Sunday, December 7, 2008

စပ်မိစပ်ရာ အတွေးများ…(၂)

စာမေးပွဲနီးနေတာနဲ့ post တွေ မရေးဖြစ်ဘူး၊ သက်ဆိုင်သူများကလည်း အသစ် ဖတ်ချင်နေတော့ လင်္ကာ ကျောင်းသား နောင်တော်တစ်ပါးထံက ကောင်းနိုးရာရာ လေးကို ကော်ပီကူး ဖေါ်ပြပေးလိုက်တယ်နော်။

ထိုဆင်တော်ကိုလှူခြင်းကြောင့် သိဝိပြည်သူတို့သည် အမျက်ထွက်ကုန်၍ စည်းဝေး ကြပြီးလျှင်ဝင်္ကဘာတောင်သို့ သွားလော့ ဟု မိမိတို့ နိုင်ငံမှ နှင်ထုတ်ကြကုန်၏။


ထိုသိဝိပြည်သူတို့ နှင်ထုတ်ကုန်သည်ရှိသော် (ငါသည်) မတုန်မလှုပ် မတွန့် မတို သောအလှူကြီးကို ပေးလှူရန် တစ်ခုသော ဆုကို တောင်းပန်၏။


သိဝိပြည်သူအားလုံးတို့သည် ငါတောင်းပန်အပ်သည်ဖြစ်၍ ငါ့အား ဆုတစ်ပါးကို ပေးကုန်၏။ ထိုအခါ ငါသည် အလုံးစုံသော အလှူစည်ကို ကြွေးကြော်တီးခတ်စေ ၍ အလှူကြီးကို ပေးလှူ၏။

ထိုသို့ပေးလှူသော အလှူကြောင့် ဤမင်းကို နှင်ထုတ်ကုန်၏။ ဤမင်းသည် ယခုတဖန်အလှူကို လှူပြန်၏ ဟု အလှူပေးရာ အရပ်၌ အုတ်အုတ်ကျက်ကျက် ကြောက်မက်ဖွယ် ကြီးစွာသော အသံသည် ဖြစ်လေ၏။

ထိုအခါ ငါသည် ဆင်ကို လည်းကောင်း မြင်းတို့ကိုလည်းကောင်း၊ ရထားတို့ကိုလည်းကောင်း ပေးလှူ၍ ကျွန်ယောက်ျား ကျွန်မိန်းမ နွား ဥစ္စာ ဟူသော ကြီးစွာသော အလှူကိုပေးလှူပြီးလျှင် မြို့မှ ထွက်ခဲ့၏။ (ဝေဿန္တရ စရိယ)


ဝေဿန္တရာ မင်းကြီးကို ပြည်သူပြည်သားတို့က နှင်ထုတ် ကြပုံပါ။ ဘယ်နှယ်…ဝေဿန္တရာ မင်းကြီးရယ်။ တစ်ချက်လွှတ် အမိန့် တော်ပိုင်ဆိုင်တဲ့ သက်ဦးဆံပိုင် ဘုရင်တစ်ပါး ဖြစ်ပါလျက် ပြည်သူတွေကို မနှိပ်ကွပ်။ ပြည်သူ့အလိုလိုက်..တိုင်းပြည်မှ ထွက်ခွါပေးပါသတဲ့။ ဆူပူအုံကြွတဲ့ ပြည်သူတွေကို နှိပ်ကွပ် ဖို့ ဥပဒေ ပုဒ်မ များမရှိ၍လော၊ နန်းရင်ပြင်ဝယ် ကြွေးကြော်ဟစ်အော်နေတဲ့အဖျက်သမားများကို ခြေမှုန်းဖို့ စစ်တပ်ကြီးများ မရှိ၍ လော…….

.သက်ဦးဆံ ပိုင် ဘုရင်တစ်ပါး ဖြစ်လျက် နှင့် ပြည်သူ နှင်ထုတ်လို့ ထွက်တော်မူရတယ်လို့။ ညံ့ရန် ကော ဝေဿန္တရာ ရယ်……စိတ်ထဲက ဘ၀င်မကျလှ။

ဒါနဲ့စာအုပ်တွေ ကို ဟိုမွေဒီရှာ ကြည့်တယ်။ နောက်ဆုံးတော့ ဘ၀င်ကျစရာ စာတစ်ပုဒ်သွားတွေ့တယ်..။ အဲဒါက..

