School အတွက် လက်တလော အခြေအနေ ခဏ ရပ်ထားရခြင်းဖြစ်ပါတယ်။ ၀ါကျွတ်ကာလ မှာ လုပ်ငန်းအားလုံးကို လည်ပတ်နိုင်အောင် အထူးကြိုးစား ဆောင်ရွက်နေပါတယ်။ သင်တန်းကာလ အစမှ အဆုံးတိုင် ကုန်ကျစားရိတ်ဟာ ၃၆ သိန်းဝန်းကျင်ဖြစ်ပါတယ်။ မြို့ခံအင်အားအနေနဲ့ ထောက်ပံ့လှူဒါန်းငွေ ဟာ ဆယ့်သုံးသိန်း ကျော်ဖြစ်ပြီး၊ ကျန်ငွေများကို ကိုယ်ပိုင်ငွေ၊ ပက်သက်ရာ ရဟန်းဒါယကာ ဒါယိကာမများငွေဖြင့် (မည်သည့် NGO အဖွဲ့အစည်းများ၏ ထောက်ပံ့ငွေမျှ မပါသေးဘဲ) သင်တန်းကိုအောင်မြင်စွာ ခေတ္တ အဆုံးသတ်နိုင်ခဲ့ပါတယ်။ စာရင်း အသေးစိတ်များကိုလည်း သက်ဆိုင်ရာ လိပ်စာများ ပါအတိုင်း စုံစမ်း မေးမြန်းခြင်း ကုသိုလ် ရယူနိုင်ပါတယ်။ ရှေ့ဆက်သွားမယ့် Sunday School လုပ်ငန်းအတွက် လစဉ် ကုန်ကျစားရိတ်၊ သင်တန်းသားအားလုံး၏ သင်ကြားမူ စာအုပ်၊ သင်ထောက်ကူပစ္စည်းများ လုပ်ငန်းဖေါင်ဒေးရှင်း အတွက် ထာဝရ ငွေပဒေသာပင်များကိုလည်း Sunday School Project တွက် လူသားအကျိုးပြု လုပ်ငန်း လုပ်ဆောင်နေကြသော မည်သည့် NGO အဖွဲ့အစည်းများမှ မဆို အကူအညီ ပေးနိုင်ကြောင်းကိုလည်း အထူး အလေးအနက် ၀န်ခံ တောင်းဆိုအပ်ပါတယ်။
သင်တန်းကာလရဲ့ အသေးစိတ် မှတ်တမ်းများကိုလည်း တောင်းခံ၊ ကြည့်ရှု့၊ ကုသိုလ် ပွားနိုင်ပါတယ်။
အရှင်ပဏ္ဍိတဘိက္ခု (Sunday School) ပညာရေးတာဝန်ခံ

Template by : kendhin x-template.blogspot.com