ဒါနံ သီလံ ပရိစ္စာဂံ၊ အဇ္ဖ၀ံ မဒ္ဒ၀ံ တပံ။
အက္ကောဓနံ အ၀ိဟိံ သဉ္စ၊ ခန္တိဉ္စ အ၀ိရောဓနံ။
ဣစ္စေတေ ကုသလေ ဓမ္မေ၊ ဌိတေ ပဿာမိ အတ္တနိ။
တတောမေ ဇာယတေ ပီတိ၊ သောမနဿဉ္စ နပ္ပ က န္တိ။ (ဇာ.၂.၂၁. ၁၇၆-၁၇၇)


၁။ ဒါန - လှူဒါန်းခြင်း၊

၂။ သီလ- ငါးပါးသီလ၊ ၁၀ ပါးသီလ ကိုဆောက်တည်ခြင်း။

၃။ ပရိစ္စာဂ- ပေးကမ်းချီးမြှောက် ထောက်ပံ့ခြင်း။

၎။ အဇ္ဖ၀ - စိတ်နှလုံး ဖြောင့်မတ်ခြင်း။

၅။ မဒ္ဒ၀ - ကိုယ်နှုတ်တို့ နူးညံ့ သိမ်မွေ့ခြင်း။

၆။ တပ - တပ အကျင့်ကိုကျင့်ခြင်း.(.ခြိုးခြံခြင်း)

၇။ အက္ကောဓန - မေတ္တာ ရှေ့ထား အမျက်မပွါးခြင်း။

၈။ အ၀ိဟိံသ - တိုင်းသူပြည်သားများကို မညှင်းဆဲခြင်း။

၉။ ခန္တီ - သည်းခံခြင်း။

၁၀။ အ၀ိရော ဓန - တိုင်းသူပြည်သားတို့နှင့် မဆန့်ကျင်ခြင်း။

ဟုတ်ပါပီ။ ဒါကမင်းကောင်းမင်းမြတ်တို့ လိုက်နာကျင့်ဆောင်တဲ့ မင်းကျင့်တရား (၁၀)ပါး။ နောက်ဆုံး ..အ၀ိရောဓန ဆိုတဲ့ အဆုံအမ က တိုင်းသူပြည်သားတို့ရဲ့ အလိုနဲ့မဆန့်ကျင်ခြင်း…..တဲ့။ ကိုယ်လုပ်တာ မှန်နေလျက်နဲ့ ပြည်သူအလိုနဲ့မဆန့်ကျင် လို၍ လိုက်လျောခြင်းပါလား။ ၀င်္ကဘာတောင်သို့ ကြွချီခြင်းဟာ….မင်းကျင့်တရား နှင့် အညီပါတကား ဟု ဘ၀င်ကျရပါတယ်။

ဒီနေရာမှာ မှား မှန်တာ ကို မပြော။ သူမှန်တယ်..ငါမှန်တယ် လို့လည်း အငြင်းမပွါး။ ဝေဿန္တရာမင်း ကြီးဟာ သူယုံကြည်တာကို လုပ်ခဲ့တယ်။ အလှူပေးတဲ့အတွက် နှင်ထုတ်ခံရတာတောင် သူ့ယုံကြည်ချက်ကို မစွန့်လွှတ်။ ထွက်တော်မူ နန်းက ခွါဆဲဆဲ အလှူကြီး ထပ်ပေးလိုက်ပြန်ပါတယ်။ တရားစောင့်တဲ့ သူကို တရားကပြန်လည်စောင့်ရှောက်တယ် ဆိုတဲ့ စကားနဲ့အညီ နောက်ဆုံးတော့..ပြည်သူတွေက ဝေဿန္တရာမင်းကြီးကို ၀န်ချ။ ပြည်တော်ပြန် နန်းစံရန် တောင်းပန်ကြပြန်တယ်။ ဟုတ်တာပေါ့..တရားစောင့်တဲ့မင်းကို ပြည်သူတွေက အသဲနှလုံးထဲက ချစ်မြတ်နိုးကြမည်ပေါ့။ ဒါမှ သာယာဝပြောတဲ့ တိုင်းနိုင်ငံအဖြစ် ပြည်ထောင်များအလယ် ၀င့်ကြွားနိုင်မှာကိုး။


ရဟန်းတို့ ဘုရင်မင်းတို့ တရားမစောင့်သောအခါ မှူးမတ်တို့သည်လည်း တရားမစောင့်ကုန်၊ မှူးမတ်တို့ တရားမစောင့်သောအခါ ပုဏ္ဏား သူကြွယ်တို့လည်းတရားမစောင့်ကုန်၊ ပုဏ္ဏား သူကြွယ်တို့ တရားမစောင့်သောအခါ နိဂုံး ဇနပုဒ် နေသူတို့လည်းတရားမစောင့်ကုန်……………..၊
မင်းတရားမစောင့်သည် ဖြစ်အံ့ ..တစ်နိုင်ငံလုံး ဆင်းရဲရ၏။

အပြန်အလှန်အားဖြင့်…အောက်ပါအတိုင်းတွေ့ရပါတယ်။

ရဟန်းတို့…ဘုရင်မင်းတို့..တရားစောင့်သောအခါ..မှူးမတ်၊ပုဏ္ဏား သူကြွယ်၊ နိဂုံး ဇနပုဒ်..နေသူတို့လည်း တရားစောင့်ကုန်၏။ …………………….မင်းတရားစောင့်သည် ဖြစ်အံ့..တစ်နိုင်ငံလုံးချမ်းသာရလေသတည်း။(အဓမ္မိက သုတ်)
တိုင်းပြည် ကြီးပွါး ဆုတ်ယုတ်ခြင်းက မင်း တရားစောင့်ခြင်း တရားမစောင့်ခြင်း နဲ့ အဓိက သက်ဆိုင်ပါကြောင်း…ပိဋကတ်တော်လာအဆိုအမိန့်များပါ။ အခြား သော တိုင်းပြည် တိုးတက်ကြီးပွါးရေးနှင့် စပ်ဆိုင်တဲ့ အဆုံးအမ များလည်းမြောက်များစွာ ရှိပါဦးမယ်။
ဘုရားဟော အဆုံးအမ များသည် တိုင်းပြည်ထူထောင်ရေးနှင့် လားလားမျှ မပတ်သက်ဟု အဘယ်သူပြောနိုင်အံ့နည်း။.

တစ်ချို့ကဆိုကြတယ်။ ဗုဒ္ဓဘာသာ အဆုံးအမများက လက်တွေ့အကောင်အထည်ဖေါ်ရန်မလွယ်။ လူ့ဘောင်လူ့လောက သာယာဝပြောဖို့အတွက်..သတ်တန် သတ်.ဖြတ်တန်ဖြတ်ရတယ်။ ဒါကြောင့် လက်တွေ့ အသုံးမကျ..ဟု တစ်ချို့က ဆိုကြတယ်။ ရေးသားဖြန့်ဝေကြတယ်။ ထိုသူများက ဗုဒ္ဓစာပေကို အဘယ်ဆရာထံ နည်းခံ၍ ဘယ်နည်းဘယ်ပုံ သုသေတနပြုထားခဲ့တယ်ဟု မဖေါ်ပြထား။ အကယ်၍ ထိုသူ၏ အယူအဆ အတိုင်းသာ သင်ယုံကြည်ပါမူ….

အရိယာ သောတာပန် ဗိမ္ဗိသာရ မင်း တိုင်းပြည်အုပ်ချုပ်ပုံ ၊ သီဟ စစ်သူကြီး မင်းအမိန့်နာခံ စစ်တပ်ကွပ်ကဲပုံ နှင့် ဘုရားရှင်ရဲ့ ခမည်းတော် သုဒ္ဓေါဒန ဘုရင်ကြီး ရာဇပလ္လင်ထက် ထီးဖြူအောက် ပရိနိဗ္ဗာန်စံ ၀င်တဲ့ဖြစ်ရပ်များက အဓိပ္ပါယ်မရှိ.ယုံတမ်းစကားတွေ ဟု ထပ်ဆင့် ယူဆရန်သာ ရှိပါကြောင်း……

0 comments:

Template by : kendhin x-template.blogspot.com